သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလွှတ်တော်ကို အာဆီယံ အသိအမှတ်ပြုမှု AIPMC စိုးရိမ်


မြန်မာလွှတ်တော်ကို အာဆီယံ အသိအမှတ်ပြုမှု AIPMC စိုးရိမ်
မြန်မာလွှတ်တော်ကို အာဆီယံ အသိအမှတ်ပြုမှု AIPMC စိုးရိမ်

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ပါလီမန်များဆိုင်ရာ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံကို Asean Inter-Parliamentary Assembly ရဲ့ တင်းပြည့် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တဲ့အပေါ် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ AIPMC က စိုးရိမ်မကင်း ဖြစ်မိတဲ့အကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံကို ဦးစံမိုးဝေက တင်ပြပေးထားပါတယ်။

မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ AIPMC က မြန်မာနိုင်ငံအတွင်း လက်ရှိ ရှိနေတဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ချင့်ချိန်ထောက်ပြပြီး မြန်မာနိုင်ငံကို Asean Inter-Parliamentary Assembly (AIPA) အဖွဲ့ကြီးက တင်းပြည့်အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တဲ့အပေါ် စိုးရိမ်မကင်း ဖြစ်ခဲ့တဲ့အကြောင်း ပြောဆိုလိုက်သလို တချိန်တည်းမှာပဲ မြန်မာအစိုးရ အနေနဲ့ လွှတ်တော်ရဲ့ အရေးပါမှုကို အသိအမှတ် ပြုလာတဲ့အတွက် ဝမ်းသာမိတယ်လို့ AIPMC အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မစ်စ် အာဂွန်း ပူထရီ အက်စ်ထရီက ပြောပါတယ်။

“AIPMC အနေနဲ့ ပြောချင်တာကတော့ မြန်မာအစိုးရဟာ နောက်ဆုံးမှာ ပါလီမန်ရဲ့ အရေးပါမှုကို နားလည် သဘောတူ လက်ခံလာတဲ့ ကိစ္စကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။”

AIPA အဖွဲ့အနေနဲ့ တင်းပြည့်အဖွဲ့ဝင်အဖြစ် သတ်မှတ်တဲ့ နေရာမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတနိုင်ငံမှာ လွှတ်တော် ပေါ်ပေါက်လာပြီ ဆိုတာနဲ့ အဖွဲ့ဝင်ဖြစ်မှာ ဖြစ်တဲ့အကြောင်း၊ တခြား ကန့်သတ်ချက်တွေ မရှိကြောင်း၊ စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက လွှတ်တော် နာယကတွေကနေ AIPMC အဖွဲ့ကို ပြောဆိုတဲ့ အကြောင်းလည်း မစ်စ် ပူထရီ အက်စ်ထရီက ပြောပါတယ်။

AIPA အနေနဲ့ မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ရုံနဲ့ သူတို့အလုပ် ပြီးသွားပြီလို့ AIPMC က မယူဆတဲ့ အကြောင်းကိုလည်း အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံကို AIPA ရဲ့ အပြည့်အ၀ အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ရုံနဲ့ ကိစ္စတွေက ပြီးဆုံးမသွားပါဘူး။ တာဝန်တွေ ကျန်ပါသေးတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဥက္ကဋ္ဌ နေရာကို အမှန်တကယ် အလေးအနက် ရယူချင်စိတ် ရှိရဲ့လား ဆိုတာကို သုံးသပ်ရပါလိမ့်မယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း စစ်မှန်တဲ့ တိုးတက်မှုတွေကို ပြတဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးရမှာ ဖြစ်သလို ပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးမှုတွေကို လုပ်ရပါလိမ့်မယ်။”

AIPMC အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာခြင်း မရှိသေးဘူး ဆိုတာနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် တိကျ ခိုင်မာတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မမြင်တွေ့ရသေးဘူး ဆိုတာကို ထောက်ပြ ပြောဆိုဖို့ တာဝန်ရှိတဲ့အတိုင်း ပြောတာ ဖြစ်တဲ့အကြောင်း မစ်စ် အာဂွန်း ပူထရီ အက်စ်ထရီက ပြောပါတယ်။

မြန်မာနိုင်ငံက ပါလီမန် လွှတ်တော်ဟာ ပုံမှန် ထုံးစံအတိုင်း မဟုတ်ဘဲ တချို့ စည်းမျဉ်း ဥပဒေတွေကို ပြင်ပကနေ ချမှတ်နေတယ်ဆိုတဲ့ သတင်းတွေ အများကြီး ကြားသိနေရကြောင်းလည်း AIPMC အဖွဲ့ရဲ့ အကြီးအကဲက ပြောဆိုပါတယ်။

ဖနွမ်းပင်မှာ ကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် အာဆီယံ ပါလီမန်အမတ်များဆိုင်ရာ အထွေထွေ ညီလာခံကို မြန်မာနိုင်ငံက ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG