သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်က နိုင်ငံခြား ဘဏ်ခွဲတွေ ၂၀၁၄ မှာ လုပ်ငန်း စခွင့်ပြုမည်


မြန်မာ့ဘဏ်လုပ်ငန်း မြင်ကွင်း။
မြန်မာ့ဘဏ်လုပ်ငန်း မြင်ကွင်း။
ပြည်ပက ဘဏ်တွေ မြန်မာနိုင်ငံထဲမှာ လာရောက် ရင်းနှီးမြုပ်နှံဖို့ အစိုးရက ရှေ့နှစ်ထဲမှာ ခွင့်ပြုတော့မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားပိုင် ဘဏ်တွေ အတွက် အဆင်ပြေအောင် ဗဟိုဘဏ်က စီမံပေးဖို့ လိုတယ်လို့ ပြည်တွင်း ဘဏ်လုပ်ငန်းရှင် အသိုင်းအဝိုင်း က ပြောပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ကတော့ ပြည်ပက ဘဏ်တွေ ကို ဖက်စပ် ဖွင့်ခွင့်ပေးတဲ့ ပုံစံမျိုးပေးလုပ်တာထက် ၁၀၀ ရာခိုင်နှုန်း လာရောက် လာကိုင်ခွင့်ကို ရှေ့လာမယ့် ၂၀၁၃ နှစ်ဆန်းပိုင်း မှာ ပြည်ပနိုင်ငံခြား ဘဏ်ကြီးတွေ ဖွင့်လှစ်ခွင့်ပေးဖို့ ရှိတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အကြီးတန်း အရာရှိကြီး တစ်ဦးကလည်း ဗီအိုအေကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

ပြည်ပက ဘဏ်ကြီးတွေ ပြည်တွင်းမှာ ဖွင့်ခွင့်ပေးမယ် ဆိုရင်တော့ အဲဒီ့ဘဏ်ကြီးတွေ အပေါ်မှာ သိသာတဲ့ ကန့်သတ်မှုမျိုးတွေ လုပ်ဆောင်ပေး ထားနိုင်မှသာ ပြည်တွင်း ဘဏ်တွေ အသက်ရှုချောင်မှာလို့လည်း မြန်မာနိုင်ငံမှာ ဘဏ်ခွဲအများဆုံး ထဲက တစ်ခု ဖြစ်တဲ့ သမဝါယမ CB ဘဏ်ရဲ့ မန်နေဂျင်း ဒါရိုက်တာာ ဦးဖေမြင့်က ဗွီအိုအေကို အခုလိုပြောပါတယ်။

" သူတို့လာရင်တော့ ကန့်သတ်ချက်တွေ ရှိမယ်။ ကျနော်တို့ ထိုင်းတို့၊ စင်ကာပူတို့လိုပေါ့၊ ဘာမလုပ်ရ၊ ညာမလုပ်ရ ပါရင်တော့ ပါမှာပေါ့။ Internal Deposit မလုပ်ရဘူးလို့ ပါကောင်းပါမယ်လေ။ Foreign Trade ပဲ လုပ်ရမယ် အဲ့လိုဟာလည်း ဖြစ်ရင်ဖြစ်မယ်ပေါ့။ အကုန်လုံးကို ငွေစာရင်းဘဏ်တွေ ဖွင့်ခွင့်ပြုလိုက်ရင် သူတို့က ပိုပြီး အားကောင်းသွားမယ်လေ။"

မြန်မာနိုင်ငံ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီးတော့ အခုလို နိုင်ငံတကာက ဘဏ်တွေကို မြန်မာနိုင်ငံအတွင်းမှာ လာရောက်ဖွင့်လှစ်ခွင့် ပေးဖို့ ခြေလှမ်းပြင်ဆင်တာဖြစ်တယ်လို့ အမည်မဖော်လိုသူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အကြီးတန်း အရာရှိကြီး တစ်ဦးက ဗွီအိုအေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ်ဖွင့်လှစ်လိုသူတွေအပေါ် ထားရှိတဲ့ အစိုးရရဲ့ ခွင့်ပြုချက်တွေအရ ဦးဆုံး ရုံးခွဲဖွင့်ခွင့်ပေးတာ ၊ ဒုတိယအဆင့် အနေနဲ့ ပြည်တွင်းက ဘဏ်တွေ နဲ့ ဖက်စပ်သဘောမျိုးလုပ်တာ၊ အဲဒါတွေအပြီးမှာ နောက်ဆုံးအဆင့် ဘဏ် တစ်ခုလုံး လာရောက်ဖွင့်ခွင့်ပေးဖို့ ဆိုပြီး ရေးဆွဲခဲ့တာပါ။

လက်ရှိအချိန်မှာတော့ အဲဒီတုန်းက မူဝါဒ တွေအရ ပထမ အဆင့်မှာတင် ရပ်နေတာကနေ လက်ရှိအချိန်မှာတော့ ပြည်ပ ဘဏ်လုပ်ငန်း လုပ်ကိုင်လိုသူတွေ ကို ပြည်တွင်းမှာ ဘဏ်လာရောက် ဖွင့်လှစ်ခွင့်တွေကို ပေးဖို့ စီစဉ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ အကြီးတန်း အရာရှိကပြောပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ် က ရေးဆွဲခဲ့တဲ့ မြန်မာ့ငွေကြေး မူဝါဒကို လတ်တလောမှာ ဗဟိုဘဏ်က ပြန်သုံးသပ်နေတာကြောင့် ပြည်ပ ဘဏ်ကြီးတွေ ဖွင့်ခွင့်ပေးတာ ဟာလည်း အခု မူဝါဒထဲမှာပါလာဖို့ရှိပါတယ်။ အဲဒီမူဝါဒရေးဆွဲပြီး ထုတ်ပြန်လာခဲ့ရင်တော့ ဘာတွေ ခွင့်ပြုတယ်၊ ကန့်သတ်တယ်ဆိုတာတော့ ပါလာနိုင်မှာ ဖြစ်တယ်လို့ သမဝါယမ CB ဘဏ်ရဲ့ မန်နေဂျင်းဒါရိုက်တာာ ဦးဖေမြင့်က ဆက်ပြောပါတယ်။

ခေတ်တွေ စနစ်တွေ ပြောင်းလာတာကြောင့် မြန်မာနိုင်ငံမှာ အရင်က ပြောသလို ဘဏ်တွေ ဖွင့်ရင် Joint Venture စလုပ်ဖို့ မလိုပဲ ဘဏ်ခွဲတစ်ခုလုံး ဖွင့်ခွင့် ပေးနိုင်အောင် စီစဉ်ပေးလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အကြီးတန်း အရာရှိက ပြောပါတယ်။

နိုင်ငံတကာမှာလည်း တိုင်းပြည်ရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ မူဝါဒတွေ စပြောင်းပြီဆိုရင် JV ဆိုတဲ့ ဖက်စပ် ပုံစံထက် Branch တစ်ခုလုံးဖွင့်ခွင့်ပေးတဲ့ ပုံစံမျိုးတွေ နဲ့ ပေးလေ့ရှိတဲ့ ဥပမာတွေ ကိုလည်း တွေ့နိုင်မှာဖြစ်တယ် လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ အကြီးတန်း အရာရှိက ဆက်ပြောပါတယ်။
အစုစပ်ပုံစံနဲ့ပဲ စစ ၊ ဘဏ်တစ်ခုလုံးဖွင့်ခွင့်ပေးတာနဲ့ပဲ စစ၊ ဘယ်ပုံစံပဲ ဖြစ်ဖြစ် ဆိုးကျိုးကောင်းကျိုးတွေ ရှိနေတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အကြီးတန်း အရာရှိရဲ့သုံးသပ်ချက်အရတော့ JV လုပ်ရင်တော့ ပြည်ပ က ဘဏ်အကြီးတွေ ဝင်လာတဲ့ ပုံစံမျိုး ရှိနိုင်တော့မဟုတ်သလို၊ နိုင်ငံတကာက ခပ်သေးသေးဘဏ်တွေ ပဲ လာရောက်နိုင်တော့မယ့် သဘော ရှိတယ်လို့ ပြောပါတယ်။

ဘဏ်တစ်ခု လုံးဖွင့်ခွင့်ပေးလိုက်တဲ့အခါမှာတော့ ပြည်တွင်းက ဘဏ်လုပ်ငန်းတွေ တိုးတက်မှုတွေ ဖြစ်လာနိုင်သလို၊ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်တွေ ဖွင့်ဟပေးတဲ့ ပုံစံမှာလည်း ဘဏ်တစ်ခုလုံးဖွင့်ခွင့်ပေးတဲ့ ပုံစံတွေ ကို နိုင်ငံတကာမှာ ကျင့်သုံးတာများတဲ့ အတွက် အခုလို ပေးဖို့ စီစဉ်ထားရတာလို့ ပြောပါတယ်။

ဒါပေမဲ့ ပြည်တွင်းက မြန်မာနိုင်ငံသားပိုင်ဘဏ်တွေ အကြပ်အတည်းနဲ့ မရင်ဆိုင်ရအောင် ပြည်ပ က ဘဏ်ကြီးတွေ ပေါ်မှာ အနည်းငယ် ကန့်သတ်ချက်တွေတော့ ထားရှိမှာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ အကြီးတန်း အရာရှိကပြောပါတယ်။

ထားရှိတဲ့ ကန့်သတ်ချက်တွေကတော့ ဘဏ်ခွဲအနေနဲ့ ကန့်သတ်တာမျိုး၊ ငွေအပ် လက်ခံတဲ့အခါ ကန့်သတ်တာမျိုး၊ ငွေချေးပေးတဲ့အခါ ကန့်သတ်တာမျိုး စတဲ့ကိစ္စတွေရှိလာနိုင်ပေမဲ့ နိုင်ငံတကာ စံနှုန်းတွေ နဲ့ အညီသာ ကန့်သတ်မှုတွေ ထားရှိမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံတကာ ဘဏ်တွေက ရုံးခွဲဖွင့်လှစ်ထားတာ ၃၉ ခုထိရှိပြီးတော့ Standard Chartered လို Bangkok Bank လို Australia နဲ့ New Zealand နိုင်ငံတွေက ဘဏ်ကြီးတွေ က ရုံးခွဲဖွင့်လှစ်ထားတာဖြစ်ပါတယ်။

အခုဆောင်ရွက်ချက်ဟာ ရှေ့လာမယ့်၂၀၁၄ နှစ်ဆန်းပိုင်းမှာ အမှန်တကယ် ဖြစ်လာမယ်ဆိုရင်တော့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လက်အောက်ကနေ နှစ်ပေါင်း၅၀ ကျော်အတွင်း သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်လာပြီးနောက်ပိုင်း ကိုယ်ပိုင်ဆုံးဖြတ် လုပ်ဆောင်တဲ့ ကိစ္စကြီးတစ်ခုလည်းဖြစ်လာမှာပါ။
XS
SM
MD
LG