IS စစ်သွေးကြွအဖွဲ့ဟာ မလေးရှားကို ကြားစခန်းထားပြီး မြန်မာနဲ့ဖိလစ်ပိုင်နိုင်ငံတွေကို ဝင်ရောက်ဖို့ ပြင်ဆင် နေကြောင်း မလေးရှားရဲချုပ်က အခုရက်ပိုင်းမှာပဲ ပြောထားပါတယ်။ ၂ဝ၁၂ခုနှစ်နောက်ပိုင်းကစပြီး မြန်မာနိုင်ငံ ဟာ အကြမ်းဖက်အဖွဲ့တွေရဲ့ ပစ်မှတ်တခုဖြစ် လာနေတဲ့ အကြောင်းနဲ့ အကြမ်းဖက်မှုကာကွယ်ရေး ကိစ္စတွေ ကိုလည်း လုပ်ဆောင် နေတဲ့ အကြောင်း မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတင်းထောက်တွေကို မနေ့ကပြောခဲ့ပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အရေးနိမ့်နေတဲ့ IS စစ်သွေးကြွအဖွဲ့ဟာ အရှေ့တောင် အာရှဒေသကို ထိုးဖေါက်ဖို့ ပြင်ဆင်လာနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းနဲ့ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်တွေကို ဝင်ရောက်ဖို့ မလေး ရှားနိုင်ငံ Sabah ပြည် နယ်က Tawau နဲ့ Sandakan မြို့တွေကို ကြားစခန်းနေရာသစ်အဖြစ် ရွေးချယ်ထားတဲ့ အကြောင်း မလေးရှား ရဲချုပ် မိုဟာမက် ဖူဇီက ကြာသပတေးနေ့တုန်းကပဲပြော ထားပါ တယ်။ ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာနိုင်ငံဟာ အကြမ်းဖက် သမားတွေရဲ့ ပစ်မှတ် တခု ဖြစ်လာနေတာသေချာ ကြောင်း မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက မနေ့ကပြောပါတယ်။
“မြန်မာနိုင်ငံက ကျနော်တို့ရခိုင်ပြည်နယ်မြောက်ပိုင်းကို အကြောင်းပြုပြီးတော့ အကြမ်းဖက်တွေရဲ့ အာရုံစိုက်မှု က ၂၀၁၂ နောက်ပိုင်းကစပြီးတော့ တော်တော်လေး မြင့်မားလာတယ်။ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အာဆီယံတွေ..မိတ်ဆွေနိုင်ငံတွေ ရှိပါတယ်။ သူတို့က ကျနော်တို့တွေကိုလည်း အမြဲတမ်း သတင်းအချက်အလက်တွေ ပေးပါတယ်။ နောက်-ပြည်ထဲရေး ၊ အထူးသဖြင့် ရဲတပ်ဖွဲ့ပေါ့- အကြမ်းဖက် NETWORK တွေမှာ အစွန်းရောက်တွေ ပြောတဲ့စကားတွေပေါ့နော်၊ ဒီအပေါ်တွေမှာလည်း သူတို့က သတင်းအချက်အလက်တွေယူပါတယ်။ နောက် သူတို့ ဖမ်းဆီးရမိတဲ့ အကြမ်းဖက် cells တွေရှိတယ်။ ဒီ cells တွေကနေ ဖော်ထုတ်တာတွေ ယူပါတယ်။ အင်ဒိုနီးရှားဆိုရင် ကျနော်တို့ မြန်မာနိုင်ငံကို အကြိမ်ဖန်များစွာ သတိပေးထားတာတွေ ရှိပါတယ်။ အင်ဒိုနီးရှားမှာလည်း ဒီအကြမ်းဖက်တိုက်ဖျက်ရေးကို ဦးစားပေးပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်။ အခု မလေးရှားက ထုတ်ဖော်ပြောကြားလာတာလည်း ဒီ သီရိလင်္ကာ IS နဲ့ပတ်သက်ပြီး ဆက်စပ်ပြီးတော့ ပြောလာတာတွေ ရှိတာပေါ့။ မြန်မာနိုင်ငံကတော့ အကြမ်းဖက်တွေရဲ့ ပစ်မှတ်ကတော့ ဖြစ်နေတာကြာပြီပေါ့နော်။ ကြာပေမဲ့လို့ ကျနော်တို့ National Security က အကြမ်းဖက် တိုက်ဖျက်ရေးကတော့ ဥပဒေတွေလည်း ပြဌာန်းထားတယ်။ လုပ်သင့်လုပ်ထိုက်တဲ့အပိုင်းတွေလည်း လုပ်နေတယ်။”
အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနဲ့ကြိုတင်ကာကွယ်ရေးတွေကိုလည်း မြန်မာအာဏာပိုင်တွေဘက်ကလုပ်ဆောင် နေတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။
“အပြင်ကနေ ဝင်လာတဲ့ အကြမ်းဖက်သမားတွေက အတွင်းမှာရှိတဲ့ အကြမ်းဖက် သမားတွေနဲ့ ချိတ်ဆက်ပြီးတော့ လှုပ်ရှားနေတဲ့သဘောပေါ့။ သီရိလင်္ကာဖြစ်စဉ်ကို ကြည့် လိုက်ရင်လည်း အလားတူပဲဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားသွား တဲ့နိုင်ငံတွေကို ပြန်ကြည့်မယ်ဆိုရင် Homegrown Terrorism ဆိုတဲ့သဘောကို တွေ့ပါလိမ့်မယ်။ သူတို့ကို အစွန်းရောက်စိတ်ပေါ့နော်- ဒီလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လာအောင် တွန်းအားပေးတဲ့ဟာတွေ၊ နောက် လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာ စသည်ဖြင့် အထောက်အကူတွေပေးတဲ့ဟာမှာ ပြည်တွင်းကလူတွေနဲ့ ချိတ်ဆက်ပြီး အဓိကလုပ်သွားတာဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့က ပြည်တွင်းရေးကို အထူး ဦးစားပေးရပါတယ်။ အလားတူပဲ၊ တချိန်တည်းမှာပဲ ပြင်ပကနေ ချိတ်ဆက်ပြီးတော့ ပြောဆို ဆက်သွယ်နေတာနဲ့ ပတ်သက်လို့လည်း ကျနော်တို့ မပြတ်စောင့်ကြည့်ပါတယ်။
ဒီစောင့်ကြည့်မှုတွေ လုပ်သလို ကျနော်တို့ တခြား မိတ်ဆွေနိုင်ငံတွေကနေပြီးတော့ သူ့နိုင်ငံမှာ အကြမ်းဖက် သမားပေါ့နော်-အဲလို လုပ်ဆောင်ဖို့ ကြိုးပမ်းတဲ့လူတွေကို ဖမ်းမိတဲ့ အခါမှာ စစ်ကြောချက်တွေအရ ထွက်လာတဲ့ သတင်းအချက်အလက်တွေ ကိုလည်း ရပါတယ်။ ဒီအကြမ်းဖက်အန္တရာယ်ကို ကြိုတင်ကာကွယ်ရေးပေါ့နော်- ဒါကိုတော့ ကျနော်တို့ အထူး ဦးစားပေးပြီးလုပ်ပါတယ်။
တချိန်တည်းမှာပဲ ပြည်တွင်းမှာရှိတဲ့ အစွန်းရောက် အကြမ်းဖက်လိုစိတ်- အဲဒါတွေနည်းပါး သွားအောင်လည်း ကျနော်တို့ လုပ်နေပါတယ်။ အစွန်းရောက်စိတ်၊ အကြမ်းဖက်လိုစိတ်က အထူးသဖြင့် ငယ်ရွယ်တဲ့လူငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အဲဒါကြောင့် စာသင်ကျောင်းတွေမှာလည်း ညီညွတ်ရေးပေါ့နော်၊ လူငယ်တွေ ပူးပေါင်းဆောင်ရွက်ကြတာ- ဒါမျိုးလေးတွေ တိုးမြှင့်ပြီး လုပ်နေတာတွေ ရှိပါတယ်။
ပဋိပက္ခဖြစ်ခဲ့တဲ့နေရာတွေကို အခွင့်ကောင်းယူပြီးတော့ အကြမ်းဖက်တွေကတော့ သွေး ထိုးတာ အမြဲတစေ လုပ်နေတာ ရှိပါတယ်။ အဲဒီအပေါ်မှာ ဘယ်လောက်အထိ အစွန်း ရောက်လိုစိတ်၊ အကြမ်းဖက်လိုစိတ်တွေကို လျှော့ချနိုင်မလဲဆိုတာ community ရဲ့ အားလည်း လိုပါတယ်။ အထူးသဖြင့် ကျနော်တို့ CSO တွေရှိတယ်။ နောက် လူမှုရေး အသင်း အဖွဲ့တွေရှိတယ်၊ လူငယ်အဖွဲ့အစည်းတွေရှိတယ်။ ဒါတွေနဲ့ ကျနော်တို့ က ဒီပဋိပက္ခ ကို အကြောင်းပြုပြီးတော့ သွေးထိုးလာတဲ့ အစွန်းရောက် တိုးပွားလာမယ့် အရေးကို ဒါတွေကို ဖြည်းဖြည်းချင်း တားသွားမှာဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာ ဘာသာလူမျိုးကွဲပြားမှုတွေလည်းများပြားတာကြောင့် အရင်ကလည်း မတူ ကွဲပြားမှုတွေအကြား ပဋိပက္ခဖြစ်တာတွေ ရှိခဲ့ပါတယ်။ လတ်တလောမှာလည်း ရခိုင်ပြည်နယ် အတွင်းက ရိုဟင်ဂျာမူဆလင် ပဋိပက္ခနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင် တချို့ရဲ့ ပြင်းထန်တဲ့ကန့်ကွက်မှုတွေလည်းရှိ နေပါတယ်။ သီရိလင်္ကာနိုင်ငံမှာ မကြာခင် ရက်ပိုင်းကဖြစ်ပွါးခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာ သူတို့ရဲ့လက်ချက်လို့ IS စစ် သွေးကြွအဖွဲ့က ပြောထားပါတယ်။ လူတွေရာနဲ့ချီပြီးသေဆုံးခဲ့ရတဲ့ သီရိလင်္ကာက တိုက်ခိုက်မှုတွေကြောင့် အာရှနိုင်ငံတွေ အတွင်း လုံခြုံရေးအရ အထူးသတိထားစရာတွေ ဖြစ်လာနေပါတယ်။ ဒီလိုအချိန်မှာပဲ ဖိလစ်ပိုင်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်ကိုဝင်ရောက်ဖို့ IS အဖွဲ့က စီစဉ်နေတယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တာကြောင့် ပြဿနာတွေ များနေတဲ့မြန်မာနိုင်ငံ အတွင်း နောက်ထပ်ပြဿနာသစ်တရပ်ထပ်ပြီး တိုးလာမှာကို စိုးရိမ်မှုတွေလည်း ရှိလာနေတာပါ။