သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားဖွယ် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးသစ်


 ပြည်ထောင်စု လွတ်တော် (MOI)
ပြည်ထောင်စု လွတ်တော် (MOI)

နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီးအဖြစ် သံတမန်ဟောင်း ဦးကျော်တင့်ဆွေကို ခန့်အပ်တာဝန်ပေးဖို့ ဒီကနေ့ ပြည်ထောင်စု လွတ်တော်မှာ အတည်ပြုလိုက်ပါပြီ။ အရင် အစိုးရ လက်ထက်အဆက်ဆက်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး သံတမန်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဦးကျော်တင့်ဆွေကို အခုလို ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အပေါ် ဝေဖန်မှုများစွာလည်း ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

အစိုးရသစ်လက်ထက်မှာ အသစ်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် သံတမန်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဦးကျော်တင့်ဆွေကို ခန့်အပ်တာဝန်ပေးဖို့ ဒီကနေ့ ပြည်ထောင်စု လွတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

“ကန့်ကွက်လိုတဲ့ အမည်စာရင်းပေးပို့ရန် နောက်ဆုံးသက်မှတ်ချိန်အထိ ကန့်ကွက်ချက် တစုံတရာ မရှိတဲ့အတွက် နိုင်ငံတော်သမ္မတက တင်ပြထားတဲ့ ဦးကျော်တင့်ဆွေအား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စု လွတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၈ နှင့်အညီ ကြေညာပါတယ်။”

ပြည်ထောင်စု လွတ်တော် နာယက မန်းဝင်းခိုင်သန်းက လွတ်တော်ရဲ့ အဆုံးအဖြတ်ရယူပြီး အခုလို ကြေညာခဲ့တာပါ။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးကျော်တင့်ဆွေကို ခန့်အပ်ဖို့ သမ္မတဦးထင်ကျော်က ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က ပြည်ထောင်စု လွတ်တော်ကို အဆိုပြုခဲ့ပါတယ်။

ဒီကနေ့ ပြည်ထောင်စု လွတ်တော်က အတည်ပြုလိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက် အဆက်ဆက်မှာ နှစ်ပေါင်း ၃၀ ကြာ ရာထူးအဆင့်ဆင့်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်နဲ့ရော အမြဲတမ်းကိုယ်စားလှယ်အဖြစ်နဲ့ပါ တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီ့အချိန်အဲဒီ့ကာလက မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဝေဖန်ခံနေရမှုတွေကို ကုလသမဂ္ဂမှာ တောက်လျှောက်ခုခံပြောဆိုခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၉ ခုနှစ်တုန်းက အာဆီယံ လူအခွင့်အရေး ကော်မရှင်မှာ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် သူတာဝန်ယူခဲ့စဉ်မှာလည်း အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ ပူးတွဲ လုပ်ဆောင်ဖို့ အားနည်းခဲ့တယ်လို့လည်း ဝေဖန် မှုတွေလည်း ရှိခဲ့တာ့ပါ။ ဒီလို ဝေဖန်မှုများစွာ ရှိခဲ့တဲ့ ဦးကျော်တင့်ဆွေကို နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးတာနဲ့ ပတ်သတ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း က အခုလို သုံးသပ်ပါတယ်။

“နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနဆိုတာ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနလောက်ကို အရေးပါတယ်လို့မြင်တယ်။ အဲဒီ ဝန်ကြီးဌာနရဲ့ ဝန်ကြီးနေရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အရေးပါတဲ့ထိပ်တန်းခေါင်းဆောင်တဦးဦးကို ခန့်ထားသင့်တယ်လို့မြင်တယ်။ ဦးကျော်တင့်ဆွေဟာ အရင် တပ်မတော်အစိုးရ အဆက်ဆက် လက်ထက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ မျက်နှာစာမှာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ အများကြီးပြစ်တင်ရှုံ့ချ ပြီးတော့ ပြောဆိုခဲ့တဲ့ သံတမန်ဟောင်းတဦးလည်းဖြစ်တယ်။ နောက်ပြီးတော့ လက်ရှိအခြေအနေမှာလည်းပဲ သူရဦးရွှေမန်းဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မရှင်ရဲ့ အဖွဲ့ဝင်တဦးဖြစ်နေတယ်။ အဲဒီအခါကျတော့ အဲဒီလို ပုဂ္ဂိုလ်တဦးကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးအဖြစ် ခန့်အပ်တာဟာ ကျနော့်အမြင်အားဖြင့်တော့ သင့်တော်တယ်လို့ သုံးသပ်ဖို့ခက်တယ်။”

ဒါ့အပြင် အစိုးရသစ်လက်ထက်မှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်မယ့် NRPC အဖွဲ့ ပြန်လည် ပြင်ဆင် ဖွဲ့စည်းမှု လုပ်ငန်းတွေကိုလည်း ဦးကျော်တင့်ဆွေက ဦးဆောင် လုပ်ကိုင်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြားခဲ့ပါတယ်။ ဒါဟာ အစိုးရသစ်လက်ထက် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

“ကျနော့်အမြင်အားဖြင့်တော့ စိုးရိမ်စရာအနေအထားလို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ်မှာ စေတနာကော စိတ်အားရော ထက်သန်မှု အပိုင်းမှာ အားကောင်းတဲ့ ပုဂ္ဂိုလ်မျိုးကို အဲဒီလို ဌာနမျိုးကို ဦးဆောင်ပြီးဖွဲ့စည်းစေတာဟာ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲအတွက် တကယ်ထိရောက်ပြီးတော့ အကျိုးရှိနိုင်မယ်လို့ ထင်တယ်။ ဒါပေမယ့် ဦးကျော်တင့်ဆွေလို ပုဂ္ဂိုလ်မျိုုးကို အဲဒီလို ဌာနမျိုးကို ဦးဆောင်ပြီးဖွဲ့စည်းစေတာဟာ ကျနော့်အမြင်အားဖြင့်တော့ စိုးရိမ်စရာအနေအထားတခုလို့မြင်တယ်။ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်လည်း စိုးရိမ်ချေမှတ် လို့မြင်တယ်ခင်ဗျ။”

အရင် အစိုးရ လက်ထက်အဆက်ဆက်မှာ ဦးကျော်တင့်ဆွေနဲ့ ပတ်သတ်လို့ ဝေဖန်မှုများစွာ ရှိခဲ့ပေမယ်လို့ လူထု ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ သစ်လက်ထက်မှာတော့ ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ယူချိန်ကစပြီး သူရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ရဦးမယ်လို့ မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူတွေက ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကတော့ ဦးကျော်တင့်ဆွေ ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ လက်ပံတောင်းတောင် အရေးအခင်း ကော်မရှင်မှာ အတူလက်တွဲ လုပ်ဆောင်ခဲ့ပြီး အဲဒီ့အချိန်ကတည်းက သူ့ရဲ့ လုပ်ဆောင်ချက်တွေကို သတိပြုမိတာကြောင့် အခုလို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG