သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လား


ရန်ကုန် NLD ရုံးချုပ်မှာ (၇၃)နှစ်မြောက် ဖက်ဆစ်တော်လှန်းရေးနေ့ကို ကျင်းပ (National League for Democracy)
ရန်ကုန် NLD ရုံးချုပ်မှာ (၇၃)နှစ်မြောက် ဖက်ဆစ်တော်လှန်းရေးနေ့ကို ကျင်းပ (National League for Democracy)

မတ်လ(၂၇)ရက်နေ့ကို တပ်မတော်က “တပ်မတော်နေ့”လို့ခေါ်ဝေါ်သုံးစွဲပြီး အခမ်းအနားတွေ ကျင်းပနေချိန်မှာ အာဏာရ NLD ပါတီကတော့ လူတန်းစား အလွှာအသီးသီးပါဝင် တော်လှန်ခဲ့တာကြောင့် “ဖက်ဆစ်တော်လှန်ရေးနေ့” ဆိုပြီး ရန်ကုန် ရွှေဂုံတိုင် NLD ရုံးချုပ်မှာ (၇၃)နှစ်မြောက် ဖက်ဆစ်တော်လှန်းရေးနေ့ကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အခြားသော နိုင်ငံရေးအင်အားစုတွေရဲ့ ဦးဆောင်မှုကဏ္ဍကို တပ်မတော်က အသိအမှတ် မပြုလိုတာကြောင့် “တပ်မတော်နေ့”အဖြစ် ဆက်လက်သုံးစွဲနေခြင်း ဖြစ်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

မြန်မာ့တပ်မတော်ကတော့ မတ်လ(၂၇)ရက်ကို “တပ်မတော်နေ့”လို့ ခေါ်ဝေါ်သုံးစွဲပြီး နေပြည်တော်မှာ အခမ်းအနားတွေ အကြီးအကျယ် ကျင်းပခဲ့တာပါ။

လွတ်လပ်ရေးပေးမယ်ဆိုပြီး မြန်မာနိုင်ငံကို ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ဖက်ဆစ်ဂျပန်တွေကို အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ တပ်ဖွဲ့တွေ၊ ကွန်မြူနစ်- ဆိုရှယ်လစ်ပါတီတွေ၊ အခြား နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားပြည်သူ အလွှာအသီးသီး ပါဝင်ပြီး တိုက်ပွဲဝင် တော်လှန်ခဲ့တာကြောင့် မတ်လ(၂၇)ရက်နေ့ကို “ဖက်ဆစ်တော်လှန်ရေးနေ့” ဆိုပြီး ကနဦးမှာ သတ်မှတ်ခေါ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးကောင်စီခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်မှာ တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ် ကျင်းပလာခဲ့တာဖြစ် ပါတယ်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ ဒီကနေ့ကို (၇၃)နှစ်မြောက် “ဖက်ဆစ်တော်လှန်ရေးနေ့” အဖြစ် ရန်ကုန် ရွှေဂုံတိုင် NLD ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ ဘာကြောင့်ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ခေါင်းစဉ်တပ်ပြီး ကျင်းပရသလဲ ဆိုတာနဲ့ ပတ်သက်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ရှင်းပြပါတယ်။

"တော်လှန်ရေးနေ့ဆိုတာက မူလသတ်မှတ်ချက်ပါ။ တော်လှန်ရေးက အားလုံးလည်း သိတဲ့အတိုင်း တပ်မတော်သားများရော ပြည်သူ၊ တိုင်းရင်းသားများရော ပါဝင်တဲ့ ဖက်ဆစ်တော်လှန်တဲ့နေ့ကို စွဲပြီးတော့ သတ်မှတ်ထားတာဖြစ်ပါတယ်။ တပ်မတော်တဦးထဲ သက်ဆိုင်တဲ့နေ့လို့ ပြောမယ်ဆိုရင်တော့ ဒါနည်းနည်း လွဲချော်ပါလိမ့်မယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့က မူလသတ်မှတ်ချက်အတိုင်း ကျင်းပပြီးတော့ တပ်မတော်ကတော့ ဦးနေဝင်းလက်ထက်က ဦးနေဝင်းစိတ်ကြိုက်ပြောင်းလဲသတ်မှတ်တဲ့အတိုင်း လိုက်နာပြီးတော့ တပ်မတော်နေ့လို့ ဆောင်ရွက်တာလို့ ကျနော်ထင်ပါတယ်။ အဲဒီလို ကွဲလွဲမှုကလည်း ဒီကနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မီးမောင်းထိုးပြနေတယ်လို့ ကျနေ်ာထင်ပါတယ်။"

ဖက်ဆစ်တွေကို တော်လှန်ရာမှာ အခြားသော နိုင်ငံရေးအင်အားစုတွေရဲ့ ဦးဆောင်မှုကဏ္ဍကို တပ်မတော်က အသိအမှတ်မပြုလိုတာကြောင့် “တပ်မတော်နေ့”အဖြစ် ဆက်လက်သုံးစွဲနေခြင်းသာ ဖြစ်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီက သုံးသပ်ကြောင်း ပါတီရဲ့ပြောခွင့်ရ ရဲဘော် ဖိုးသံချောင်းက ပြောပါတယ်။

"မတ်လ ၂၇ ရက်နေ့ ဂျပန် ဖက်စစ်တော်လှန်ရေးနေ့ဟာ အင်မတန်အရေးပါတဲ့ လှုပ်ရှားမှုတခုပါ တိုင်းရင်းသားပေါင်းစုံပါဝင်တယ်၊ ပြည်သူအားလုံး စည်းလုံးညီညွတ်တယ်။ နောက်ပြီးတော့ အသက်နဲ့ ရင်းပြီးတော့ တိုက်ပွဲဝင်ကြတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ အဲလိုလုပ်နိုင်တဲ့အတွက်လည်း မကြာခင်မှာပဲ ကျနော်တို့ လွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်။ တပ်မတော်က ပိုအားထုတ်တယ်လို့ ပြောလို့မရဘူး အားလုံးပါကြတာပါပဲ။ ဆိုတော့ အဲဒီသမိုင်းမှာ ဗိုလ်နေဝင်းတို့ဟာ သူတို့ပဲလုပ်တာလို့ ပြောချင်တယ်။ နောက်ပြီးတော့ တခြားလူတွေရဲ့ အခန်းကို ဖျောက်ချင်တယ်။ ဂျပန်ကို သုတ်သင်တဲ့နေရာမှာ နာမည်ကြီးလာတဲ့ ပဲခူးရိုးမတလျောက်က တိုက်ပွဲတွေ ဆိုရင် လယ်သမားတပ်သားတွေက ဂျပန်ကို ချေမှုန်းတာပါ။ "

အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာရော လက်ရှိ စစ်ခေါင်းတွေကပါ တပ်မတော်နေ့အဖြစ် ခေါ်ဝေါ် သတ်မှတ် ကျင်းပလာပေမယ့် NLD အစိုးရလက်ထက်မှာ တပ်မတော်နေ့ဆိုတာကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ပြောင်းလဲသတ်မှတ် သွားနိုင်ဖို့ NLD ပါတီမှာ သဘောထားဆုံးဖြတ်ချက် ရှိကြောင်း NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"ကျေနာ်တို့က ဒါကိုပြောင်းလဲချင်တဲ့ စိတ်ကတော့ ရှိပါတယ်။ သို့သော် အဲဒါကို ပြောင်းလဲခြင်းအားဖြင့် တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြားမှာ ရရှိထားတဲ့ ယုံကြည်မှုထိခိုက်သွားမယ်ဆိုရင်တော့ ဒီလိုပြောင်းလဲဖို့အတွက် ကျနေ်ာတို့ လုပ်မှာတော့မဟုတ်ပါဘူး။ တပ်မတော်နေ့နဲ့ တော်လှန်ရေးနေ့ အကွဲအပြဲကတော့ နောက်ခံအယူအဆနဲ့ သမိုင်းကြောင်းကအစ အထူးကွဲလွဲတဲ့အတွက် ကျနော်တို့ ပြောင်းလဲမသုံးချင်းဖြစ်ပါတယ်။ သို့သော် အဲလိုမျိုး အပြောင်းအလဲဖြစ်လာနိုင်တဲ့ ရက်မျိုးကို ကျနော်တို့ မျှော်လင့်နေပါတယ်။ လုပ်ဆောင်နေပါတယ်။"

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘန်ကောက်မြို့မှာ B.I.A. တပ်ကိုစပြီး ဖွဲ့စည်းတည်ထောင်ခဲ့တဲ့နေ့ကို တပ်မတော်နေ့ အဖြစ် သတ်မှတ်ကျင်းပသင့်တယ်လို့ NLD ပါတီနာယက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းလဲဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်ဦးကလည်း VOA ကို ပြောဆိုခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG