သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကုလစွပ်စွဲချက် ကန်မြန်မာသံအမတ်ကြီး တုံ့ပြန်


အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း နှင့် VOA တွေ့ဆုံမေးမြန်းစဉ် (ဖေဖော်ဝါရီလ ၂၀၁၈)
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း နှင့် VOA တွေ့ဆုံမေးမြန်းစဉ် (ဖေဖော်ဝါရီလ ၂၀၁၈)

ရခိုင်ပြည်နယ်မှာဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုအထိ ကျုးလွန်ရာရောက်နိုင်တဲ့ အထောက်အထားတွေ ထပ်မံတွေ့ရှိနေရတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က Yanghee Lee က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အစီရင်ခံစာတင်သွင်းဖို့ရှိနေပါတယ်။ မြန်မာအစိုးရခေါင်းဆောင်တွေ အနေနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားတာ၊ တားဆီးတာ၊ ပြစ်တင်ရှုတ်ချတာတွေ မရှိခဲ့ကြောင်းလည်း အစီရင်ခံစာမှာပါရှိပါတယ်။ ဒီလိုလူ့အခွင့်အရေးကိုယ်စားလှယ် Yanghee Lee ရဲ့ တင်သွင်းဖို့ရှိနေတဲ့အစီရင်ခံစာနဲ့ပတ်သက်လို့ သက်သေအထောက်အထားပြည့်စုံစွာ ပြပါ -အခုစွပ်စွဲနေတဲ့ ဒီလူမျိုးတုန်းသတ်ဖြတ်မှုတွေ လူမျိုးတုန်းသန့်စင်မှုတွေဟာ အစိုးရရဲ့ မူဝါဒ သဘောထားမဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကပြောဆိုလိုက်ပါတယ်။ မြန်မာသံအမတ်ကြီးဦးအောင်လင်းကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မဆုမွန်။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို သူက အဓိက မြန်မာနိုင်ငံက လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ ဆိုင်တဲ့ အထောက်အထားတွေကို ထပ်ပြီးတွေ့တယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးဖို့လိုတယ်ဆိုပြီး ထပ်ပြီးတင်တာရှိတယ်ပေါ့နော် အဲဒါနဲ့ ပတ်သက်ပြီး သံအမတ်ကြီး မှတ်ချက် တစုံတရာပေးနိုင်မလားလို့ပါရှင်။

မြန်မာသံအမတ်ကြီးဦးအောင်လင်း။ ။ ကျနော်ကတော့ ကုလသမဂ္ဂ နဲ့ ပတ်သက်တဲ့ကိစ္စတွေလုပ်တာတော့မဟုတ်ပါဘူး ဒါပေမယ့် ကျနော့်အနေနဲ့ ပြောလို့ရတာကတော့ ဒီဟာနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြည်ထောင်စု ဝန်ကြီးလည်း ပြောပြီးပါပြီ။ ဒါနဲ့ ပတ်သက်ပြီး ပြောချင်ရင် ကျနော်တို့ကို သက်သေအထောက်အထားနဲ့ ပြပါ ၊ ကျနော်တို့လည်း ရှင်းပြဖို့ အဆင်သင့်ရှိပါတယ် ဆိုတာကိုတော့ ကျနော်ထပ်ပြီးတော့ ပြောပါရစေ။

မဆုမွန်။ ။ သူ့အစီရင်ခံစာမှာပါတာက မြန်မာအစိုးရစစ်ခေါင်းဆောင်တွေက ဒီလို လူ့အခွင့်အရေးချိုးဖောက်တာတွေကို ဟန့်တားတာမျိုး၊ တားဆီးတာမျိုး ပြစ်တင်ရှုံ့ချတာမျိုး မရှိဘူးလို့ ပြောထားပါတယ် အဲဒီအပေါ်မှာရော သံအမတ်ကြီးအနေနဲ့ ဒီပြောဆို စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ တုံ့ပြန်ချင်ပါသလဲရှင့်။

မြန်မာသံအမတ်ကြီးဦးအောင်လင်း။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မနေ့တုန်းက VOA မှာ ဝန်ကြီးဦးသောင်းထွန်းနဲ့ ပြောထားတာတွေကို မှတ်ချက်ပြုထားတာရှိပါတယ်။ VOAလည်း သိရှိပြီလို့ ကျနော်ထင်ပါတယ်။ ဦးသောင်းထွန်းကလည်း ပြောပြီးပါပြီ။ မြန်မာနိုင်ငံက ဒီကိစ္စနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတို့ လူမျိုးတုန်း သတ်ဖြတ်တာတို့ လူမျိုးတုန်း သန့်စင်တာတို့ က အစိုးရရဲ့ မူဝါဒမဟုတ်ပါဘူးလို့ ၊ အမြဲတမ်းဆန့်ကျင်ပါတယ်လို့ ပြောပြီးသား ဖြစ်ပါတယ်။

မဆုမွန်။ ။ နောက်တခုက မြန်မာစစ်တပ်ကနေပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်တာလည်းရှိပါတယ်။ ဒါပေမယ် ့ တကယ်ဖြစ်ခဲ့တဲ့ တချို့ဖြစ်ရပ်တွေကို စစ်တပ်ကိုယ်တိုင်ကလည်း စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ပြန်ပြီး စစ်ဆေးနေတာမျိုးတွေ အရေးယူတာမျိုးလည်းရှိပါတယ်။ ဒီလို အခြေအနေမှာ ဒီလိုထပ်ပြီးတော့ စွပ်စွဲချက်တွေ နဲ့ စွပ်စွဲလာတာ သံအမတ်ကြီး ဘယ်လိုများထင်ပါသလဲရှင့်။

မြန်မာသံအမတ်ကြီးဦးအောင်လင်း။ ။ ကျနော့်အနေနဲ့ကတော့ နိုင်ငံတော်က ပြောထားပြီးဖြစ်ပါတယ်။ ဒီလိုကိစ္စတွေရှိမယ်ဆိုရင် အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကိုပြပါ။ ကျနော်တို့ ဖြေရှင်းဖို့အဆင်သင့်ရှိပါတယ်ဆိုတာကို ထပ်လောင်းပြီး ပြောပါရစေ။

မဆုမွန်။ ။ ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ သံအမတ်ကြီး ဒီလိုမျိုး ကုလမှာရော နိုင်ငံတကာမှာပေါ့နော် တခြား ဒီသတင်းမီဒီယာတွေမှာပါ မြန်မာအစိုးရ ဒီရခိုင်အရေးနဲ့ လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီးတော့ စွပ်စွဲတာတွေ ဖိအားပေးတာတွေ ၊ နောက်ခုနပြောသလို စီရင်ချက်တွေ မှတ်တမ်းတွေမှာပြောနေတာတွေ ရှိတယ် အဲဒီအနေအထားအပေါ်မှာ သံအမတ်ကြီးအနေနဲ့ နိုင်ငံတကာကိုရော ကုလကိုရော ဘယ်လိုများတုံ့ပြန်ချင်တာရှိပါသလဲရှင့် ။

မြန်မာသံအမတ်ကြီးဦးအောင်လင်း။ ။ ဒါကတော့ ကျနော်တို့ အစိုးရမူဝါဒအတိုင်းပဲ ကျနော်ပြောပါရစေ။ ဒေါ်အောင်ဆန်စုကြည်လည်းပြောပြီးပါပြီ။ ကျနော်တို့နိုင်ငံဆိုရင် စေတနာ သန့်သန့်နဲ့ တကယ်ပဲ မေတ္တာတရားထားပြီးတော့ တကယ်ပဲ ဒီဟာကို ဆောင်ရွက်နေပါတယ်။ အဖြစ်မှန်ကိုရင်ဆိုင်ဖို့ ကျနော်တို့ ဆန္ဒရှိပါတယ်ဆိုတာကို ကျနော်တွေ့တဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ အလွှာပေါင်းစုံကလူ အသီးသီးကို ပြောနေပါတယ်။ ဆက်လက်ပြီးတော့လည်း ပြောဖို့ရှိပါတယ်ဆိုတာကို ပြောပါရစေ။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့် သံအမတ်ကြီးကျေးဇူးအများကြီးတင်ပါတယ်။

မြန်မာသံအမတ်ကြီးဦးအောင်လင်း။ ။ ဟုတ်ကဲ့ပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG