သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ သြဂုတ်လ တံခါးဖွင့်ဆွေးနွေးပွဲအပေါ် မြန်မာသံအမတ်ကြီး အမြင်


ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း

သြဂုတ်လ ၂၈ ရက် လုံခြုံရေး ကောင်စီမှာ ကျင်းပမယ့် မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေ တိုးတက်မှုတွေကို မြန်မာအစိုးရဘက်က တင်ပြဖို့ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ဗွီအိုအေကို ပြောပါတယ်။

လုံခြုံရေးကောင်စီက ဖိအားပေးနေတဲ့ ဒုက္ခသည်တွေ လက်ခံရေး အပါအဝင် နိုင်ငံသားဖြစ်ခွင့် ကိစ္စမှာ မြန်မာဘက်က အဆင်သင့်ဖြစ်နေပေမယ့် နိုင်ငံရဲ့ အချုပ်အချာအာဏာ လုပ်ပိုင်ခွင့်နဲ့အညီ စိစိစစ်စစ်နဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

သြဂုတ်လအတွက် လုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကအဖြစ်ဆောင်ရွက်မယ့် ဗြိတိန်နိုင်ငံ လုပ်ငန်းစဉ်တွေထဲမှာ သြဂုတ်လ ၂၈ ရက်မှာ ကျင်းပမယ့် မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေးပွဲ အစီအစဉ်ပါဝင်ကြောင်း ဗြိတိန်သံအမတ်ကြီး Karen Pierce က မနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ် မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသွားပါတယ်။ ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက အခုလိုပြောပါတယ်။

“တံခါးဖွင့်ပြီးတော့ briefing လုပ်တော့ ပြောခွင့်ရတော့ ကျနော်တို့ နှစ်နိုင်ငံတော့ ပေးမှာပေါ့နော်။ ကျနော်တို့ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်နေတဲ့ဟာ၊ တိုးတက်ဖြစ်ပေါ်မှု ဒါတွေ ကျနော်တို့ ပြောမှာပေါ့လေ။ ဘင်္ဂလားဒေ့ရှ်ကလည်း ပြောမှာပေါ့။”

ထူးခြားချက်အဖြစ် ဒီလနှောင်းပိုင်းမှာ ပြုလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကိုယ်တိုင် တက်ရောက်ဆွေးနွေးဖို့ မျှော်လင့်ထားကြောင်းနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ် Jeremy Hunt ကိုယ်တိုင် ဆွေးနွေးပွဲကို ဦးဆောင်ဖို့ ရှိကြောင်း သံအမတ်ကြီး Karen Pierce ပြောကြားခဲ့တဲ့အပေါ်မှာ သံအမတ်ကြီး ဟောက်ဒိုဆွမ်းက သူ့ရဲ့ အမြင်ကို အခုလိုပြောပါတယ်။

“ အတွင်းရေးမှူးချုပ်ဘက်ကလည်း သူပြောချင်ရာ ပြောမှာပေါ့လေ။ တိုးတက်မှုတွေ ဘာတွေရှိတယ်၊ ဘာတွေ ဆက်လုပ်စရာရှိတယ် စသဖြင့် သူ့အမြင် သူပြောမှာပေါ့။ ပုံမှန်အားဖြင့် သဘာပတိ အလှည့်ကျတဲ့သူတွေကတော့ သူတို့ နိုင်ငံခြားရေးဝန်ကြီးကတော့ လာလေ့ရှိပါတယ်။ အခုကတော့ သူတို့ နိုင်ငံခြားရေးဝန်ကြီး အသစ်ပေါ့လေ။ Jeremy Hunt ကလာမယ်ဆိုတော့ သူ သဘာပတိလုပ်မှာပေါ့။ လုံခြုံရေးကောင်စီအလှည့်ကျမှာတော့ သူတို့ လုပ်လေ့ရှိပါတယ်။ မြန်မာကိစ္စကလည်းပဲ စိတ်ဝင်စားကြတာဖြစ်တယ်ဆိုတော့ လုပ်မှာပေါ့လေ။”

ဇူလိုင်လက လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲ ကျင်းပပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒုက္ခသည်အရေးကိစ္စ မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ တိုးတက်မှုအခြေအနေတွေကို သံအမတ်ကြီးက အခုလို ပြောပါတယ်။

“ကုလသမဂ္ဂနဲ့ သုံးပွင့်ဆိုင် လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာ MOU နဲ့ ပတ်သက်ပြီးတော့ technical working group က ရခိုင်ဘက်ကို သွားထားတာရှိတယ်။ လေ့လာထားတာတွေရှိတယ်။ ဒီဟာတွေရဲ့တိုးတက်မှုတွေ ရှိမယ့်အပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးကလည်း ရှေ့အပတ်ထဲမှာ မြန်မာနိုင်ငံ လာဖို့ရှိတယ်လေ။ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ သဘောတူလက်မှတ်ထိုးထားတာ ရှိတယ်။ အဲတာနဲ့ ပတ်သက်လို့ လုပ်ငန်းကော်မတီဖွဲ့ထားတာလည်း သက်သက်ရှိတယ်။ အဲဒီအဖွဲ့ကလည်း ဒီလထဲမှာပဲ တွေ့မယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးလာတဲ့ ရက်ပိုင်းမှာပဲ တွေ့ဖို့ရှိမယ်။”

မေး။ ။ ဒုက္ခသည်တွေ ပြန်လက်ခံရေး အခြေအနေကရော ဘယ်လောက်အထိနီးစပ်မှုတွေ ရှိလာပြီးလဲရှင့်။

ဖြေ။ ။ ကျနော်တို့ကတော့ အဆင်သင့်ဖြစ်ပြီ၊ ပြန်ပို့ပါတော့ဆိုပြီး စိစစ်ပြီးသာ လူတွေလည်းရှိတာပဲလေ။ နိုင်ငံကနေ ထွက်သွားတဲ့သူတွေ မှန်တယ်၊ အဲဒီလူတွေ ပြန်ပို့လို့ရပြီဆိုပြီတော့ ကျနော်တို့ စာရင်းလည်း ပေးထားတာပဲ။ ၂၀၀၀ ကျော်ပေ့ါနော်။ ဒီကနေ စပြီး လုပ်လို့ရပြီပဲ။ ပို့လို့ရပြီပဲ။ ဘင်္ဂလားဒေ့ရှ်ဘက်က ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ မပို့တာကတော့ ကျနော်တို့လည်း မတတ်နိုင်ဘူး။ သို့သော် ကျနော်တို့က စလက်ခံလို့ရပြီ။ နောက်ပိုင်းအစီအစဉ်တွေကတော့ စောစောကပြောထားသလို UN လည်း ကျနော်တို့ လုပ်ထားတယ်။ UNHCR တို့လည်း ဝင်လာပြီဆိုတော့ စိစစ်မှုအပိုင်းတွေပဲဖြစ်ဖြစ်၊ ပြန်လည် ပို့ဆောင်မှုအပိုင်းမှာ ဖြစ်ဖြစ် သူတို့ကနေ ဝိုင်းဝန်းပြောဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်းပဲ နှစ်နိုင်ငံ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်နဲ့ အညီ အကောင်အထည်ဖေါ်ဖို့၊ သူတို့ဘက်ကလည်း လုပ်စရာရှိတာ လုပ်ဖို့ ဝိုင်းဝန်းပြောမှာပေါ့။ အဲဒါဆိုရင်တော့ ကျနော်တို့ စပြီးတော့ တဖြေးဖြေး အကောင်အထည်ဖေါ်လို့ရမှာပေါ့။ အကုန်လုံးကြီး တခါတည်းတော့ မရဘူးပေါ့ဗျာ။ စိစစ်ပြီးတော့ ကိုယ့်နိုင်ငံမှာ နေသွားတဲ့သူ ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာ သေသေချာချာ စိစစ်ပြီးတော့ လုပ်ရမှာပေါ့။ ဘယ်သူဖြစ်ဖြစ် ကိုယ့်ရဲ့ အချုပ်အချာအာဏာ လုပ်ပိုင်ခွင့်ထဲကနေ စည်းနဲ့ ကမ်းနဲ့ ဥပဒေနဲ့ လုပ်သွားရမှာပေါ့။

မေး။ ။ အခု ကျင်းပတော့မယ့် ကုလသမဂ္ဂအထွေထွေညီလာခံကို မြန်မာအစိုးရဘက်က ဘယ်သူတွေများ လာတက်မလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့။ နိုင်ငံ အကြီးအကဲအဆင့် လာဖို့တော့ ကျနော်တို့ ပြောလို့ မရသေးပါဘူး။ အနည်းဆုံးတော့ ဝန်ကြီးအဆင့်တော့ တက်မှာပါ။

(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို၂၀၁၈ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး အထွေထွေညီလာခံ ဥက္ကဌအသစ်အဖြစ် Ms. María Fernanda Espinosa Garcés ကတာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG