သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီတိုင်း အဂတိလိုက်စားမှုအတွက် အရေးယူပြီ


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီက တာဝန်ရှိသူ သုံးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ မနေ့က အရေးယူလိုက်ပြီး ထားဝယ်မြို့ မြို့မ ရဲစခန်းမှာ သူတို့လေးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုလေးမှုဖွင့် တရားစွဲ ထားပါတယ်။

NLD အရပ်သားအစိုးရလက်ထက် အခုလို တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို ပြင်းပြင်းထန်ထန် အရေးယူတဲ့ကိစ္စဟာ ဒေသခံပြည်သူတွေ ဘက်က အုပ်ချုပ်သူတွေရဲ့ အဂတိလိုက်စားမှုကို တိုင်ကြားချက်တွေကို အရပ်သားအစိုးရအနေနဲ့ နားထောင်ကြောင်း လက်တွေ့သာဓက ဖြစ်ပြီး အရင် စစ်အုပ်ချုပ်ရေးလက်ထက်တုန်းက ပြည်သူတွေအနေနဲ့ အခုလို အခွင့်အရေးမျိုး မရခဲ့ဘူးလို့ ကိုယ်တိုင်တိုင်ကြားခဲ့သူတဦးက ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ ဆက်ပြီးတင်ပြမှာပါ။

လက်ရှိအခြေအနေကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ မနေ့က အရေးယူခံလိုက်ရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို ထားဝယ်မြို့ မြို့မရဲစခန်း ဧည့်ရိပ်သာမှာ အကျယ်ချုပ် ထိန်းသိန်းထားတဲ့ သတင်းတွေ ထွက်နေပါတယ်။ မနေ့ညက မြို့မရဲစခန်းဘက် ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ ဒေသခံတဦးလည်းဖြစ်၊ ဒေါက်တာလဲ့လဲ့မော် အဂတိလိုက်စားခဲ့ကြောင်း တိုင်ကြားခဲ့သူလည်းဖြစ်သူကတော့ ဗွီအိုအေကို အခုလိုပြောပါတယ်။

"ညဘက်ကို မြို့မရဲစခန်းဘက်ကို သွားတဲ့အခါကျတော့ မြို့မရဲစခန်းမှာ လုံခြုံရေးတွေ အပြည့်ချထားတာတွေ့တယ်။ လုံခြုံရေးတွေ အပြည့်ချထားတာတွေ့တဲ့အခါကျတော့ မြို့မ ရဲစခန်းအနောက်မှာ ဧည့်ရိပ်သာတွေရှိတယ် အဲဒီ ဧည့်ရိပ်သာမှာ အကျယ်ချုပ်နဲ့ ထိန်းထားတယ်လို့ ကျနော်မြင်တယ်။"

မြို့မရဲစခန်းကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ရာမှာ ဖုန်းကိုင်ဖြေဆိုခြင်းမရှိသလို ထားဝယ်မြို့နယ်ရဲစခန်းကတော့ ဒေါက်တာ လဲ့လဲ့မော်ကို ဘယ်မှာ ထိန်းသိမ်းထားသလဲ ဆိုတာ သူတို့မှာ ပြောပိုင်ခွင့်မရှိဘူးလို့ တယ်လီဖုန်းဖြေဆိုတဲ့ ရဲတာဝန်ရှိသူတဦးက ပြောပါတယ်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ဟာ အဂတိလိုက်စားမှုတွေကျူးလွန်ကြောင်း ဒေသခံတွေရဲ့ တိုင်ကြားစာတွေအပေါ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကနေ မတ်လ (၆) ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်နဲ့ ထားဝယ်မြို့တွေမှာ စစ်ဆေးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေအရ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ Global Grad Services (GGS) ကုမ္ပဏီက အမှုဆောင် ညွန်ကြားရေးမှူး ဦးသိန်းထွေး၊ ညွန်ကြားရေးမှူး ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်ကြောင်း နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ မနေ့က အခုလိုကြေညာသွားပါတယ်။

"စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေး တွေ့ရှိချက်များအရ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း GGS ကုမ္ပဏီက MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ၅၅/ ၆၃ အရလည်းကောင်း သီးခြားပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု ၄ မှုခွဲ၍ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့ မြို့မ ရဲစခန်းမှာ ဒီကနေ့မှာ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လစ်ပြီး တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းထုတ်ပြန်ထားတယ်လို့ သိရှိရပါတယ်ရှင်။"

အခုလို ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အရေးယူခံရတဲ့ ဖြစ်ရပ်ဟာ ပြည်သူတွေက မဲပေးရွေးချယ်ထားတဲ့ NLD အရပ်သားအစိုးရအနေနဲ့ ပြည်သူတွေရဲ့ တင်ပြချက်တွေကို လက်ခံနားထောင်တယ်ဆိုတာ တွေ့မြင်ရတယ်လို့ ထားဝယ်ဒေသခံကပဲ ပြောပါတယ်။

"ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ဘယ်ဝန်ကြီးချုပ်မှာ မှားတယ် မှန်တယ်ဆိုတာကို အသိပေး တိုင်တန်းနိုင်ပြီးတော့ တိုက်ရိုက်ပြောလို့ရတယ်၊ ပြောလို့ရတဲ့အတိုင်း တကယ်အရေးယူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောသွားတယ်လေ၊ အဂတိကော်မရှင်ကနေ ဆုံးဖြတ် တာကို ဘယ်လိုမှ ဝင်ရောက် စွက်ဖက်စရာအကြောင်းမရှိဘူးပေါ့နော်။ အဂတိကော်မရှင်ကနေဆုံးဖြတ်တဲ့အတိုင်းပဲလို့ သူပြောသွားတယ်လေ ဒေါ်အောင်ဆန်းစုကြည်လာတုန်းက ။ အဲဒီတော့ ဘက်မလိုက်ဘဲနဲ့ လုပ်သွားတယ်လို့ မြင်တယ်ပေါ့နော်။"

ဒါ့အပြင် အဲဒီလိုမျိုး အဂတိလိုက်စားမှုတွေ မဖြစ်အောင် ဝန်ကြီးချုပ်အသစ်ခံအပ်တဲ့အခါမှာ အများပြည်သူလက်ခံတဲ့ အရည်အချင်းရှိတဲ့ လူတွေကို ဦးစားပေးရွေးချယ်သင့်တယ်လို့ မြင်ကြောင်း ထားဝယ်ဒေသခံက ဆိုပါတယ်။

"နောက် ဝန်ကြီးချုပ်ဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖြစ် ပြည်သူကနေ ရွေးချယ်ရင် ပါတီကို ကြည့်ပြီးတော့ ရွေးချယ်တာမျိုးမဟုတ်ပဲနဲ့ လူကိုကြည့်ပြီးရွေးချယ်ရင် ပိုပြီးတော့ လက်ခံလိမ့်မယ်လို့ မြင်ပါတယ်။ တချို့ကျတော့ ပါတီကိုကြည့်ပြီးရွေးချယ်ပါပေါ့နော် အဲလိုမျိုး ပါလာတာ ပေါ့နော်။ အဲလိုပါလာတဲ့အခါဆိုရင်လည်း သူတို့က ပြည်သူကို ဂရုမစိုက်ဘူးလေ။ ကိုယ့်ဒေသမှာ သူတို့ မဲနိုင်ဖို့ ကျနော်တို့က အောင်နိုင်ရေးကိုပဲ အဓိကထားပြီးတော့ ရွေးချယ်လိုက်တာလေ။ လူကိုကြည့်ခွင့်မရှိဘူးလေ။ အဲဒီတုန်းကတော့ ဘယ်သူ့ကိုရွေးချယ်ချယ် ကျနော်တို့ကတော့ ထည့်ကြတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ NLD အောင်နိုင်ဖို့လိုတယ်လေ ။ အဲဒါမှပဲ အာဏာရှင်ကို ကျနော်တို့ ဖြုတ်ချနိုင်မှာပေါ့။"

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အနေနဲ့ ၂၀၁၆ ခုနှစ်တွင်း မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တည်ဆောက်ရေးကိစ္စ၊ ထားဝယ်တက္ကသိုလ်ဝင်းနဲ့ လေယာဉ်ကွင်း အပြင်ဘက်တွေမှာ ချုံနွယ်ရှင်းလင်းရေးကိစ္စ ရာထူးတာဝန်အလွဲသုံးစားလုပ်ပြီး လာဘ်ယူခဲ့တာ၊ ၂၀၁၈ခုနှစ် တိုင်းဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ လာဘ်ယူခဲ့တာ၊ အဂတိလိုက်စားပြီး GGS ကုမ္ပဏီကို လုပ်ပိုင်ခွင့်တွေ ပေးခဲ့တာ စတဲ့ အထောက်အထား အချက်အလက်တွေကို စစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မတ်လ (၁၀)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG