သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ် မြန်မာစစ်တပ် သိမ်းပိုက်လုနီး


ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ် မြန်မာစစ်တပ် သိမ်းပိုက်လုနီး
ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ် မြန်မာစစ်တပ် သိမ်းပိုက်လုနီး

သီတင်းတပတ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်းမှာဆိုရင် မြန်မာစစ်တပ်ကနေ အင်အားအလုံးအရင်းနဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ ဝမ့်ဟိုင်းဌာနချုပ်ကို သိမ်းပိုက်ဖို့ ၅ မိုင်အကွာမှာ ရောက်နေပြီလို့ ရှမ်းပြည် တိုးတက်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီစခန်းသိမ်း စစ်ဆင်ရေးအတွက် နေပြည်တော်ကနေ ညွှန်ကြားချက် ပေးလာတာလို့ ယူဆကြောင်းလည်း ရှမ်းပြည် တိုးတက်ရေး ပါတီဘက်က ပြောပါတယ်။ SSA/SSPP ခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ အနေနဲ့ကတော့ အင်အား အနေအထားအရ ပြောက်ကျားစနစ်နဲ့သာ ဌာနချုပ်ကို ကာကွယ်ရင်း ခုခံ တိုက်ခိုက်သွားမယ်လို့လည်း ပြောပါတယ်။ ဒီတိုက်ပွဲ ဖြစ်ပွားရာ ဒေသတွေမှာ စိုးရိမ်နေရတဲ့ လုံခြုံရေး အနေအထားကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရသလို ကျောင်းသားတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာရှိတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ဌာချုပ်ဖြစ်တဲ့ ဝမ့်ဟိုင်းစခန်းကို သိမ်းဖို့အတွက် မြန်မာစစ်တပ်ဟာ အင်အား အလုံးအရင်းနဲ့ ချီတက်လာနေပြီး အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဝမ့်ဟိုင်းဌာနချုပ်နဲ့ ၅ မိုင်လောက်မှာ ရောက်ရှိနေပြီလို့ ရှမ်းပြည် တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲဖို့ မြန်မာအစိုးရရဲ့ နေပြည်တော်ကနေ တိုက်ရိုက် ညွှန်ကြားချက် ပေးလာတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“ကျနော်တို့ အထောက်တော်ရဲ့ သတင်းပေးချက် အရပေါ့၊ အဲဒီ နေပြည်တော်ကနေ ညွှန်ကြားလိုက်တာ တပတ်အတွင်း ဝမ့်ဟိုင်းကို သိမ်းနိုင်ဖို့ ညွှန်ကြားထားတယ်။ သူတို့ ကျိန်းလွန်းအနီးနားတော့ ရောက်သွားပြီ။ ကျနော်တို့ ဝမ့်ဟိုင်းနဲ့ ၅ မိုင်လောက်ပဲဝေးတယ်။ တပ်ရင်း ၁၄ ရင်းလေ၊ ထောင်ကျော်တာပေါ့။ ကျနော်တို့ ခုခံနိုင်သလောက်တော့ ခုခံသွားမှာပဲ။”

အခုလို စစ်ဆင်ရေးတရပ် အနေနဲ့ မြန်မာစစ်တပ်ဘက်ကနေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ရှမ်းပြည် တိုးတက်ရေးပါတီ အနေနဲ့ကတော့ နောက်ဆုံးအချိန်ထိ တန်ပြန်နည်းနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဆက်ပြောပါတယ်။

“နောက်ဆုံး လေကြောင်းရော လက်နက်ကြီးတွေရော အင်အားရော ဖိသုံးလာရင်တော့ ကျနော်တို့က ဝမ့်ဟိုင်းကို လက်လွှတ်ရရင်လည်း တန်ပြန်တဲ့နည်းတော့ ရှိတာပေါ့။ ကျနော်တို့က ပြောက်ကျားစနစ်နဲ့ တိုက်ပွဲတော့ ဆက်လက်ဝင်သွားမှာပါ။ သူတို့က မရပ်မချင်းတော့။”

အခုဆိုရင် SSA/SSPP ခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ အနေနဲ့ကတော့ လိုအပ်တဲ့ ပြောင်းရွှေ့မှုတွေ ပြင်ဆင်မှုတွေ လုပ်နေပြီလို့လည်း သတင်းတွေ ပေါ်ထွက်နေပါတယ်။

ဇူလိုင် ၁၁ ရက်ကနေ စပြီးတော့ မြန်မာစစ်တပ်နဲ့ ရက်သတ္တပတ်ကျော်ကျော် တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ရှမ်းပြည် တိုးတက်ရေးပါတီ ဌာနချုပ်နဲ့ အနီးဝန်းကျင် ကျေးရွာတွေက စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“ကျနော်တို့ ပိတ်ထားတဲ့ကျောင်းက အဲဒီ ဖာထီးပေါ့။ မိုင်းနောင်နဲ့ ဝမ့်ဟိုင်းရဲ့ အဲဒီအနားမှာ ဖာထီးရွာ လမ်းခွဲလို့ ခေါ်တာပေါ့။ အဲဒီမှာ မူလတန်းကျောင်းတကျောင်း ရှိတယ်။ အဲဒီမှာ ပိတ်ပစ်လိုက်ရတယ်။ နောက် ဝမ့်ဟိုင်းမှာ တွဲဖက် အထက်တန်းကျောင်းရယ်၊ ပရဟိတကျောင်းရယ် အဲဒီကျောင်း ၂ ကျောင်း ရှိတယ်။ အဲဒါလည်း ပိတ်ပစ်လိုက်ရတယ်။ နောက် ကျနော်တို့ ကျိန်းလွန်းမှာပေါ့ မူလတန်းကျောင်း တကျောင်း ရှိတယ်လေ။ အဲဒီဟာလည်း ပိတ်ပစ်လိုက်ရတယ်။

“အခုဆိုရင် ကျနော်တို့ ကျောင်းတွေ အကုန်ပိတ်လိုက်ရတယ်။ အဲဒီ ကျောင်းသူ ကျောင်းသားတွေ တောထဲ လျှိုထဲမှာ မိုးမလုံ လေမလုံနဲ့ ပြေးလွှား ခိုအောင်းနေရတယ်ဆိုတော့ ရင်လေးစရာပါပဲ။ ကျနော်တို့ လက်နက်ကိုင်အဖွဲ့ကတော့ ကိစ္စမရှိပါဘူး။ အဲဒီ ပြည်သူလူထုအတွက်ပဲ ကျနော်တို့ စိုးရိမ်ရတယ်။”

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ဘေးဒဏ်ကြောင့် စာသင်ကျောင်း ၆ ကျောင်း ပိတ်ထားခဲ့ရပြီး ကျောင်းသား ၈၀၀ နီးပါးဟာ စာမသင်ရဘဲ ဘေးကင်းလုံခြုံတဲ့ နေရာတွေမှာ ခိုလှုံနေရတယ်လို့လည်း သတင်းတွေ ပေါ်ထွက်နေပါတယ်။

ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့တွေဟာ မနေ့က နမ့်ကိုင်ဖိတ် ရှေ့တန်းစခန်းကနေ ဆုတ်ခွာခဲ့ပြီး ဝမ့်ဟိုင်းဌာနချုပ် မရောက်ခင် တောင်ကြောတွေမှာ နေရာယူထားပြီး ပြောက်ကျားစနစ်နဲ့ မြန်မာစစ်တပ်တွေကို တိုက်ခိုက်နေဆဲပဲလို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။ ဒါပေမဲ့ တိုက်ပွဲ အခြေအနေတွေကိုတော့ ဆက်သွယ်မှု အခက်အခဲကြောင့် အတည်ပြုချက် မပေးနိုင်သေးပါဘူး။

ရှမ်းပြည် တိုးတက်ရေးပါတီဟာ အရင်က SSA (မြောက်ပိုင်း) လို့ လူသိများခဲ့ပြီး မြန်မာစစ်အစိုးရကနေ တိုက်တွန်း ဖိအားပေးထားတဲ့ နယ်ခြားစောင့် တပ်ဖွဲ့အသွင်ကို လက်မခံခဲ့တာကြောင့် ၂၀၁၀ ခုနှစ် မတ်လမှာ မြန်မာစစ်အစိုးရတပ်ကနေပြီး စတင် တိုက်ခိုက်လာရာကနေ နှစ်ဘက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာခဲ့ပေမဲ့လည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့လည်း တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။ အလားတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIO ခေါ် ကချင်လွတ်လပ်ရေးအဖွဲ့တွေ အပေါ်မှာလည်း စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

တိုင်းရင်းသားတွေကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင် နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ လုံခြုံရေး ပြဿနာတွေ၊ စစ်ပြေးဒုက္ခသည်တွေ ပိုပြီး တိုးပွားလာမှာ ဖြစ်သလို စစ်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပြီး ရှိလာမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG