သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်ဂုဏ်သိက္ခာကျအောင် ပြောဆိုမှုများကို တပ်ချုပ်သတိပေး


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိူင် (Senior General Min Aung Hlaing)
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိူင် (Senior General Min Aung Hlaing)

ဒီမိုကရေစီ စံနှူန်းအရ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်တွေ ရှိပေမယ့်လည်း တပ်မတော်ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျအောင် အခြေအမြစ်မရှိဘဲ ပြောဆို ရေးသားမှူတွေကို သတိတရားနဲ့ယှဉ်ပြီး တုန့်ပြန်သွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိူင်က ဒီကနေ့ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားမှာ သတိပေး ပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာရှိတဲ့ တပ်မတော် စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ (၇၃) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ အဲဒီလို ပြောကြားလိုက်တာပါ။ ဒီအကြောင်း အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိူင်က တင်ပြပေးပါမယ်။

နှစ်စဉ် မတ်လ ၂၇ ရက်နေ့မှာကျင်းပတဲ့ “တပ်မတော်နေ့” ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက သဘောထား ကွဲပြားမှုတွေ ရှိနေခဲ့တာမှာ ကနေ့ အရပ်သားအစိုးရ တက်လာတဲ့ အချိန်ထိ အဲဒီ သဘောထား ကွဲလွဲမှူတွေဟာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ကတော့ တပ်မတော်နေ့လို့ ခေါ်ဆိုပြီး လက်ရှိအာဏာရ NLD ပါတီက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ “ဖက်ဆစ်တော်လှန်ရေးနေ့” လို့ သုံးစွဲထားပါတယ်။

ဖက်ဆစ်တော်လှန်ရေးနေ့ဆိုပြီး ခေါ်လိုသူတွေကတော့ သမိုင်းကြောင်းအရ ဒီနေ့ဟာ ဖက်ဆစ် ဂျပန်တွေကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အဲဒီအချိန်က မြန်မာ့တပ်မတော်က စတင် တော်လှန် ပုန်ကန်ခဲ့တဲ့နေ့ကို အစွဲပြုပြီး ဖက်ဆစ်တော်လှန်ရေးနေ့ ရယ်လို့ ပေါ်ပေါက်လာတာလို့ ဆိုပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိူင်က ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာတော့ နယ်ချဲ့ဆန့်ကျင်ရေးကာလကစလို့ တပ်မတော်ဟာ သမိုင်းအစဉ်အလာ ကောင်းခဲ့တဲ့အကြောင်း၊ နောက်ပိုင်းမှာလည်း ဒီမိုကရေစီ အုပ်ချုပ်ရေးစံနစ် ပေါ်ပေါက်လာအောင် ကမကထပြု ဆောင်ရွက်ပေးခဲ့တာကြောင့် တပ်မတော်ရဲ့ ရပ်တည်ချက်ဟာ ဂုဏ်ယူဖွယ်ကောင်းကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ စံနှုန်းအရ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ရှိတယ် ဆိုပေမယ့်လည်း တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေမယ့် ပြောဆိုမှုတွေကို အသိတရားနဲ့ တုန့်ပြန် သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိူင်က သတိပေး ပြောကြား ခဲ့ပါတယ်။

"ဒီမိုကရေစီ စနစ်တွင်လည်း ဒီမိုကရေစီစံနှုန်းနှင့်အညီ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်ရှိသည်ဆိုသော်လည်း ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြောဆိုရေးသားရန်လိုအပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်သည်။ စည်းကမ်းဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းညွှန်မြေပုံပင်ဖြစ်ကြောင်း၊ အခြေအမြစ်မရှိဘဲ စည်းကမ်းမဲ့ပြောဆိုရေးသားမှု များသည် အမုန်းတရားကိုဖြစ်စေပြီး နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေသည့်အပြင် နိုင်ငံတော်တည်ဆောက်ရေးတွင်လည်း အဟန့်အတား ဖြစ်စေသည်။

ထို့ကြောင့် မိမိတို့တပ်မတော်ကို ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျဆင်းအောင် အခြေအမြစ်မရှိသည့် ပြောဆိုရေးသားမှုများကို သတိတရား၊ အသိတရားများ နှင့်ယှဉ်ပြီးတုံ့ပြန် သွားရမည်။"

မြန်မာနိုင်ငံအတွင်းက အွန်လိုင်း လူမှူကွန်ယက်တွေမှာ တပ်မတော် အရာရှိ၊ အရာခံ တပ်သားတွေ အပါအဝင် ဘာသာရေး၊ အနုပညာ အသိုင်းဝိုင်းနဲ့ နိုင်ငံရေးအသိုင်းဝိုင်း စတဲ့ လူမှူအလွှာအသီးသီးမှာ အပြန်အလှန် ဝေဖန်၊ ပုတ်ခတ် ပြောဆိုတာတွေ၊ မမှန်ကန်တဲ့ သတင်းတွေ ဖြန့်ချိတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိူင်က တပ်မတော်သားတွေကို အဲဒီလို သတိပေး ပြောကြားခဲ့တာပါ။

ဘာသာရေးနဲ့ ပတ်သက်လို့လည်း အထင်အမြင် လွဲမှားအောင် ပြောဆိုမှူတွေကို ထိန်းသိမ်းကြဖို့ကိုလည်း တပ်မတော်သားတွေကို မှာကြားခဲ့ပါတယ်။

ပြည်တွင်း ငြိမ်းချမ်ရေးနဲ့ တပ်သက်လို့လည်း အခုလို ဆက်ပြောပါတယ်။

" ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးကြတဲ့အခါမှာ မဖြစ်နိုင်တာတွေကို တောင်းဆိုပြီး အချိန်ဆွဲနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာတွေကို အရှည်မြော်တွေး ညှိနှိုင်းကြတာက ပိုမိုလက်တွေ့ဆန်ကြမှာဖြစ်တယ်။ မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အာဆီယံအသိုက်အဝန်း၌ပင် နောက်ကျကျန်လျက်ရှိသည်ကို တွေ့ရမည် ဖြစ်သည်။"

အာဏာရ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ ပါတီ ဌာနချုပ်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်အနား ကျင်းပခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ရဟတ်ယာဉ်တချို့ စစ်ရေးပြကွင်းထဲကို ဆင်းပြခဲ့တာ၊ တိုက်လေယာဉ်တချို့ ကွင်းပေါ်ကနေ ဖြတ်ပျံသန်းပြခဲ့တာတွေကိုလည်း အရင်နှစ်တွေအတိုင်း ပြသခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် စစ်ရေးပြပွဲမှာ အရင်နှစ်တွေလို မဟုတ်ဘဲ တင့်ကား၊ သံချပ်ကာကား စတဲ့ ယန္တရားတပ်ဖွဲ့တွေ ပါဝင်တာကို မတွေ့ရပါဘူး။ ဒီကနေ့ အခမ်းအနားမှာ ရှိနေတဲ့ အမည်မဖော်လိုတဲ့ စစ်ဘက်အရာရှိတဦးရဲ့ ပြောပြချက်အရကတော့ ဒီကနေ့ စစ်ရေးပြ ချီတက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ တပ်မတော် ကြည်း/ ရေ/ လေ တပ်ဖွဲ့ဝင်တွေရဲ့ အရေအတွက်ဟာ အခါတိုင်း နှစ်တွေထက် ပိုများတယ်လို့ ဆိုပါတယ်။

ဒီကနေ့ အခမ်းအနားကို တပ်မတော် ကြည်း / ရေ/ လေ တပ်ဖွဲ့အသီးသီးက အရာရှိတွေ၊ မော်ကွန်းဝင် တပ်မတော် အမှုထမ်းဟောင်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံတကာက စစ်သံမှူးတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေအပြင် ရေကြောင်းနဲ့ လေကြောင်း လူငယ်တွေ၊ တိုင်ရင်းသားလူမျိုးစု အသီးသီးရဲ့ ဝတ်တွစုံတွေကို ကိုယ်စားပြု ဝတ်ဆင်ထားတဲ့ ကလေးငယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် အစိုးရပိုင်းက ထိပ်တန်း ခေါင်းဆောင်တွေတော့ တက်ရောက်တာ မတွေ့ရပါဘူး။

ညပိုင်းမှာတော့ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိူင်က ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်။

XS
SM
MD
LG