သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းအမှု အယူခံဝင်ဖို့ ပြင်ဆင်


ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းမှာ သတ်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ သေဒဏ် ချခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့အမှုကို ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း ဆက်ပြီး အယူခံဝင်သွားနိုင်ဖို့အတွက် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီနဲ့ ဘန်ကောက်မြို့က မြန်မာသံအမတ်ပါဝင်တဲ့ လိပ်ကျွန်းအမှုအတွက် လိုက်ပါဆောင်ရွက်နေတဲ့ မြန်မာသံရုံးအထူးကော်မတီတို့ တွေဆုံခဲ့ပြီး သက်သေအထောက်အထား အချက်အလက် စုဆောင်းဖို့ အတွက်ပြင်ဆင်နေကြပါတယ်။ မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းမှာ သတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ် ချခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့ အမှုနဲ့ ပတ်သက်လို့လိပ်ကျွန်းအမှုအတွက် ဖွဲ့စည်းထားတဲ့ မြန်မာသံရုံးအထူးကော်မတီဝင်တွေ နဲ့ ထိုင်းရှေ့နေများကောင်စီနဲ့ တိုင်ပင်ဆွေးနွေးမှုတွေလုပ်ခဲ့အပြီးမှာတော့ မြန်မာသံအမတ်ဦးဝင်းမောင်က ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်းဆက်ပြီး အယူခံဝင်သွားမယ်လို့ ပြောဆိုသွားပါတယ်။

“ထိုင်းနိုင်ငံအစိုးရနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အယူခံဝင်နိုင်ကြောင်း လမ်းခင်းပေးတဲ့အတွက် ကျနော်တို့ ဆက်ပြီး အယူခံဝင်ပြီးတော့ ဒီကလေးတွေရဲ့မျှော်လင့်ချက်ကို ဆက်လက်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ထိုင်းရှေ့နေများကောင်စီဟာ ရှေ့နေ ၁၁ ဦးပါအဖွဲ့နဲ့မြန်မာလူငယ်၂ ဦးရဲ့အမူကို အခမဲ့ ရှေ့နေ လိုက်ပေးခဲ့ပြီး တရားမျှတစွာ စီရင်နိုင်ဖို့အတွက် ဥပဒေကြောင်းအရ အကူညီပေးနေခဲ့တာပါ။ သူတိုအနေနဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထား တွေလုံလောက်စွာမရခဲ့တာကြောင့် ဒီအမူကို လိုက်ပါဆောင်ရွက်တဲ့အခါမှာ လိုအပ်ချက်တွေလည်းရှိနေခဲ့တယ်လို့ ဆိုပါတယ် ။ ဒီကနေ့မှာတော့ ထိုင်းရှေ့နေများကောင်စီက မြန်မာသံအမတ်နဲ့ လိပ်ကျွန်း အတွက် ဖွဲစည်းထားတဲ့ မြန်မာသံရုံးအထူးကော်မတီနဲ့ တွေဆုံပြီး မြန်မာလူငယ်၂ ဦး အတွက် အယူခံဆက်တက်နိုင်ဖို့ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်နိုင်တဲ့အချက်တွေကို ဆွေးနွေးပြောဆိုခဲ့တယ်လို သံရုံးအထူးကော်မတီခေါင်းဆောင်ဖြစ်တဲ့ ဦးကျော်သောင်းက ပြောပါတယ်။

“ရှေ့နေများကောင်စီ ဥက္ကဋ္ဌက Dej Udom Krairit ပေါ့နော်။ သူကပြောတာက အချက် ၃ ချက်ပြောတယ်။ အယူခံကိစ္စမှာတဲ့ အမှုကို အစကနေအဆုံးအထိ ပြန်ပြီးတော့ စစ်ဆေးပေးဖို့ တောင်းဆိုနိုင်စရာကိစ္စရှိတယ်တဲ့။ အဲဒါတွေကတော့ ဘာလဲဆိုတော့ နံပတ် ၁ သက်သေခံတွေဟာ လွဲမှားတယ်။ သက်သေတွေလည်းလွဲမှားတယ်ဆိုပြီးတော့ ကျနော်တို့ဘက်က တရားခံဘက်က ချေပနိုင်တဲ့အချက်အလက်ရှိရင် တင်ပြလို့ရတယ်တဲ့။ နံပတ် ၂ အချက်ကတော့ ပစ္စည်းသက်သေတွေဟာ အတုအပတွေဖြစ်နေတယ်။ အစစ်အမှန်မဟုတ်ဘူး။ နောက်ပြီးတော့ တင်ပြတဲ့အချက်အလက်တွေကလည်း အမှားအယွင်းတွေဖြစ်နေတယ်ဆိုလို့ရှိရင်လည်း ပြန်ပြီးတော့မှ အမှုကို အစအဆုံးပြန်ပြီးတော့ စစ်ဆေး လို့ရပါတယ်။ နံပတ် ၃ အချက်က ထပ်ပြီးတော့ တင်ပြနိုင်တဲ့ သက်သေတွေ ပစ္စည်းတွေ၊ သက်သေက သက်မဲ့၊သက်ရှိ သက်သေတွေ ရှိခဲ့ရင် ဒီအချက် ၃ ချက်ထဲက တချက်ချက် ကိုယ့်ဘက်က ထောက်ပြနိုင်စရာ ပြောနိုင်စရာရှိရင် ဒီအမှုကို အစအဆုံးထိပြန်ပြီးတော့ စစ်ဆေးခွင့်တင်လို့ရပါတယ်တဲ့။ ဒီအချက် ၃ ချက်ထဲမှာ တခုခုတောင်လည်းကောင်း ၊ အချက် ၂ ချက်သော်လည်းကောင်း၊ အချက် ၃ ချက်သော်လည်းကောင်း ၊ တခုခုရှိခဲ့လို့ရှိရင် မိသားစုဝင်တဦးဦးက ပြန်ပြီးတော့ ဒီအမှုကိစ္စကို ပြန်လည်စစ်ဆေးပေးဖို့အတွက် တောင်းဆိုလို့ရပါတယ်တဲ့။”

ရန်ကုန်အပါအဝင် နယ်စပ်မြို့တွေမှာတော့ မြန်မာနိုင်ငံသားလူငယ် ၂ ဦးကိုပြန်လွှတ်ပေးဖို့နဲ့ တရားမျှတမှုကို တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြဆန္ဒပြပွဲတွေက ဖြစ်နေဆဲပါ။

ဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကိုလည်း ဝေဖန်ကြတာတွေလည်းရှိနေပါတယ်။ ဒီအတွက် ထိုင်းရှေ့နေများကောင်စီက ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်တည့်မတ် မှန်ကန်တာကို ပြသဖို့အတွက် ဒီအမှုနဲ့ပတ်သက်လို့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေပေးဖို့ တောင်းဆိုခဲ့တယ်လို့ဦးကျော်သောင်းက ဆက်ပြောပါတယ်။

“ငါတို့တိုင်းပြည်ရဲ့တရားစီရင်ရေးမဏ္ဍိုင် ဘယ်လောက် တည့်မတ် မှန်ကန်သလဲဆိုတာပြချင်တယ်။ နင်တို့တွေ ဒီကနေပြီးတော့ ဒီလိုခိုင်မာသေချာတဲ့ သက်သေအချက်အလက်တွေ ထွက်လာလိမ့်မယ်လို့ ငါတို့မျှော်လင့်တယ်။ အမြန်ဆုံး ငါတို့ကို ကူညီပေးပါလို့ မေတ္တာရပ်ခံပါတယ်။

ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်းမှာတော့ သက်သေထွက်ပေးနိုင်တဲ့ သူတွေရဲ့ နေထိုင်ရေးအလုပ်အကိုင်နဲ့ လုံခြုံရေးကိစ္စတွေကို မြန်မာသံရုံးနဲ့ လိပ်ကျွန်းအထူးကော်မတီတို့က တာဝန်ယူပေးနိုင်တာတွေ မရှိတဲ့အတွက် လိပ်ကျွန်းပေါ်မှာ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားသက်သေတွေ ရသင့်သလောက် မရရှိခဲ့ဘူးလ့ို ဦးကျော်သောင်းကဆိုပါတယ်။

ဒီကနေမှာတော့ရန်ကုန်အပါအဝင် ထိုင်း-မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီမြို့နဲ့ ဘုရားသုံးဆူမြို့ တွေမှာတော့ ဆန္ဒပြမှုတွေ ဆက်ဖြစ်ပေါ်နေပါတယ်။

XS
SM
MD
LG