သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းက SSA တပ်ဖွဲ့ ဆုတ်ခွာ


နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းက SSA တပ်ဖွဲ့ ဆုတ်ခွာ
နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းက SSA တပ်ဖွဲ့ ဆုတ်ခွာ

မြန်မာအစိုးရတပ်နဲ့ တိုက်ပွဲဖြစ်နေတာ သီတင်းတပတ် ရှိသွားပြီဖြစ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA (မြောက်ပိုင်း) တပ်ဖွဲ့တွေဟာ အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် သူတို့နေရာယူထားတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်မှာရှိတဲ့ နမ့်ကိုင်ဖိတ် စစ်မျက်နှာကနေ ဒီကနေ့ပဲ ဆုတ်ခွာလိုက်တယ်လို့ SSA (မြောက်ပိုင်း) တပ်ဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ SSA/SSPP တပ်ဖွဲ့တွေကတော့ ပြောက်ကျားစနစ်နဲ့ ဆက်ပြီး ခုခံ တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်းမှာ အရပ်သားတွေလည်း အထိအခိုက် ရှိနေသလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

SSA/SSPP ခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ ၇ ရက်တိုင်တိုင် တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မြောက်ဘက် နမ့်ကိုင်ဖိတ်ဒေသ စစ်မျက်နှာကနေ ဒီကနေ့မှာ ဆုတ်ခွာလိုက်ပြီလို့ ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာစစ်တပ်တွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် တောင့်မခံနိုင်လို့ ဆုတ်ခွာရတယ်လို့လည်း ပြောပါတယ်။ ဒီဖြစ်စဉ်ကို ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီနေ့တော့ လေးငါးရက်ဖြစ်တဲ့ စစ်မြေပြင်မှာပေါ့၊ အဲဒီ နမ့်ကိုင်ဖိတ်စခန်းမှာ တိုက်ပွဲနေရာ ကျနော်တို့လူက ခွာလိုက်ပြီလို့ ပြောတယ်။ သူတို့ မနေ့ညက လက်နက်ကြီးတွေ အများကြီး ပစ်တယ်လေ။ အများကြီးထုတော့ ကျနော်တို့ ခံစစ်မလုပ်တော့ဘဲနဲ့ အဲဒီနေရာကို ခွာပေးလိုက်တာပေါ့။”

အခု ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့ကနေ ဆုတ်ခွာလိုက်ရတဲ့ နမ့်ကိုင်ဖိတ်ဒေသဟာ ဝမ့်ဟိုင်းဌာနချုပ်နဲ့ ၁၀ မိုင်လောက်ဝေးပြီး ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့ အချက်အချာကျတဲ့ စစ်ဒေသ တခုလည်း ဖြစ်ပါတယ်။ အခုလို ဆုတ်ခွာခဲ့ပေမဲ့ စိုးရိမ်စရာ အနေအထား မရှိသေးဘူးလို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“သိပ်စိုးရိမ်စရာ မရှိပါဘူးခင်ဗျ။ အဲဒီ ဆုတ်သွားတဲ့တပ်လည်း ကျနော်တို့ အဲဒီ တဆင့်ခြင်း ဆုတ်သွားတာပေါ့။ အဲဒီမှာ ကျနော်တို့ သုံးဆင့်လောက် ရှိပါသေးတယ်။ အဲဒီ ဝမ့်ဟိုင်းရောက်ဖို့အတွက်။ ကျနော်တို့ ရေရှည် ခံစစ်လုပ်လို့ ရေရှည်မှာ ကျနော်တို့ပဲ နစ်နာမယ်လေ။ ကျနော်တို့ ပြောက်ကျားစနစ်ပဲ သုံးပြီးတော့ ပြန်တိုက်မှာပါ။ သူတို့ စစ်ရေးနဲ့ ဒီလို ထိုးစစ်ဆင်နေတော့ ကျနော်တို့လည်း မတတ်နိုင်ဘူးလေ။ ဒါပေမဲ့ ခုခံပြီးတော့ တိုက်သွားရမယ်။”

ဇူလိုင် ၁၁ ရက်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ကနေ စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် အဲဒီအနီးဝန်းကျင်က ကျေးရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“ရွာသားတွေ တိမ်းရှောင်နေတုန်းပဲ။ ဘေးလွတ်တဲ့ နေရာပေါ့။ လျှိုတွေထဲတို့၊ နောက် သူတို့ တောင်ယာ တဲတွေထဲတို့၊ အဲဒီမှာ သူတို့ တိမ်းရှောင်နေကြတယ်။ ဝမ့်မေ၊ ခေးပွန်း၊ ဖပ်နမ် အဲဒီ ၃ ရွာမှာ လက်နက်ကြီးတွေ အများကြီး ကျတယ်လေ။ ရွာသားတွေ ထိခိုက်မှု စာရင်းလည်း ကျနော်တို့ ယူခိုင်းနေဆဲပဲ။”

အဲဒီ ကျေးသီးမြို့နယ်ထဲက ဝမ့်မေ၊ ခေးပွန်း၊ ဖပ်နမ် ၃ ရွာမှာ အိမ်ခြေစုစုပေါင်း ၁၅၀ ကျော်ရှိပြီး အခုဆိုရင် သက်ကြီးရွယ်အိုတွေသာ ရွာထဲမှာ ကျန်ရှိနေပြီး ကျန်တဲ့လူ ၃၀၀ လောက်ဟာ တောတောင်ထဲမှာ ပုန်းအောင်းနေပြီးတော့ ဖြစ်သလိုသာ နေထိုင် စားသောက်နေရတယ်လို့လည်း ဆိုပါတယ်။

အခုလို မြန်မာစစ်တပ်နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်ကနေ ဒေသခံ ကျေးရွာသားတွေ အပေါ်မှာ ပေါ်တာ ဝန်ထမ်းအဖြစ် အသုံးပြုခဲ့တာ ရှိနေသလို တိုက်ပွဲအတွင်း ထွက်ပြေးတဲ့ ပေါ်တာ ဝန်ထမ်းတွေကိုလည်း ပစ်သတ်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မြန်မာအစိုးရ စစ်တပ်နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာဆိုရင် ဒေသခံ အရပ်သားတွေအပေါ် မြန်မာစစ်တပ်ဘက်က လူ့အခွင့်အရေး ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ အတိအကျ စုံစမ်းပြီး ပြည်နယ်အစိုးရကနေ တဆင့် လွှတ်တော်တွေအထိ ရောက်အောင် အဆင့်ဆင့် တင်ပြသွားဖို့ စီစဉ်ထားတယ်လို့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်ကနေ အခုအချိန်အထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်ကရော၊ ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဘက်ကပါ ထိခိုက်ကျဆုံးမှုတွေ ရှိနေပေမဲ့လည်း အရေအတွက် အတိအကျကိုတော့ သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။

အလားတူ KIO ခေါ် ကချင်လွတ်လပ်ရေး အဖွဲ့တွေ အပေါ်မှာ မြန်မာစစ်တပ်ကနေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က စတင် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတွေကြောင့် ဘန်းမောက်မြို့နယ်အတွင်း ကျေးရွာပေါင်း ၆၀ လောက်က ဒုက္ခသည်ဦးရေ ၁၇,၀၀၀ လောက်ဟာ အိုးအိမ်တွေ စွန့်ခွာပြီး ထွက်ပြေးခဲ့ရတယ်လို့ KIO ကနေ စာရင်းကောက်ယူထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာမှာ မြန်မာစစ်တပ်က အင်အား အပြင်းအထန်သုံးပြီး တိုက်ခိုက်နေတာ၊ လေကြောင်းအင်အား အသုံးပြုနေတာတွေ၊ အရပ်သားတွေ ထိခိုက်မှု ရှိနေတာတွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ မညီသလို ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်နေပြီလို့ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကနေ ထောက်ပြ ပြောဆိုလာမှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG