သုံးရလွယ်ကူစေသည့် Link များ

အိုဘားမား မြန်မာခရီးစဉ် လူ့အခွင့်အရေးအဖွဲ့တွေ အကောင်းမြင်


ွှအမေရိကန်သမ္မတနဲ့ အရှေ့တောင်အာရှ လူငယ်များ ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမ တွင် တွေ့ဆုံ။

သမ္မတအိုဘားမားရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အပေါ် အားရကျေနပ်မှုတွေရှိပေမယ့် နောက်ဆက်တွဲဖြစ်စဉ်တွေကို စောင့်ကြည့်ဖို့လိုသလို ထိရောက်တဲ့ပြုပြင်ပြောင်းလဲရေးတွေအတွက် မြန်မာခေါင်းဆောင်တွေကို ဖိအားပေးဖို့လည်းလိုတယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ပတ်သက်လို့ အမေရိကန်သမ္မတအိုဘားအနေနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုသွားနိုင်ခဲ့တယ်လို့ ပြည်တွင်းပြည်ပ မြန်မာ့အရေးလှုပ်ရှားနေသူတွေ၊ အဖွဲ့အစည်းတွေက သုံးသပ်ခဲ့ကြပါတယ်။ အထူးသဖြင့် ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စိုးရိမ်မကင်းဖြစ်မိကြောင်း မြန်မာခေါင်းဆောင်တွေကို သမ္မတအိုဘားမား တိုက်ရိုက်ပြောဆိုခဲ့တဲ့အပေါ် ကျေနပ်မိတယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကဗွီအိုအေကိုပြောပါတယ်။

“အများပြည်သူရှေ့ သမ္မတအိုဘားမား မှတ်ချက်ပေးပြောဆိုသွားတာတွေအပေါ် ကျနော်တို့ အလွန်ပဲအားရပါတယ်။ ရိုဟင်ဂျာအရေးကိစ္စ အဖြေရှာဖို့၊ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ မှန်ကန်တဲ့လုပ်ငန်းစဉ်တွေလိုအပ်နေတာ၊ လူပုဂ္ဂိုလ်ကို ရည်စူးကန့်သတ်ရေးဆွဲထားပြီး စစ်တပ် ကိုယ်စားလှယ်တွေ အချိုးကျပါဝင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ စတဲ့အချက်တွေကို မြန်မာအစိုးရကို အလေးပေးပြောဆိုသွားပါတယ်။”

ဒါပေမဲ့လည်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာမြန်မာအစိုးရရဲ့လိုအပ်ချက်တွေကို အမေရိကန်အစိုးရအနေနဲ့ ဆက်ပြီး အသေအချာ အာရုံစိုက်ဖို့ လိုတယ်လို့ Brad Adams က ဆိုပါတယ်။

“သမ္မတအိုဘားမားနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးပွဲကနေအချိန်အတိုင်းအတာ အကန့်အသတ်နဲ့ဖေါ်ဆောင်ပေးဖို့ လိုအပ်တဲ့အချက်တွေ ရှင်းရှင်းလင်းလင်းမရှိခဲ့တဲ့အတွက် ကျနော်တို့ စိတ်ပျက်မိပါတယ်။ ယေဘုယျပြောရရင် သမ္မတအိုဘားမာရဲ့ မြန်မာနိုင်ငံခရီးစဉ်က ကောင်းတယ်ဆိုပေမဲ့ ခရီးစဉ်ရဲ့ ရလာဒ်တွေကို စောင့်ကြည့်ဖိုလိုသလို ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာအစိုးရကို ပိုပြီး ဖိအားပေးဖို့လိုနေပါတယ်။”

ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ US campaign for Burma ကတော့ သမ္မတအိုဘားမားဟာ ခရီးစဉ်အတွင်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့အချိန်မပေးခဲ့ဘူးလို့ အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Jennifer Quigley က အခုလို ဝေဖန်ပြောဆိုသွားပါတယ်။

“သမ္မတအိုဘားမားအနေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ခြင်းမရှိတဲ့အပေါ်မှာ ကျမတို့စိတ်ပျက်မိပါတယ်။ အချိန်တိုတောင်းတဲ့ခရီးစဉ်အတွင်း ကိုလီနီခေတ်က အတွင်းဝန်များရုံးဟောင်းကိုသွားရောက်လေ့လာဖို့ စီစဉ်ထားခဲ့ပေမယ့် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့ဖို့ ဦးစားပေးစီစဉ်ခဲ့ခြင်း မရှိတဲ့အချက်ကို ကျမတို့ အားရမှုမရှိပါဘူး။”

အမေရိကန်ပြည်ထောင်စုရဲ့ Peace Corps လို့ခေါ်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်အားပေး အစီအစဉ်တရပ်ကို မြန်မာနိုင်ငံမှာ ထူထောင်သွားမယ်လို့ သမ္မတ အိုဘားမားကြေညာသွားပါတယ်။ ဒီလိုဖွံ့ဖြိုးရေးဆိုင်ရာ အစီအစဉ်ကို ကြိုဆိုပေမယ့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ၊ တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားနယ်မြေတွေက ဒုက္ခသည်တွေအတွက် အကျိုးထိရောက်မှုရှိအောင် အကောင်အထည်ဖေါ်ဖို့လိုအပ်ကြောင်း Brad Adams ကပြောပါတယ်။

သမ္မတအိုဘားမားအနေနဲ့ အရှေ့တောင်အာရှလူငယ်များတွေ့ဆုံပွဲကတော့ မြန်မာခေါင်းဆောင်တွေအတွက် တကယ့်ကို စံနမူနာယူသင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ Brad Adams ကဆိုပါတယ်။

“မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းမှာ မူဝါဒရေးရာနဲ့ပတ်သက်လို့ အဲဒီလို ပွင့်ပွင့်လင်းလင်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးပွဲမျိုး မရှိပါဘူး။ သမ္မတအိုဘားမားရဲ့ တွေ့ဆုံပွဲဟာ လွတ်လပ်မှုကိုမြတ်နိုးတဲ့ လူငယ်တွေအတွက် တကယ့်ကို အရေးပါပြီး လွှမ်းမိုးမှုရှိပါတယ်။ သူတို့အနေနဲ့လည်း သူတို့နိုင်ငံခေါင်းဆောင်တွေနဲ့ အခုလိုပဲ ဆွေးနွေးဖို့ မျှော်လင့်နေကြမှာပါ။ သမ္မတဦးသိန်းစိန်၊ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံခေါင်းဆောင်တွေဟာ သူတို့နိုင်ငံက လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်ချက်တွေကို သိနားလည်တာမျိုး မရှိကြပါဘူး။”

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အရှေ့အာရှနဲ့ အာဆီထိပ်သီးဆွေးနွေးပွဲကို သမ္မအိုဘားမား မတက်ရောက်ခင်အချိန်ကလည်း မြန်မာ့ အသွင်ကူးပြောင်းရေး နောက်ကြောင်းပြန်လှည့်နေပြီဆိုတဲ့ စိုးရိမ်မကင်းဖြစ်မှုတွေကို HRW/ USCB စတဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေကို ထုတ်ဖေါ်ပြောဆိုခဲ့သလို အမေရိကန်အထက်နဲ့အောက် လွှတ်တော်အမတ် နှစ်ဒါဇင်ကျော်လောက်ကလည်း မြန်မာ့အရေး စိုးရိမ်ချက်တွေကို သမ္မတအိုဘားမားဆီကို လက်မှတ်ရေးထိုးပေးပို့ခဲ့ကြတာပါ။

သမ္မတအိုးဘားမားရဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၄ ရက်အထိ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာအစိုးရနဲ့ ပြည်သူတွေနွေး နွေးထွေးထွေး ကြိုဆိုမှုအပေါ် ရန်ကုန်အမေရိကန်သံရုံးက ကျေးဇူးတင်ရှိကြောင်းနဲ့ အထူးသဖြင့် ရန်ကုန်မြို့ခံပြည်သူတွေအနေနဲ့ သမ္မတခရီးစဉ်ကြောင့် ယဉ်အသွားအလာ ပိတ်ဆို့ခဲ့တာကို နားလည်သည်းခံခဲ့တဲ့အပေါ် အထူးကျေးဇူးတင်ပါကြောင်း နိုဝင်ဘာလ (၁၅) ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG