သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလေကြောင်း ဗုံးကြဲ တရုတ် နယ်မြေထဲ ကျရောက်


တရုတ်-မြန်မာနယ်စပ် ကိုးကန့်တပ်သားများ လုံခြုံရေးယူထား။
တရုတ်-မြန်မာနယ်စပ် ကိုးကန့်တပ်သားများ လုံခြုံရေးယူထား။

မြန်မာအစိုးရတပ်နဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့တို့ အကြား လောက်ကိုင်ဒေသ တဝိုက်နဲ့ ချင်းရွှေဟော်တဝိုက်မှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး ၊ မြန်မာစစ်တပ် ကနေ လေကြောင်း တိုက်ခိုက်မှုတွေကိုပါ နေ့စဉ်လိုလို အသုံးပြု တိုက်ခိုက်နေတယ် လို့ ကိုးကန့်တပ်ဖွဲ့ဖက်က ပြောပါတယ်။ ဒီကနေ့ ညနေပိုင်း မြန်မာအစိုးရ ရဲ့ လေကြောင်းတိုက်ခိုက်မှုတခုမှာတော့ တရုတ်နယ်မြေထဲကို ထိမှန်ပြီး တရုတ်အရပ်သားအချို့ သေဆုံး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ကိုးကန့်အဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ဗွီအိုအေကို ပြောသွားပါတယ်။

" ဒီကနေ့ သူတို့လေယာဉ်နဲ့ လာပြီးတော့ ဗုံးကြဲပါတယ်။ ညနေအထိပါပဲခင်ဗျ။ အဲ့တာ လူကတော့ ဒဏ်ရာရတဲ့သူ မရှိပါဘူးခင်ဗျ။ ကုန်းကြမ်းဘက်မှာ ခင်ဗျ။ နေ့တိုင်းလိုလိုပါပဲ။ ပြီးတော့ ပြင်းထန်ပါတယ်။ တော်တော်ပြင်းထန်ပါတယ်။ သူတို့ ဗုံးကြဲလေယာဉ်လည်း အသုံးပြုလာတာတွေ့ရတယ်။ ပြီးတော့ ပေါင် ငါးရာ လေးတဲ့ဗုံးကိုလည်း ချတယ်။

လေယာဉ်နဲ့ လှမ်းပြီး ဗုံးကြဲလိုက်တာ ဟိုး တရုတ်ပြည်ထဲကို ဝင်သွားတယ်။ အရပ်သားတောင် သေတယ်ပြောတယ်။ လေးယောက်သေပြီး ကိုးယောက် ဒဏ်ရာရတယ်ပြောတယ်။ တရုတ်ပြည် ကျနော်ပြောတဲ့ ကုန်းကြမ်းရယ်၊ ဟိုးဘက်က စစ်ကောလီရယ် စစ်ကောလီဆိုတာ လောက်ကိုင်ရဲ့ အရှေ့ မြောက်ဘက်ပေါ့။"

လေကြောင်းတိုက်ခိုက်မှုမှာ တရုတ်နိုင်ငံ နယ်မြေထဲက တရုတ်အရပ်သားအချို့ ထိခိုက်သေဆုံးတယ်ဆိုတဲ့ ကိုးကန့်ဖက်က အခုလို ပြောဆိုချက်အပေါ်မှာ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ တရုတ်နိုင်ငံဖက်ကလည်း တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဒါပေမယ့်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတွေ အတွင်းကတော့ မြန်မာစစ်တပ်ဖက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တလုံး တရုတ်နိုင်ငံကို ထိမှန်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန် သတိပေးခဲ့ဖူးပါတယ်။

မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်တွေထဲမှာတော့ စစ်တပ်အနေနဲ့ ကိုးကန့် နယ်မြေရှင်းလင်းမှု ထိုးစစ်တွေ လုပ်နေရာမှာ ကိုးကန့်သူပုန်တွေဖက်က မူးယစ်ဆေးဝါး သိမ်းဆည်းရမိမှုတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မနေ့တုန်းကတော့ လားရှိုးမြို့ကနေ လောက်ကိုင်မြို့ကို အထောက်အပံ့ပစ္စည်းတွေ တင်ဆောက်လာတဲ့ ကားတစင်းကိုလည်း ကိုးကန့်လက်နက်ကိုင်တွေဖက်က တိုက်ခိုက်ခဲ့တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ပါတယ်။

ကိုးကန့်ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းကတော့ သူတို့အနေနဲ့ သူတို့ နယ်မြေထဲ ဝင်လာတဲ့ လက်နက်ထောက်ပံ့မှုမှန်သမျှကို တိုက်ခိုက်မှာ ဖြစ်တယ်ဆိုပြီး ဗွီအိုအေကို တုန့်ပြန်ခဲ့ပါတယ်။

ကိုးကန့်တပ်နဲ့အတူပဲ အဲဒီဒေသမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ TNLA တအောင်းပလောင်တပ်ဖွဲ့က အတွင်းရေးမှုး ဗိုလ်မှုးကြီး တာဘုန်းကျော် ကလည်း မြန်မာလေကြောင်းဗုံးကြဲမှုကြောင့် တရုတ်နိုင်ငံတွင်း အရပ်သားတွေ အသေအပျောက်ရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

" လေယာဉ်ပစ်တာ ကျတာကတော့ တော်တော်ကြာနေပြီ တရုတ်ဘက်ခြမ်းကို နှစ်ရက်သုံးရက်လောက် ရှိသွားပြီ။ ကိုးကန့်တပ်တွေနဲ့ ကျနော်တို့တပ်တွေ ပေါင်းနေတဲ့နေရာတွေကို ဒီဗုံးတွေ လိုက်ကြဲနေတာ။ ဆိုတော့ ဒီနေ့ကတော့ ဗုံးဆန်က သုံးလုံးကျတယ်လို့ ကျနော်တို့သိတယ်။ အဲ့ဲဒီ့ကျတဲ့အချိန်မှာ အဲ့မှာ ဒေသခံတွေကို ထိတယ်ပြောတယ်။ ကျနော်တို့ စုစုပေါင်း ဒေသခံ ငါးဦးသေတယ်။ ၇ဦး ၈ဦးလောက်တော့ ဒဏ်ရာရတယ်ပြောတယ်။

ပြီးတော့ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်လောက်ကတည်းက တရုတ်ဘက်က လေယာဉ်ပျံလည်း တစီးစ နှစ်စီးစ ပျံပြီးတော့ နယ်စပ်မျဉ်းအတိုင်း ပျံတာ ကျနော်တို့ တွေ့ရတယ်ခင်ဗျ။ ဆိုတော့ တရုတ်ဘက်ကလည်း သူတို့နယ်မြေထဲကို လက်နက်တွေကျတာ တစုံတရာ အရေးယူမှု ရှိလိမ့်မယ်လို့ ကျနော်မြင်တယ်။

ဒီ သတင်းနဲ့ပတ်သက်လို့ တရုတ်အစိုးရပိုင်း CCTV သတင်းဌာနရဲ့ တွစ်တာ စာမျက်နှာမှာလည်း မြန်မာအစိုးရဖက်က လက်နက်ကြီးတွေ တရုတ်ယူနန်ပြည်နယ်ထဲ ကျရောက်ခဲ့တာကြောင့် လေးဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG