သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူကိုအမိအဖအဖြစ် သဘောထားဖို့ ကာချုပ် ပြော


(၆၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်။ (၃-၂၇-၁၄)
(၆၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်။ (၃-၂၇-၁၄)
၆၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို နေပြည်တော်မှာ စစ်ရေးပြကွင်းမှာ ဒီကနေ့မနက် အစောပိုင်းက ပြုလုပ်ရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ "တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ" ဆိုပြီး စစ်အစိုးရကာလ တလျှောက်လုံး သုံးစွဲလာတဲ့ စကားလုံးအစား၊ ပြည်သူကို အမိအဖလို သဘောထားပြီး ပူးပေါင်းဆောင်ရွက်ရမယ်ဆိုပြီး ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုသွားပါတယ်။ မိန့်ခွန်းပါ ထူးခြားချက်တွေနဲ့ ပတ်သက်လို့တော့ နေပြည်တော် စစ်ရေး အခမ်းအနားကို တက်ရောက်သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

တပ်မတော်အကြီးအကဲဟောင်း သုံးဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေကို ကောက်နှုတ်ပြီးတော့ မြန်မာ့ တပ်မတော်အနေနဲ့ ပြည်သူကို အမိ၊ အဖ သဖွယ် သဘောထားဖို့ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထူးထူးခြားခြားထည့်သွင်း ပြောဆိုသွားတာ သတိထား မိပါတယ်။ နောက်ပြီးတော့ မြန်မာ့တပ်မတော်ဟာ ဆိုလို့ရှိရင် လူမျိုး၊ ဒေသ ခွဲခြားမှု မရှိပဲနဲ့ တိုင်းရင်းသား လူမျိုးအားလုံး ပါဝင်တဲ တပ်မတော်ဖြစ်တယ်ဆိုတာကို နှစ်ခေါက်၊ သုံးခေါက်လောက် ထည့်သွင်းပြောဆိုသွားတာ သတိထားမိပါတယ်။

"တို့ရဲ့ ခေါင်းဆောင်များဟာ ပြည်သူလူထုကို အလေးထားသလို၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုလည်း အထူး အလေးထားကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် ပြည်သူကြားမှာ ပေါက်ဖွားလာတဲ့၊ တို့တပ်မတော်သားတွေ အနေနဲ့လည်း ပြည်သူလူထုကို အမိအဖသဖွယ် သဘောထားပြီး နိုင်ငံတော် ထာဝရငြိမ်းချမ်းမှု ရရှိရေးအတွက် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ ပြည်သူလူထုနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်သွားကြဖို့၊ မှာကြားလိုတယ်။"

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထဲမှာတော့ တပ်စွမ်းရည် ဖွဲ့စည်းမှု ကိစ္စရပ်တော်တော်များများကို ထည့်သွင်းပြောခဲ့သလိုပဲ၊ မြန်မာနိုင်ငံရေး သမိုင်းတလျောက်မှာ စစ်တပ်ရဲ့ အခန်းကဏ္ဍရှိမှုကို အဓိက အလေးပေး ပြောသွားတာ တွေ့ရပါတယ်။ တပ်မတော်အနေနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သလိုပဲ၊ အချုပ်အခြာအာဏာ မဆုံးရှုံးရေးအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းတွေ၊ အထူးသဖြင့်ကတော့ ၁၉၄၉ခု၊ ၁၉၅၈ခု၊ ၁၉၆၁၊ ၁၉၈၈ခုနှစ်တွေမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေမှာ စစ်တပ်ကနေ နိုင်ငံတော်ကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်ပေးခဲ့ရတယ်ဆိုပြီး ပြောသွားတာပါ။

တည်ငြိမ်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တပ်မတော် အနေနဲ့ ဆောင်ရွက်ခဲ့သလိုပဲ အခုဆိုလို့ရှိရင် မြန်မာနိုင်ငံ ပြောင်းလဲမှုဟာ ထူးခြားတဲ့ Model ပုံစံအဖြစ်နဲ့ နိုင်ငံတကာကတောင်မှ အသိအမှတ်ပြုခံရပြီဆိုပြီးတော့မှ ပြောသွားပါတယ်။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးလည်း စစ်တပ်ရဲ့သဘောထားကို အခုမိန့်ခွန်းထဲမှာ ထည့်သွင်းပြောသွားပါတယ်။ ပြင်ဆင်ဖို့ လိုအပ်လို့ရှိရင် ပြင်ဆင်ရမှာ ဖြစ်ပေမဲ့လို့ ဖွဲ့စည်းပုံပါ ပြဌာန်းချက် အတိုင်း ပြင်ဆင်မယ်ဆိုပြီး ပြောသွားပါတယ်။

" လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်၊ ပါတီတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခု အတွက်၊ တိုင်းရင်းသားလူမျိုးစုတစ်ခုအတွက်၊ တပ်မတော်အတွက် ရေးဆွဲပြဋ္ဌာန်းထားတာ မဟုတ်ဘူး။ ဒါကြောင့် ထောက်ခံ ဆန္ဒမဲပေးတဲ့ လူဦးရေ (၉၂.၄၈) ရာခိုင်နှုန်းရဲ့ ဆန္ဒကို လေးစားရမှာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမှုများနှင့် အခန်း(၈) နိုင်ငံသူ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များတွင် လက်ရှိဒီမိုကရေစီလိုလားချက်များနဲ့ သဟဇာတဖြစ်အောင် ပြဋ္ဌာန်းထားပြီး ဖြစ်တဲ့အပြင် အခြေခံဥပဒေပုဒ်မ၊ (၁၁) က မှာလည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခက်မသုံးဖြာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ကို ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။"

ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့လည်း လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ဥပဒေအတိုင်း တရားဝင်ရပ်တည်ရေး ကိစ္စရပ်တွေကိုပြောဆိုပါတယ်။ အပစ်အခတ်ရပ်စဲမှု မရှိဘဲနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်ဆိုလို့ရှိရင် လက်နက်ကိုင် ပဋိပက္ခတွေ ပြန်ပြီးတော့ ဦးတည်နိုင်တယ် ဆိုတာကိုလည်း ပြောသွားပါတယ်။ တပ်မတော်ဆိုတာ လူမျိုးစုံပါဝင်တဲ့ တပ်မတော်ဖြစ်တယ်ဆိုတာကို ပြောခြင်းအားဖြင့် လက်ရှိတိုင်းရင်းသားအဖွဲ့အစည်းတွေ တောင်းဆိုလျက်ရှိတဲ့ ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးဆိုတဲ့ ကိစ္စကို တနည်းအားဖြင့် တုန့်ပြန်ပြောဆိုလိုက်တာကို တွေ့ရပါတယ်။

ဒီကနေ့ စစ်ရေးပြအခမ်းအနားမှာတော့ စစ်သည် ကိုးထောင့်ကိုးရာကျော်က ချီတက်စစ်ရေးပြသလိုပဲ၊ စစ်လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့လည်း စစ်ရေးသရုပ်ပြခဲ့တာတွေ့ရပါတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နောက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ သံတမန်တွေ နဲ့အတူပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်လည်း ဒီစစ်ရေးပြအခမ်းအနားမှာ ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

"
XS
SM
MD
LG