သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံသားများ သေဆုံးမှု မြန်မာအစိုးရ တောင်းပန်


တရုတ်အလံများ စိုက်ထူထားတဲ့ ကိုးကန့်နဲ့ မြန်မာတပ်ကြား စစ်ရေးတင်းမာနေတဲ့ တရုတ်-မြန်မာနယ်စပ်။ (မတ်လ ၂၄၊ ၂၀၁၅)
တရုတ်အလံများ စိုက်ထူထားတဲ့ ကိုးကန့်နဲ့ မြန်မာတပ်ကြား စစ်ရေးတင်းမာနေတဲ့ တရုတ်-မြန်မာနယ်စပ်။ (မတ်လ ၂၄၊ ၂၀၁၅)

မြန်မာစစ်တပ်နဲ့ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နယ်စပ်ဖြတ်ကျော် ကျရောက်ခဲ့တဲ့ ဗုံးဒဏ်ကြောင့် တရုတ် နိုင်ငံသား ၅ ဦးသေဆုံး ခဲ့တဲ့ အပေါ် မြန်မာအစိုးရ တရုတ်အစိုးရကို ဒီကနေ့မှာပဲ တောင်းပန် လိုက်ပါတယ်။ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ အထူးကိုယ်စားလှယ်အဖွဲ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး (ဝမ့်ယီ)နဲ့တွေ့ဆုံပြီး တောင်းပန် စကား ဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က တင်ပြ ပါမယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ အထူးကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်နေတဲ့ကိစ္စ မှန်ကန်ကြောင်း နဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူူးတွဲ စစ်ဆေး လေ့လာချက်တွေအရ တရုတ်ပိုင်နက် နယ်မြေထဲ ကျရောက်ခဲ့တဲ့ ဗုံးကိစ္စအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း၊ တာဝန်ရှိတဲ့အလျှောက် တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု မြှင့်တင်ရေး ကိစ္စရပ်တွေကိုပါ တရုတ်နဲ့ဆွေးနွေး ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိ တစ်ဦးက VOA ကို ဒီကနေ့ ပေးပို့တဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို အခုလို ပြောဆိုပါတယ်။

" အော် ကျနော်တို့ အရင်က ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲဗျာ။ ကျနော်တို့ အဲ့ဒီ့ဟာက နယ်စပ်ဒေသမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဖြစ်နိုင်ခြေ အားလုံးကို စဉ်းစားပြီးတော့မှ ကျည်ကွဲစ တွေကို ဆန်းစစ်ဖို့ လိုတယ်လို့ ကျနော်တို့ ပြောခဲ့တာရှိပါတယ်။ အဲ့ဒီ့ပြောကြားချက်အရ နှစ်ဘက် တပ်မတော်က ကျွမ်းကျင်သူတွေ ပေါင်းပြီးတော့မှ ကျည်ကွဲစ တွေကို ဆန်းစစ်တယ်။ ဖြစ်နိုင်ခြေတွေ အားလုံးကို လေ့လာတယ်။ အဲ့ဒီ့လေ့လာလို့ရရှိတဲ့ အချက်အလက်တွေပေါ် မူတည်ပြီးတော့ ဦးဝဏ္ဏမောင်လွင် မနေ့က တရုတ်နိုင်ငံကို သွားနေပါတယ်။ ဟိုဘက်မှာ ရှိတဲ့ တရုတ်နိုင်ငံခြားရေးဌာနနဲ့ ဆွေးနွေးနေတယ်။

ဦးဝဏ္ဏမောင်လွင်တို့ ဆွေးနွေးနေတဲ့ စကားလုံးအတိအကျကြီးတော့ ကျနော် မသိနိုင်ဘူးပေါ့လေ။ ဒါပေမဲ့ ဒီဗုံးကျတဲ့အပေါ်မှာ မူတည်တဲ့ အချက်အလက်တွေအရေ သွားဆွေးနွေးတယ်လို့ပဲ သိထားတယ်။ ဟိုမှာဆွေးနွေးတဲ့ အသေးစိတ်ကတော့ ဦးဝဏ္ဏမောင်လွင် ပြန်လာမှပဲ သိရမှာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ကတော့ Result ကိုလည်း မသိရဘူး။ သူဆွေးနွေးမယ့် Language တွေကိုလည်း ကျနော် မသိသေးဘူးပေါ့နော်။"

မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ကိုယ်စား တရုတ်နိုင်ငံကို တရားဝင်တောင်းပန် လိုကြောင်း နဲ့ ထိခိုက်သေဆုံးခဲ့ရတဲ့ တရုတ်မိသားစုတွေအတွက် အထူး စိတ်မကောင်း ဖြစ်ရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တွေ့ဆုံချိန် မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

တကယ်တော့ မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရကသာ နဂို ကတည်းက မှန်မှန်ကန်ကန် သတင်းထုတ်ပြန်တာမျိုး လုပ်ခဲ့မယ်ဆိုရင် ပြဿနာတွေဟာ ဒီလောက်ထိ ကြီးကျယ်လာနိုင်စရာ မရှိဘူးလို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

"တကယ်တော့ ဒီဥစ္စာက စပြီးတော့ ဖြစ်စဉ်ကတည်းက အစိုးရရော တပ်မတော်ဘက် ကရော နှစ်ဖက်စလုံးက မှန်မှန်ကန်ကန် သတင်းထုတ်ပြန် သင့်တယ်လေ။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုတဖက်မှာ သွားဖြစ်တာက ဒီပြည်တွင်းမှာ ဖြစ်တာနဲ့ မတူဘူး။ ဒီပြည်တွင်းမှာဆိုရင် ဟုတ်တယ်။ ခေတ် အဆက်ဆက်က သူတို့က လိမ်ချင်ရင် လိမ်လို့ရတယ်။ ညာချင်ရင် ညာလို့ရတယ်။ အဲ့သလိုမျိုး လုပ်လာခဲ့တယ်။ ဒါပေမဲ့ တခြားနိုင်ငံတနိုင်ငံနဲ့ သွား ပတ်သက်တဲ့အခါကျတော့ ဒါက မဖြစ်နိုင်တော့ဘူး။ တကယ့်အဖြစ်မှန်ကို စူးစမ်းလိုက်ရင် အဖြေမှန်က ပေါ်မှာပဲ။ အခုတော့ ဒီလိုမျိုး ပေါ်ပေါက်လာပြီပေါ့နော်။ အဲ့တော့ ဘာပဲဖြစ်ဖြစ် ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ကာ နဂိုကတည်းက သူတို့သိမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တိုက်လေယာဉ် ဗုံးကျဲတဲ့ကိစ္စ ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။ အမိန့်တွေ တောင်းရတယ်။ ဘယ်အချိန်မှာ တက်သွားတယ်။ ဘာညာဆိုရင် အစောကတည်းက သိပုံပေါ်တယ်။ အစောကတည်းက သိတယ်ဆိုရင် အစောကြီးကတည်းက မှန်မှန်ကန်ကန် သတင်းထုတ်ပြန်ထားရင် ဒီလိုမျိုး သူများ ဝေဖန်စရာမဖြစ်ဘူးပေါ့။ အဲ့တော့ နောင်ဆိုရင် မှန်မှန်ကန်ကန် သတင်းထုတ်ပြန်တာတွေ လုပ်ဖို့ကောင်းတယ်လို့တော့ ထင်တာပဲ။"

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းက ကြံခင်းတခု မှာ တရုတ်နိုင်ငံသားတွေ ဗုံးဆံ ထိမှန်သေဆုံးမှုအတွက်တရုတ်အစိုးရက အစောပိုင်းမှာကတည်းက မြန်မာလေတပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲပြောဆို ခဲ့ပြီး အပြင်းအထန် ကန့်ကွက်ခဲ့သလို နှစ်နိုင်ငံ ပူးတွဲစုံစမ်းမှုတွေလည်း လုပ်ခဲ့တာပါ။

အခုနောက်ဆုံး စုံစမ်းတွေ့ရှိချက်အရ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဆုံးရှုံးခဲ့သူတွေ အတွက် နစ်နာကြေးပေးဖို့ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းခဲ့ကြောင်းနဲ့ ၊ ဒီကိစ္စမှာ တာဝန်ရှိသူတွေကိုလည်း ဥပဒေအရ အရေးယူသွားဖို့ ၊ နောင်မှာ အလားတူ မဖြစ်ရအောင် ထိန်းသိမ်းဖို့ ကတိပြုခဲ့တယ်လို့လည်း တရုတ်နိုင်ငံ သတင်းတွေမှာ ဖေါ်ပြပါတယ်။

မြန်မာအစိုးရနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးရတဲ့အထိ နယ်စပ်ဒေသ မတည်မငြိမ် ဖြစ်နေရတဲ့ အခြေအနေ ကိုလည်း အတူလက်တွဲ ဖြေရှင်းသွားဖို့ တရုတ်-မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတွေ သဘောတူညီခဲ့တယ်လို့လည်း ဆင်ဟွာသတင်းက ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG