သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မြို့အနီး မြန်မာစစ်တပ် တိုက်ခိုက်ခံရ


ကရင်ပြည်နယ်ထဲမှာ မြန်မာစစ်ဗိုလ်ချုပ်တချို့ရဲ့ ယာဉ်တန်းကို လက်နက်ကိုင်အဖွဲ့ တခုက ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ စရဖ အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်နဲ့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် အပါအဝင် တိုင်းတွေကို တာဝန်ယူရတဲ့ ဗိုလ်မှူးချုပ် ခင်ဇော်တို့ အဲဒီအဖွဲ့မှာ ပါလာတယ်လို့ သိရပြီး ဒီနေ့ နေ့လယ်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်ကနေ မြန်ဝတီကို အသွား တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရ ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ် အတင်းအကျပ်လုပ်ဖို့ ဖိအားပေးနေချိန် ကရင်ပြည်နယ်ထဲက ငြိမ်းချမ်းရေး အဖွဲ့တွေရဲ့ ဂိတ်တွေနဲ့ စီးပွားရေး လမ်းကြောင်းတွေကို မြန်မာစစ်အစိုးရ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြီး ဖိအားပေးမှု လုပ်နေချိန်မှာပဲ ကရင်ပြည်နယ်တွင်းမှာ မြန်မာစစ်အစိုးရ အကြီးအကဲတွေ လာရောက်တဲ့ လမ်းကြောင်းကို ချောင်းမြောင်းပစ်ခတ်မှု လုပ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါလက်ချက် ဖြစ်တယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ဒီဒေသမှာ အခြေစိုက် လှုပ်ရှားနေတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကတော့ သူတို့လက်ချက် မဟုတ်ကြောင်း KNU ရဲ့ တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဖောဒိုက အခုလို ပြောပါတယ်။

“KNU မဟုတ်ဘူးဆိုတာ သေချာတယ်။ ငြိမ်းချမ်းရေးပဲလား၊ DKBA ပဲလား၊ အတိအကျ ပြောလို့မရဘူး။ နဂိုကတည်းက သိပါတယ်၊ ပြဿနာက အခု တော်တော်လေး ရှုပ်တဲ့အချိန် ဖြစ်နေတယ်။ သူ့လူ၊ ကိုယ့်လူ အတော်လေးကို ရှုပ်နေတယ်။ ကျေနပ်တဲ့လူ ရှိတယ်၊ မကျေနပ်တဲ့လူ ရှိတယ်။ လက်ခံတဲ့လူ ရှိတယ်၊ လက်မခံတဲ့လူ ရှိတာကိုး။”

ဖြစ်ပွားတဲ့ နေရာကတော့ ကရင်ပြည်နယ်၊ ကော့ကရိတ်နားက တောင်သုံးလုံးဆိုတဲ့ နေရာမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ကော့ကရိတ်နားမှာပဲ၊ တောင်သုံးလုံး။ မြဝတီကနေ ဆင်းသွားရင် တောင်ခြေရောက်ရင် အဲဒါ အောက်ဗိုလ်တဲစခန်းလို့ ခေါ်တယ်။ အောက်ဗိုလ်တဲကနေ ထွက်ရင် ရန်ကုန့်ရွာ မရောက်ခင်မှာ တောင်သုံးလုံး။”

ဒီပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ကရင်ပြည်နယ်အတွင်းမှာ ရှုပ်ထွေးမှုတွေ ဖြစ်နေပြီး မနေ့ညကလည်း ကော့ကရိတ်ကနေ မြဝတီအတက် အလယ်ဗိုတဲ ဆိုတဲ့နေရာမှာ လမ်းတွေ ပိတ်ထားတဲ့အတွက် မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ ကရင်အမျိုးသား တပ်မတော် ငြိမ်းချမ်းရေးကောင်စီက သေနတ်နဲ့ပစ်ပြီး မြန်မာစစ်တပ်ကို လမ်းဖွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာမှာ ခလရ ၉၇ အထိုင်တပ်ရှိပြီး တပ်ခွဲမှူးတဦးက ပြဿနာတက်မှာစိုးပြီး လမ်းကို ဖွင့်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးကောင်စီကတော့ နယ်ခြားစောင့်တပ် လုပ်ရေးကို လက်မခံဘူးလို့ ပြောထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ အခုလို အချိန်ကာလမှာပဲ မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်ကို လက်မခံဘူးဆိုတဲ့ DKBA ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်က ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တပ်မဟာ ၅ လက်အောက်ခံ တပ်တွေရှိတဲ့ ဝါးလေဒေသကိုလည်း စစ်ဒေသ ကွပ်ကဲရေး စကခ ၁၂ လက်အောက်ခံ တပ်တွေ ထပ်မံပို့လာသလို မြန်မာစစ်တပ်က ရိက္ခာခြောက်တွေလည်း သူတို့တပ်တွေအတွက် အများအပြား ပို့လာတယ်လို့ DKBA ဘက်က ပြောပါတယ်။

တံတားတွေပိတ်ပြီးနောက် တံတားအောက်က တရားမဝင် ဂိတ်တွေကို ပိတ်တာ ရက် ၂၀ ကျော် ကြာလာပြီးတဲ့နောက် အရင်က မှောင်ခိုသွင်းထားတဲ့ လိုင်စင်မဲ့ ကားတွေကို မြဝတီမြို့မှာပဲ မနေ့က ထပ်ဖမ်းတာ အစီး ၂၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ ဒီလို အဖမ်းခံရတဲ့အထဲမှာ ငြိမ်းချမ်းရေး အဖွဲ့တွေရဲ့ ကားတွေလည်း အများအပြား ပါတာမို့ မကျေနပ်မှုတွေလည်း ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လက်နက်ကိုင်ဆောင်ခွင့်တွေ ကန့်သတ်တဲ့ကိစ္စ၊ နယ်ခြားစောင့်တပ် လုပ်ပြီးရင် တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေနဲ့အတူ မြန်မာစစ်တပ်က လာပြီး အုပ်ချုပ်နေထိုင်မယ်ဆိုတဲ့ ကိစ္စတွေဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ အတွင်း မကျေလည်မှုတွေ အများအပြား ဖြစ်နေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG