သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်ချုပ်ကို ထိုင်းသူရဲကောင်းဘွဲ့ ချီးမြှင့်


ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ ထိုင်းနိုင်ငံက မြန်မာစစ်တပ် အကြီးအကဲကို ဒီကနေ့မှာပဲ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။

ထိုင်းဘုရင်က ချီးမြှင့်တဲ့ ဆင်ဖြူ တော်ဝင်သူရဲကောင်း ဘွဲ့တံဆိပ် (ပထမအဆင့်) ဆုကို မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံရယူခဲ့ကြောင်း ဒီကနေ့ပဲ ၂ နိုင်ငံ စစ်တပ်က သတင်းထုတ်ပြန်ခဲ့ကြတာပါ။

၂ နိုင်ငံကြား ကာလကြာရှည် ချစ်ကြည်ရင်းနှီးမှုကို ပြသတဲ့အနေနဲ့ ဆုချီးမြှင့်ခဲ့တာ ဖြစ်ကြောင်းလည်း ထိုင်းစစ်တပ်ရဲ့ ကြေညာချက်က ဖော်ပြခဲ့ပါတယ်။ ထိုင်းတပ်မတော်အတွက် ပံ့ပိုးကြိုးပမ်းမှုတွေအတွက် မြန်မာစစ်တပ် အကြီးအကဲကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ဖို့ ထိုင်းဘုရင် Maha Vajiralongkorn က ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၁ ရက်နေ့မှာပဲ အမည်စာရင်း တင်သွင်းထားကြောင်းလည်း ထိုင်းတော်ဝင်မိသားစုက သတင်းထုတ်ပြန် ထားတာပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်းက တကျော့ပြန် ပဋိပက္ခတွေကတော့ သြဂုတ်လ ၂၅ ရက်နေ့မှာ ARSA အစွန်းရောက်အုပ်စုက လုံခြုံရေးကင်းစခန်းတွေကို တိုက်ခိုက်ရာက ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆက်တွဲ စစ်ဆင်ရေးတွေမှာတော့ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်းလည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ကြတာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဝေဖန်ခံနေရတဲ့ မြန်မာစစ်တပ်ရဲ့ အကြီးအကဲကို ထိုင်းနိုင်ငံက ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့တဲ့ အပေါ်မှာတော့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့က ဝေဖန်ခဲ့ပါတယ်။

ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူကတော့ ပြည်ပနိုင်ငံက စစ်တပ်အကြီးအကဲတွေကို တော်ဝင်ဆုချီးမြှင့်တာဟာ ထိုင်းနိုင်ငံမှာ အစဉ်အလာတခု ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီကနေ့မှာပဲ ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Prem Tinsulanonda နဲ့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG