သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်နိုင်ငံဆက်ဆံရေးပိုကောင်းမယ်လို့ မြန်မာသံအမတ်ကြီးမျှော်လင့်


အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်
အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်မယ့် အစိုးရသစ်လက်ထက်မှာ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးပိုပြီးကောင်းမွန်လာမယ်လို့ မျှော်လင့်ကြောင်း အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းမှာ ရာသီဥတုဆိုးရွား ပြီး နှင်းမုန်တိုင်းရှိခဲ့တာကြောင့် မကျင်းပဖြစ်ခဲ့တဲ့ ဇန်နဝါရီလ (၄)ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ (၆၈)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို ဝါရှင်တန်ဒီစီက မြန်မာသံအမတ်ကြီးနေအိမ်မှာ မနေ့ အင်္ဂါနေ့က ကျင်းပခဲ့ရာမှာ သူက အဲဒီလို ပြောဆိုလိုက်တာပါ။ ဒီအခမ်းအနားရဲ့ဒီနှစ်ထူးခြားချက်နဲ့ပတ်သက်လို့ ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ အခုလို စပြောပါတယ်။

ထူးခြားချက်ကတော့ ကျွန်တော် ထင်တယ် နိုင်ငံတကာ သံတမန်တွေ ကြားမှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်လာမယ့် အစိုးရ အပြောင်းအလဲကို အားလုံးက အာရုံစိုက်နေမယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံမှာအပြောင်းအလဲတွေက ချောချောမွေ့မွေ့ ဖြစ်ပါ့မလား။ နောက်ပြီးတော့ အာဏာလွှဲပြောင်းရေး တာဝန်လွှဲပြောင်းရေးတွေမှာ လူတိုင်းလိုလိုက အကဲခတ်ကြည့်နေကြမယ့် အချိန်ဆိုတော့ ဒီအချိန်က အခု ရက်ပိုင်းအလို သီတင်းပတ် အနည်းငယ်အလိုမှာ မြန်မာသံရုံးမှာ ကျင်းပတဲ့ အခမ်းအနားဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာက အာရုံစူးစိုက်မှု ပိုပြီးတော့ ရတဲ့ အခမ်းအနားတစ်ခုလို့ ပြောရမှာပါခင်ဗျ။

အဲဒီအခမ်းအနားမှာ အမေရိကန် ဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့လဲ ကိုသိန်းထိုက်ဦး ပြောခွင့်ရတဲ့အတွက် သံအမတ်ကြီးရဲ့ သဘောထား ဘာတွေ သိရပါလဲ ရှင့်။

အဓိက သံအမတ်ကြီးကို အင်တာဗျူးလုပ်တာကတော့ မြန်မာနိုင်ငံမှာ အစိုးရ အဖွဲ့ အပြောင်းအလဲတွေ ဖြစ်လာနေတယ်။ မကြခင်မှာဆိုရင် သမ္မတ ဒုသမ္မတ လောင်းတွေ ကြေငြာဖို့ ရှိနေတယ်။ ဒီအခြေအနေတွေက မြန်မာသံရုံးရဲ့ လုပ်ငန်းဆောင်တာတွေအပေါ်မှာ ဘာများ ရိုက်ခတ်မှု ရှိနိုင်မလဲ။ အပြောင်းအလဲတွေ ရှိနိုင်မလားပေါ့။ ဒါနဲ့ ပက်သက်လို့ သံအမတ်ကြီးကတော့ တိတိကျကျပြန်ပြီးတော့ ဖြေနိုင်တာ မရှိသေးဘူး။ အခုအချိန်အထိလဲ ဘာမှ ညွှန်ကြားချက် မရှိဘူးလို့ သူက ပြောပါတယ်။ ဒါပေမယ့်လည်း အပြောင်အလဲတွေက လတ်တလောဖြစ်သွားမှာမျိုးတော့ မဟုတ်ဘူး။ ဒီလိုပြောင်းလဲလိမ့်မယ်လို့ သူ့အနေနဲ့ မမျှော်လင့် ဘူးဆိုပြီးတော့ ပြောပါတယ် ခင်ဗျ။ ဒါပေမယ့် အမေရိကန် မြန်မာဆက်ဆံရေးနဲ့ ပက်သက်ပြီးတော့ ပိုပြီးတော့ ကောင်းမွန်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ခင်ဗျ။

ဒီနှစ်အခမ်းအနားမှာ သူတို့အမေရိကန်ဘက်က ထိပ်တန်းအရာရှိတွေကို ဖိတ်ကြားတာမျိုးကော ရှိပါသေးလားရှင့်။

ကျွန်တော်သိသလောက်တောအိမ်ဖြူတော်က အရာရှိအချို့နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဌာနက အရာရှိအချို့ကို ဖိတ်ကြားထားပါတယ်။ နိုင်ငံတကာ သံတမန်တွေကိုလည်း ဖိတ်ကြားထားပါတယ်။

ဒါနဲ့ပက်သက်လို့ပဲ မကြာသေးခင်က မအင်ကြင်းတို့လဲ သတိထားမိမှာပါ။ အမေရိကန် စီးပွားရေး အသိုင်းအဝိုင်းကနေပြီးတော့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ အားလုံးကို ရုတ်သိမ်းပေးဖို့ သမ္မတ အိုဘားမားအစိုးရကို တောင်းဆိုထားတဲ့ တောင်းဆိုချက်ရှိပါတယ်။ ဒီတောင်းဆိုချက်ကို ကြိုဆိုတဲ့အကြောင်းလည်း ဒီသံရုံးကနေ ကြိုဆိုတဲ့အကြောင်း လည်း ကြေငြာချက် ထုတ်ပြန်ထားတာရှိပါတယ်။ အရေးယူပိတ်ဆို့မှုတွေနဲ့ ပက်သက်ပြီးတော့ သံအမတ်ကြီး ဦးကျော်မျိုးထွတ်ကို မေးကြည့်ပါတယ်။

အရေးယူပိတ်ဆို့မှုတွေကတော့ မကြာခင်မှာ အားလုံးပဲ ရုတ်သိမ်းသွားမယ်လို့ သူ့အနေနဲ့ မျှော်လင့်တဲ့ အကြောင်း၊ နှစ်နိုင်ငံ အစိုးရတွေကြားမှာ ဒီအရေးယူပိတ်ဆို့မှုတွေကြောင့် ရင်းနှီးမြှုပ်နှံမယ့်သူတွေ အတွက် ဇဝေဇဝါ ဖြစ်နေရတဲ့ အခြေအနေတွေ ပပျောက်သွားမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောသွားပါတယ် ခင်ဗျ။

XS
SM
MD
LG