သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ငြိမ်းချမ်းရေးခါင်းဆောင်ရဲ့ခင်ပွန်း ဘင်္ဂလားဒေ့ရ်ှမှာဖမ်းခံရ


ရခိုင်အမျိုးသမီးခေါင်းဆောင် ဒေါ်စောမြရာဇာလင်း
ရခိုင်အမျိုးသမီးခေါင်းဆောင် ဒေါ်စောမြရာဇာလင်း

အစိုးရနဲ့ အပစ်ရပ်စာချုပ်ချုပ်ဆိုထားတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်က မိမိရဲ့ ခင်ပွန်းကို ဘင်္ဂလားဒေရှ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာဟာ လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ဆက်စပ်တိုင်ကြားလို့ဖြစ်ကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုပြီး လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာမှ မိမိတို့ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအဖဲ့ွဝင် ဒေါ်စောမြရာဇာလင်းရဲ့ ခင်ပွန်းဖြစ်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဦးဦးချစ်မောင်ဟာ ဒီလ ၁၈ရက်နေ့က ရန်ကုန်မြို့ကို အလာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့ လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရချိန်မှာ ဘယ်အဖွဲ့အစည်းက ဖမ်းဆီးမှန်းမသိရတဲ့အတွက် ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့တဲ့နောက် ၁၉ရက်နေ့ ညနေမှာမှ အစိုးရအဆင့်မြင့်အဖွဲ့အစည်းတခုက ဖမ်းဆီးကြောင်း ရဲတပ်ဖွဲ့က အသိပေးခဲ့သလို ၂၀နဲ့ ၂၁ရက်နေ့တွေမှာတော့ မိသားစုနဲ့ တွေ့ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒေါ်စောမြရာဇာလင်းဟာ ALP ခေါ် ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သလို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်မှာလည်း ဦးဆောင်ပါဝင်နေသူတဦးဖြစ်ပါတယ်။

လက်ရှိ ခင်ပွန်းသည်ဖမ်းဆီးခံရမှုဟာ သူနဲ့ ဆက်စပ်သလို ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ဆက်စပ်ပြီးတိုင်ကြားခံရတာကြောင့် ဖြစ်တယ်လို့ ဒီနေ့ ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

"ကျမတို့ လေ့လာသိရှိရသလောက်ဆိုရင် ကျမနဲ့ ဆက်စပ်တယ်။ ကျမဟာဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အန္တရာယ်ပြုနိုင်တဲ့လူဆိုပြီးတော့ ကျမကို တိုင်ထားတဲ့လူတွေရှိတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ထောက်လှမ်းရေးတွေကို တိုင်ထားတဲ့လူတွေရှိတယ်။ သူလည်း ကျမနဲ့ ဆက်စပ်ပြီးတော့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အန္တရာယ်ပြုနိုင်တဲ့လူဆိုတဲ့ ပုံစံမျိုးနဲ့ တိုင်ထားတယ်။ ပြီးလို့ရှိရင် အခုမကြာခင်ကဖြစ်သွားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ် မောင်တောပြဿနာတွေနဲ့ ရောထွေးပြီးတော့မှ အဲလိုပုံစံမျိုးတွေရေးပြီးတော့ တင်ထားတယ်ဆိုတာကို ကျမတို့ သိရတယ်။"

နယ်စပ်ပြဿနာနဲ့ ဆက်စပ်ပြီး တိုင်ကြားထားပေမဲ့ ဒီကိစ္စတွေကို ပါဝင်ပတ်သက်မှုမရှိကြောင်းလည်း ဒေါ်စောမြရာဇာလင်းက ငြင်းဆိုထားပါတယ်။

"မကောင်းမှုကို ကြံစည်တဲ့လူဟာဆိုရင် ဒီနယ်စပ်ပြဿနာကိုထည့်ပြီးတော့ လုပ်ထားတာကို ကျမတို့ တွေ့နေရပါတယ် စွဲချက်မှာ။ ကျမတို့ ဒီလိုပြဿနာတွေမှာ ဝင်ပါစရာအကြောင်းမရှိဘူး။ သူ့အနေနဲ့လည်း ဘယ်သောအခါမှလည်း အဲလိုကိစ္စမျိုးကို စဉ်းစားမှာမဟုတ်ဘူး။"

ခင်ပွန်းဖြစ်သူလွတ်မြောက်ရေးအတွက် မြန်မာအစိုးရကိုလည်း ကြားဝင်ဆောင်ရွက်ပေးဖို့ အကူအညီတောင်းခံသွားမယ်လို့လည်း ဆက်ပြောပါတယ်။

"ကျမတောင်းဖို့ကြိုးစားနေပါတယ်။ ကျမက ဒီမှာ EAO တွေနဲ့ ညှိနေတယ်။ ကျမဟာ ငြိမ်းချမ်းရေးကို လုပ်နေတဲ့သူဖြစ်တယ်။ ကျမအမျိုးသားဆိုရင်လည်း ကောင်းသောအလုပ်ကိုပဲ လုပ်နေတဲ့လူပဲဖြစ်တယ်။ ကျမနဲ့ ပတ်သက်ပြီးတော့မှ ဘာသံသယမှ ရှိစရာလည်းအကြာင်းမရှိဘူး။ အဲဒါကြောင့်မို့လို့ ကျမကို ကူညီပေးကြပါ။ ကျမကို စာရေးပေးကြပါဆိုပြီးတော့ EAO ကို ပြောပါတယ်။ ပြီးရင် ကျမ Peace Commission ကိုလည်း မေတ္တာရပ်ခံသွားမယ်။ UPDJC တခုလည်းကိုလည်း မေတ္တာရပ်ခံသွားမှာပါ။ Peace Process တခုလုံး ရှေ့ကိုလှမ်းနိုင်ဖို့အတွက် ကျမ ကြိုးစားနေသူတယောက်ဖြစ်တယ်။ ပြီးလို့ရှိရင် NCA ရှေ့ကိုသွားနိုင်ရန်အတွက်လည်း ကျမရှေ့ကိုကြိုးစားသွားနေတဲ့လူဖြစ်တာမို့လို့ အစိုးရကိုလည်း မေတ္တာရပ်ခံသွားမှာပါ။"

ဒေါ်စောမြရာဇာလင်းရဲ့ ခင်ပွန်းဖြစ်သူ ဦးဦးချစ်မောင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်အမျိုးသားတဦးဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု ပါဝင်ခဲ့သူဖြစ်တာကြောင့် တိုက်ပွဲဝင် သူရဲကောင်းဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ သူဟာ ၁၉၉၀ခုနှစ်မှာ ရခိုင်ဗုဒ္ဓဘာသာဖွံ့ဖြိုးရေးအသင်းကို ထူထောင်ပြီး ဥက္ကဌအဖြစ် ၁၀နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သလို ၁၉၉၃ခုနှစ်မှာ Rakhine Development Foundation ကိုတည်ထောင်ပြီး ဘင်္ဂလားဒေ့ရှ်ရှိ ရခိုင်အမျိုးသားတွေရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းတွေကို ကူညီနေသူဖြစ်ပါတယ်။ စစ်တွေမြို့မှာ အခြေစိုက်ဖွဲ့စည်းထားတဲ့ သက်တံရောင် မိခင်နဲ့ ကလေးဖောင်ဒေးရှင်းလုပ်ငန်းနဲ့ မြန်မာပြည်ကို လာရောက်ချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး မနက်ဖန်မှာ တရားရုံးထုတ်ဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG