သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတရဲ့ လွတ်ငြိမ်းခွင့် နိုင်ငံတကာဖိအား တိုးဖွယ်ရှိ


မြန်မာသမ္မတရဲ့ လွတ်ငြိမ်းခွင့် နိုင်ငံတကာဖိအား တိုးဖွယ်ရှိ
မြန်မာသမ္မတရဲ့ လွတ်ငြိမ်းခွင့် နိုင်ငံတကာဖိအား တိုးဖွယ်ရှိ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) မြန်မာနိုင်ငံက ပြန်သွားခဲ့ပြီးတဲ့ နောက် ၂ ရက်အကြာ ဒီကနေ့မှာပဲ သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပြီး သေဒဏ်ကနေ တသက်တကျွန်းဒဏ်ကို ပြောင်းလဲတာ၊ ကျန်တဲ့ ထောင်ဒဏ်ကျသူတွေကို ထောင်ဒဏ် တနှစ်စီ လျှော့ပေါ့ပေးလိုက်တာတွေကို ဒီနေ့ ညနေနဲ့ ညပိုင်း မြန်မာအစိုးရ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ကြေညာသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ နိုင်ငံတကာ အသိုင်းအဝန်းက တိုက်တွန်းထားသလို၊ အများက မျှော်လင့်ထားသလို နိုင်ငံရေး အကျဉ်းသားတွေ အမြောက်အမြားကို ပြန်လွှတ်ပေးတာ မဟုတ်တဲ့အတွက် နိုင်ငံတကာရဲ့ ဖိအားကတော့ အခုထက်ပိုပြီး ကြီးမားလာနိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မစ္စတာ ဗီဂျေး နမ်ဘီးယား မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ၃ ရက် ခရီးစဉ်အတွင်း သမ္မတရဲ့ အကြံပေး ဦးကိုကိုလှိုင်က သမ္မတအနေနဲ့ သင့်တော်တဲ့ အချိန်မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးဖို့ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ တနင်္လာနေ့ ညနေမှာတော့ သမ္မတရဲ့ အမိန့်အမှတ် ၂၈ လွတ်ငြိမ်းချမ်းသာခွင့်ကို သတင်းတွေမှာ ကြေညာခဲ့ပါတယ်။

“မေလ ၁၇ ရက် မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှု တခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ် အသီးသီးကို အောက်ပါအတိုင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
(က) သေဒဏ်ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ် တသက်သို့ လည်းကောင်း၊
(ခ) ထောင်ဒဏ် ကျခံနေရသူများသည် ယင်းတို့အပေါ် သတ်မှတ်ထားသော ထောင်ဒဏ်ကို သာမန်ရရှိပြီးသော လျှော့ပေါ့ရက်များအပြင် ၁ နှစ် ထပ်မံ လျှော့ပေါ့ ရရှိစေရန်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

သေဒဏ်ကျနေသူတွေကို တသက်တကျွန်းဒဏ် ပြောင်းပေးပြီး ကျန်အကျဉ်းသားအားလုံးကို တနှစ် လျှော့ပေးမယ်ဆိုတဲ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကပါ ဝိုင်းဝန်း ပြောဆိုနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်အတွက် ရည်ရွယ်ပြီး ထုတ်ပြန်တာမျိုး မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက သုံးသပ်ပါတယ်။

“အခုထုတ်တယ်ဆိုတဲ့ လွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေးသမား၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်ထုတ်တာ မဟုတ်ဘူးလို့ အဲဒါပဲ ပြောနိုင်တာ။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ သမ္မတရဲ့ အကြံပေး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောဆိုခဲ့တာမို့ ဒါဟာ မျက်စိမှိတ် ငြင်းတာမျိုးလို့ ဆိုပါတယ်။

“ကျနော်တို့အမြင်ကတော့ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောတာ မျက်စိမှိတ် ပြောတာပဲ။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ရှာဖွေပြီး ပြစ်ဒဏ်ပေးထားတာက နိုင်ငံရေး အကျဉ်းသားတွေပဲ။ သူတို့ ထောင်ချခြင်တဲ့ လူတွေကို အပြစ် ပုဒ်မတွေနဲ့ စွဲပြီးတော့ တင်တယ်၊ အဲဒီပုဒ်မတွေနဲ့ ငြိသည်ဖြစ်စေ၊ မငြိသည်ဖြစ်စေ၊ အပြစ်ပေးတယ်။ ကျနော်တို့ ဒါတွေ တောက်လျှောက်တွေ့နေတာ။ တခုချင်းအလိုက် ပြောလို့လည်း ရတယ်။ အားလုံးခြုံပြီး ပြောလို့ရှိရင် သူတို့ဟာ အပြစ်ကျူးလွန်ခြင်း မရှိဘဲနဲ့ နိုင်ငံရေးအရသာ တာဝန်ရှိတယ်၊ အပြစ်ပေးတယ်လို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။ ဒါ မရှိဘူးလို့ ပြောတာက မျက်စိမှိတ်ပြောတဲ့ သဘောပဲ။ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ပဲ ပြောချင်တယ်။”

နိုင်ငံရေး အကျဉ်းသားတွေအတွက် ရည်ရွယ် ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်တဲ့အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စဉ်းစားတာမျိုး မဟုတ်ဘဲ နိုင်ငံတကာက မြင်ချင်တဲ့ ကြေညာချက်မျိုး မဟုတ်ဘူးလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ဦးတိတ်နိုင်က ပြောပါတယ်။

“ဒါ တော်တော့်ကို ဆိုးတဲ့ လွတ်ငြိမ်းချမ်းသာလို့ ပြောလို့ရပါတယ်။ သာမန် အကျဉ်းသားတွေထက် နိုင်ငံရေး အကျဉ်းသားတွေအတွက် ဆိုရင် ပိုပြီးတော့ ခံစားခွင့်က ပိုဆိုးတယ်။ အခုလို ပုံစံမျိုး အတည်ဖြစ်သွားပြီ၊ နောက်ထပ် ဆက်လက်ပြီး ထုတ်ဖို့ အစီအစဉ် မရှိတော့ဘူး ဆိုရင်တော့ နိုင်ငံတကာရဲ့ ဖိအားက ပိုတောင် ကြီးမားလာနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

“ဆိုတော့ သူတို့ ချမှတ်ထားတဲ့ နိုင်ငံရေး ပြစ်မှုတွေက အနိမ့်ဆုံး ၁၀ နှစ်၊ နောက်ပိုင်းမှာ အနှစ် ၃၀ တို့၊ အနှစ် ၂၀ တို့၊ ၈၈ မျိုးဆက် ကျောင်းသားတွေဆိုရင် အကုန်လုံး ၆၅ နှစ်စီ ချမှတ်ခံထားရတယ်။ ပြီးတော့ မတရားသဖြင့် ၆၅ နှစ် ချမှတ်ထားပြီးတော့မှ တနှစ်လျှော့တယ် ဆိုတဲ့ ကိစ္စမျိုးကတော့ နိုင်ငံတကာ ဖိအားတွေက ပိုပြီးတော့သာ ကြီးဖို့ ရှိပါတယ်။”

အစိုးရ အဖွဲ့သစ် ပေါ်ပေါက်လာအောင် ပုံသွင်းခဲ့တဲ့ စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကလည်း အခုလို သေဒဏ်ကျခံနေရသူတွေကို တသက်တကျွန်းဒဏ် ပြောင်းပေးခဲ့တာမျိုး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး သက်ညှာမှုတော့ မရှိပါဘူး။ လက်ရှိအစိုးရသစ်ဟာလည်း စစ်အစိုးရရဲ့ မူဝါဒတွေအတိုင်း ဆက်ပြီး လုပ်ကိုင်နေတာ ထင်ရှားတာမို့ နိုင်ငံတကာရဲ့ ဝိုင်းဝန်း ဖိအားပေးမှုတွေ ပိုပြီး တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG