သုံးရလွယ်ကူစေသည့် Link များ

ရန်ကုန်လေဆိပ်အတွင်း လေယာဉ် တိုက်မှုဖြစ်


ဧပြီလ ၁၄ ရက်နေ့ မနက်အစောပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေယာဉ် ကွင်း လေယာဉ် ရပ်နားတဲ့နေရာက လေယာဉ်နှစ်စင်း မတော်တဆ ထိခိုက်မှုဖြစ်ခဲ့တဲ့ ဖြစ်စဉ် ကို လေကြောင်းဦးစီးဌာနက စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်။ မြန်မာနိုင်ငံက လေယာဉ်ကွင်းတွေအတွင်း မတော်တဆမှုတွေ မဖြစ်ပွားအောင် လေယာဉ်ကွင်း တိုးချဲ့မှုှတွေနဲ့ ပြင်ဆင်မှုတွေကို အဓိကထား လုပ်ဆောင်ဖို့ပြင်ဆင်နေတယ်လို့ ပြန်ကြားရေး ဒုဝန်ကြီးကပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဧပြီလ ၁၄ ရက်နေ့ တနင်္လာနေ့ မနက် ၆နာရီ မိနစ် ၄၀ မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်းအတွင်းက လေယာဉ်ပျံတွေ ရပ်နားတဲ့နေရာနားမှာ လေယာဉ်ပျံချင်း မြေပြင်မှာ မတော်တဆထိခိုက်မှုဖြစ်ခဲ့တာပါ။ Golden Myanmar လေကြောင်းလိုင်းပိုင်း လေယာဉ်တစ်စင်းကို လေယာဉ်ရပ်နားတဲ့ ကွင်းဆီ လေယာဉ်ရွှေ့ပြောင်းဖို့ ဆွဲလာတဲ့အချိန်မှာပဲ အဲ့ဒီ့လေယာဉ်ပျံ ရပ်နားကွင်းအတွင်း ညအိပ်ရပ်နားနေတဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း (MAI) ရဲ့လေယာဉ်တစ်စင်း ကိုယ်ထည် နောက်ပိုင်းကို Golden Myanmar လေယာဉ်ဦးပိုင်းနဲ့ အရှိန်မထိန်းနိုင်ဘဲ တည့်တည့်ဝင်တိုက်လိုက်တာဖြစ်ပါတယ်။

Golen Myanmar လေကြောင်းပိုင်လေယာဉ်ရဲ့စက်ခန်းထဲမှာ လေယာဉ်အင်ဂျင်နီယာနှစ်ဦး ရှိနေပါတယ်။ အဲ့ဒီ့လေယာဉ်ပျံကို ရွှေ့ပြောင်းဖို့ သုံးတဲ့ လေယာဉ်ဆွဲယာဉ် ( Aircraft Towed Tractor) က မြန်မာ့လေကြောင်းပိုင်ဖြစ်ပြီး မြန်မာ့လေကြောင်းဝန်ထမ်းတွေက တာဝန်ယူဆွဲလာတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းက သတင်းထုတ်ပြန်ပါတယ်။ အခုလိုမျိုးလေယာဉ်ပျံနှစ်စင်း မတော်တဆထိခိုက်မှုဖြစ်ခဲ့တဲ့အပေါ် မြန်မာ့ လေကြောင်းဦးစီးဌာနက စုံစမ်းမှုပြုလုပ်နေတယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီးဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။

“မနက်က အဲဒီ Golden Air Myanmar နဲ့ ကျနော်တို့ MAI နဲ့ လေယာဉ်ရပ်နားတဲ့ထိခိုက်မှုဖြစ်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ဖြစ်ပွားတဲ့အကြောင်းအရင်းတွေ၊ ဒါတွေကိုတော့ ကျနော်တို့လေကြောင်းဦးစီးဌာနက စုံစမ်းနေဆဲဖြစ်လို့ လောလောဆယ်မှတ်ချက်ပေးလို့ မရသေးပါဘူး။”

အခုဆိုရင် မြန်မာနိုင်ငံတွင်းကို နိုင်ငံခြားသားခရီးသွားဧည့်သည်တွေများလာသလို ပြည်ပလေကြောင်းလိုင်းအပြင် ပြည်တွင်းလေကြောင်းပို့ဆောင်ရေးကို ပြည်သူတွေက ပိုအသုံးပြုလာတဲ့အတွက် ပြေးဆွဲနေတဲ့ လေယာဉ်စင်းရေ များပြားလာသလို လေယာဉ်ရပ်နားကွင်းမှာလည်း နေရာကြပ်တည်းမှုတွေဖြစ်လာလို့ ဒီလို မတော်တဆမှုမျိုးတွေ ထပ်မဖြစ်အောင် လေယာဉ်ကွင်းတိုးချဲ့မှှုတွေနဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ် လို့လည်း ပြန်ကြားရေး ဒုဝန်ကြီးက ပြောပါတယ်။

“လေယာဉ်ပျံအဆင်းအတက်တွေ၊ ခရီးစဉ်တွေက ဘာမှ ထိခိုက်မှု မရှိပါဘူး။ အဲဒီတော့ ကျနော်တို့ ရန်ကုန်-မြန်မာ နိုင်ငံတကာလေဆိပ်က အခုတလောမှာ လေယာဉ်ပျံတွေ များလာတာပေါ့နော်။ ခရီးသည်အဝင်အထွက် များလာတဲ့အတွက်မို့ လေယာဉ်ပျံရပ်နားတဲ့နေရာက နည်းနည်းလေး ကြပ်တည်းလာတာပေါ့။ ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့လတုန်းကလည်း သူတို့တွေ လေယာဉ်ပျံကွင်းပြင်ဆင်ဖို့ စလုပ်နေတဲ့အချိန်မှာ လေယာဉ်ရပ်နားတဲ့ နေရာကိုလည်း ထပ်ပြီးတိုးချဲ့ဖို့ ပြင်ဆင်နေတာတော့ ရှိပါတယ်။ အခုအချိန်မှာ ဒီဖြစ်စဉ် ဖြစ်သွားတော့ နောင်မှာ လေယာဉ်ပျံတွေ ဆိုက်ကပ်ရပ်နားတဲ့ အဝင်အထွက်နေရာတွေမှာတော့ သူတို့ ဒါမျိုး နောက်ထပ် အလားတူ မဖြစ်အောင် လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေတော့ ထပ်ပြီးတော့ လုပ်သွားမှာပါ။ သူတို့ ထပ်ချဲ့ဖို့လည်း လုပ်နေတယ်။”

မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးတွေက လေယာဉ်ကွင်းတွေကို နိုင်ငံတကာစံနှုန်းမီအောင် ဆောက်လုပ်ထားတယ်လို့ အခြေအနေကိုလည်း ဦးရဲထွဋ်က ရှင်းပြပါတယ်။

“တံတားဦးလေဆိပ်တို့၊ ဒီဘက်က နေပြည်တော်လေဆိပ်တို့ကတော့ လေယာဉ်အဝင်အထွက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ထက် ပိုပြီးတော့ နည်းတာပေါ့။ နောက်ပြီးတော့ အဲဒီလေဆိပ်တွေက စဆောက်ကတည်းက နေရာလည်း နည်းနည်းပိုကျယ်တဲ့ သဘောမှာရှိပါတယ်။ အခြေအနေတော့ မတူဘူးပေါ့။”

အခုရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျံနှစ်စင်းမတော်တဆထိခိုက်မှုမှာ MAI လေယာဉ်က ဝင်အတိုက်ခံရတဲ့အရှိန်ကြောင့် ညာဘက်ကို တိမ်းစောင်းသွားပြီး ညာဘက်တံခါးပေါက်အပါအဝင် ကိုယ်ထည်တွင်းပျက်စီးမှု အချို့ရှိခဲ့ပါတယ်။ ဝင်တိုက်လိုက်တဲ့ Golden Myanmar လေယာဉ်လည်း ပျက်စီးထိခိုက်မှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာမြန်မာ့ လေကြောင်းလိုင်းက ပြည်တွင်း၊ပြည်ပ အာမခံဌာနတွေနဲ့ လေယာဉ်ထုတ်လုပ်တဲ့ကုမဏီတွေကို ဆက်သွယ်အကြောင်းကြားပြီး လိုအပ်တာတွေ ဆောင်ရွက်နေတယ်လို့ MAI ကပြောပါတယ်။

အခုလို သင်္ကြန်ကာလမှာ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းအတွင်း လေယာဉ်နှစ်စင်း မြေပြင်မှာ မတော်တဆထိခိုက်မှုဖြစ်ခဲ့ပေမဲ့ ခရီးသည်တွေ လေကြောင်းသွားလာရေးအဆင်ပြေအောင် လေယာဉ်ခရီးစဉ်တွေကို ပုံမှန်အတိုင်း ပျံသန်း ပြေးဆွဲလျက်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG