ကမ္ဘာတဝှမ်းလုံးမှာ ဒီဇင်ဘာလ ၁ရက်နေ့ကို ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အဖြစ်ကျင်းပနေကြပြီး ထိုင်းမြန်မာနယ်စပ်က မယ်တော်ဆေးခန်းမှာ လည်း ကမ္ဘာအေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်ပွဲတွေကို ကျင်းပခဲ့ပါ။ထိုင်း-မြန်မာနယ်စပ်မှာတော့ HIV လူနာတွေအတွက် ဆေးဝယ်ယူဖို့ အခက်အခဲတွေ အလှူရှင်တွေလျော့နည်းလာတာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်အခက်အခဲတွေကြုံနေရပါတယ်။ မအေးအေးမာသတင်းပေးပို့ထားပါတယ် ။
ထိုင်း-မြန်မာနယ်စပ်မှာတော့ ကမ္ဘာအေအိုင်ဒီအက်စ်နေ့ကို HIV ဝေဒနာရှင်တွေနဲ့ အတူ အစိုးမဟုတ်တဲ့အဖွဲအစည်းတွေ လူထုအခြေပြုအဖွဲ့အစည်းတွေ စုပေါင်းပြီး ပညာပေးအခမ်းအနားတခုကို မယ်တော်ဆေးခန်းမှာကျင်းပခဲ့ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်ဆေးဝယ်ယူနိုင်ဖို့နဲ့ ရေရှည်ဘားဂျက်အခက်အခဲတွေကို ကြုံနေရပေမယ့် ရောဂါဖြစ်တဲ့လူနာအရေအတွက်ကတော့တနှစ်ထက်တနှစ်ပို့ပြီးများလာတယ်လို့ မယ်တော်ဆေးခန်း HIV Program တာဝန်ခံဖြစ်တဲ့ ကိုလှိုင်မြင့်ထွန်းကပြောပါတယ်။
“ဒီဆေးတွေက အပြင်မှာ ဝယ်ချင်တိုင်း ဝယ်လို့ရတဲ့ဆေးတွေမဟုတ်ဘူး။ အစိုးရက ထိန်းချုပ်ထားတဲ့ဆေးတွေဖြစ်တယ်လေ ဒါကြောင့်မို့လို့ ဝယ်ရပြုရတဲ့နေရာမှာ ကျနော်တို့ ဘက်ခြမ်းအနေနဲ့ အခက်အခဲတွေရှိတယ်။ ပြီးလို့ရှိရင် အလှူရှင်တွေ ဘားဂျတ်တွေလည်းသွားနေရတာတွေဆိုတော့ ချင့်ချိန်ရပါတယ်။ ဟိုဘက်ကမ်းမှာ လက်လှမ်းမမှီတဲ့လူနာတွေကိုလည်း ကျနော်တို့ ဟိုဘက်ကမ်းမှာပဲ ဝေပါတယ်။ အကြမ်းအားဖြင့်တော့ များလာတယ်လို့ ယူဆတာပေါ့နော်။”
တနှစ် တနှစ်မှာမယ်တော်ဆေးခန်းကိုယ်ဝန်အပ်သူပေါင်း ၄ထောင်ကျော် တဲ့အထဲမှာ ၃၀၀၀လောက်က မယ်တော်ဆေးခန်းမှာလာရောက်မွေးဖွားကြတာပါ ။ ဒီထဲမှာ ကိုယ်ဝန်ဆောင်ဦးရေအနည်းဆုံး ၅၀ခန့်ဟာ HIV ပိုးကူးစက်ခံနေရတယ်လို့ မယ်တော်ဆေးခန်းရဲ့ ကျန်းမာရေးဆိုင်ရာ ဒုတိယဒါရိုက်တာ မဆိုဖိယာက ဆိုပါတယ်။
“မိခင်နဲ့ကလေးဆိုရင် ကျမတို့မှာ ပျမ်းမျှ အယောက် ၅၀ လောက်ရှိပါတယ်။ ကျမတို့ ဆေးပေးပြီးဆိုရင် သူက ရေရှည်အနေနဲ့ကျမတို့ပေးရတာကို ပေးရတော့ ဗိုက်ကလည်းတဖက်ဆိုတော့ ကျမတို့မှာပေးရတာ ရေရှည်အနေနဲ့ ရနိုင်ဖို့ရှိမရှိဆိုတာလည်း ကျမတို့လည်းပြောလို့မရဘူးလေ။ အထူးသဖြင့်ဒီ မြဝတီက IOM တို့က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတော့ ရေရှည်အနေနဲ့ သူတို့အတွက်ကဆေးရဖို့ အခွင့်အလမ်းတော့ ပိုရှိတာပေါ့နော်။”
ထိုင်းမြန်မာနယ်စပ်မှာ HIV / AIDS ဝေဒနာရှင်တွေကိုကူညီစောင့်ရှောက်ပေးနေတဲ့ အမျိုးသမီးများအတွက် လူမူစောင့်ရှောက်ရေးအဖွဲ့ရဲ့ ကျန်းမာရေးတာဝန်ခံ မရီရီဝင်းကတော့ ရွေပြောင်းအလုပ်သမားတွေကြား အိတ်အိုင်ဗွီဝေဒနာရှင်လူနာတွေက ပိုပြီးတိုးလာနေပေမယ့် ဆေးရရှိဖို့အခက်အခဲတွေကြောင့် ထိုင်းဆေးရုံတွေကနေ မြန်မာပြည်ဆေးရုံဘက်ကိုပြန်ပြီး လွဲပြောင်းပေးနေရတယ်လို့လည်းဆိုပါတယ်။
“အခုလောလောဆယ်ပေါ့နော် ဒီဘက်မှာဆိုရင် HIV နဲ့ပတ်သက်တဲ့ဟာတွေကတော့ပေါ့နော် များလာတာရှိတယ်ပေါ့နော်။ ဥပမာ- မယ်တော်ဆေးခန်းမှာ ကိုယ်ဝန်အပ်တာတို့ ၊ မယ်ဆောက်ဆေးရုံကြီးမှာ ကိုယ်ဝန်အပ်တဲ့အခါကျရင် အမျိုးသမီးတွေက များသောအားဖြင့် အဲဒါမျိုးတွေပေါ့နော် HIV နဲ့ ပတ်သက်ပြီးတော့ ပေါ်လာတာတွေရှိတယ်။ ဒါပေမယ့် ပညာပေးမှုတွေကပေါ့နော် ဆက်လုပ်ဖို့တော့လိုတယ်။ အခုလက်ရှိမှာဆိုရင် ပညာပေးမှုတွေက ဒီဘက်မှာဆိုရင် အဲဒါမျိုးတွေနဲ့ ပညာပေးမူအပိုင်းကတော့ နည်းလာတာပေါ့နော်။ အဓိကတော့ မြန်မာပြည်မှာဆိုရင်တော့ HIV နဲ့ပတ်သက်တဲ့အပိုင်းတွေက များသောအားဖြင့် ထောက်ပံ့ကြေးတွေက ပြည်တွင်းမှာရောက်သွားတဲ့အခါကျတော့ ဒီဘက်မှာ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ပညာပေးမှုတွေနည်းလာတယ်။ ဒီဘက်မှာကတော့ အနည်းပိုင်းကတော့ ကူးစက်ရောဂါဆိုတော့ မျက်စိနဲ့ မမြင်နိုင်ဘူး။ လူတွေတော်တော်များများကတော့ သွေးစစ်မှသိရတယ်ပေါ့နော် ။ သွေးစစ်မှ သိရတယ်ဆိုတော့ ဘယ်သူ့မှာရှိတယ်မရှိဘူးဆိုတာတော့ မသိနိုင်ဘူး။ အဓိကကတော့ ဒါလျှော့နည်းဖို့ဆိုတာက ပညာပေးမူလည်းလိုတယ်၊ သွေးတွေလည်း စစ်ဆေးကြည့်ဖို့လိုတယ်ပေါ့နော်။ ဒါပေမယ့် ဒီဘက် အခုလက်ရှိမှာတော့ နည်းကုန်ပြီပေါ့နော်။ သွေးတွေဘာတွေစစ်တဲ့အခါကျတော့ ဆေးတွေဘာတွေကတော့ တချို့ဆိုစောင့်ရမှာတွေရှိတယ်။ တချို့ဆို မသောက်ရသေးဘူးပေါ့ ။ ဟိုအရင်ကဆိုရင် ဒီဘက်အခြမ်းမှာက ဆေးက မဲဆောက်ဆေးရုံကြီးတွေ ၊ မယ်တော်ဆေးခန်းတို့လိုမျိုးက ဆေးပေးတာတွေရှိတယ်ပေါ့နော်။ ဒီ ၁ နှစ် ၂ နှစ် မှာက မဲဆောက်ဆေးရုံကြီးဘက်က Migrant တွေနဲ့ ပတ်သက်ပြီးတော့ ဆေးပေးတာတွေက လျှော့ချလာတယ်ပေါနော်။”
မြန်မာပြည်အစိုးရအပြောင်းအလဲတွေဖြစ်တာကြောင့် အစိုးရမဟုတ်တဲ့အဖွဲအစည်းအတော်များများက မြန်မာပြည်ဘက်ကိုရွေပြောင်းကုန်ကြပါတယ်။ ဒီအတွက် ဝေဒနာရှင်တွေအနေနဲ့ ထိုင်းဘက်ခြမ်းကနေဆေးဝါးရရှိဖို့ အတွက်အခက်အခဲတွေကြုံလာပါတယ်။ မြန်မာပြည်ဘက်ကနေ ဆေးဝါးထုတ်ယူမှသာ ရေရှည်အတွက် ဖြစ်နိုင်တာမို့ မြန်မာပြည်ဘက်ကို ထိုင်းဘက်မှာ ကုသနေတဲ့ လူနာတွေ လွဲပြောင်းပေးတာတွေကို လုပ်ဆောင်နေကြရတာဖြစ်ပါတယ်။