တအောင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ TNLA ထိန်းချုပ်ရာဒေသတွေကို စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်လို့ ပြီးခဲ့တဲ့လ တလထဲမှာပဲ အရပ်သား ၄၀ကျော် သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ၈၀ကျော်ခန့်ရှိကြောင်း TNLA ကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက သတိပေးနေတဲ့ကြားမှာပဲ သေကြေထိခိုက်မှုတွေ ပေါ်ပေါက်နေတာပါ။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ရှိကြောင်း လွန်ခဲ့တဲ့ သီတင်းပတ်တပတ်ခန့်က ကြေညာခဲ့ပေမဲ့ စစ်ကောင်စီနဲ့ TNLA အကြားမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေသလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သူတို့ ထိန်းချုပ်နယ်မြေမှာ အရပ်သား ၄၀လောက် သေဆုံးခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက VOA ကို ပြောပါတယ်။
“ နိုဝင်ဘာလကုန်အထိ ပြန်ပေါင်းကြည့်မယ်ဆိုရင် အရပ်သားထိခိုက်သေဆုံးမှုက ၄၀ အထက်ရှိပြီးတော့မှ ထိခိုက်ဒဏ်ရာ ရတာက ၈၀ အထက်ရှိပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နောင်ချိုရှိမယ်။ ပြီးတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျောက်မဲ၊ မိုးကုတ်၊ပြီးတော့ မိုင်းငေါ့၊ ကွတ်ခိုင်ဘက်မှာ ဖြစ်ပါတယ်။”
နိုဝင်ဘာလ ၃၀ရက်နေ့ စနေနေ့ညနေပိုင်းမှာ ကျောက်မဲမြို့ တိုက်ခိုက်မှုမှာ အရပ်သား ၁၀ဦး သေဆုံးပြီး လူ ၂၀ ထိခိုက်ခဲ့ကြောင်းလည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကဆက်ပြောပါတယ်။
“ ဒီ နိုဝင်ဘာ ၃၀ လကုန်မှာ စစ်ကောင်စီက ကျောက်မဲကို ဗုံးကြဲပြီး လာရောက် တိုက်ခိုက်တယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၀ဦးသေဆုံးပြီးတော့မှ ၂၀ဦးထိခိုက်ဒဏ်ရာရပါတယ်။ အခြားနေအိမ် ၂၅လုံးလည်း ထိခိုက်ပျက်စီးသွားပါတယ်။”
2024 ခုနှစ် နိုဝင်ဘာလအတွင်း တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ဦးသေဆုံးပြီး ၃၄ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုသတင်းမှတ်တမ်းတွေအရ နိုဝင်ဘာ ၁၁ ရက်နေ့က မိုးကုတ်မှာ သေဆုံး ၉ ဦး ၊ ဒဏ်ရာရသူ ၁၃ဦး၊ နိုဝင်ဘာ ၁၇ရက်နေ့က ကွတ်ခိုင်မှာ သေဆုံးသူ ၃ဦး၊ဒဏ်ရာရသူ ၁၀ဦးနဲ့ မိုင်းငေ့ါမှာ ဒဏ်ရာရသူ ၅ဦး ရှိခဲ့ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ နိုဝင်ဘာလ ၁၀ရက်နေ့ တရုတ်ခရီးစဉ်က ပြန်လာပြီးနောက်ပိုင်းမှာ ပိုမိုမြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၅ရက်နေ့ကတော့ TNLA က စစ်ဒဏ်သင့်ပြည်သူတွေကို ငဲ့ညှာတာနဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှု ကို လေးစားတာကြောင့် စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် ဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
Forum