သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်ချုပ် ဥရောပခရီးစဉ် စစ်ရေးဆက်ဆံမှု အားဖြည့်ဖို့ ကြိုးပမ်း


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား သြစတြီးယားတပ်မတော် စစ်ဦးစီးချုပ်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး (ဧပြီလ ၂၄ ၂၀၁၇ခုနှစ်) ဓါတ်ပုံ- Senior General Min Aung Hlaing Facebook
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား သြစတြီးယားတပ်မတော် စစ်ဦးစီးချုပ်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး (ဧပြီလ ၂၄ ၂၀၁၇ခုနှစ်) ဓါတ်ပုံ- Senior General Min Aung Hlaing Facebook

ဧပြီလ (၂၂) ရက်နေ့က မြန်မာနိုင်ငံကနေ ထွက်ခွာလာတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဂျာမနီ ချစ်ကြည်ရေးခရီးစဉ်အတွင်း အရင်က မြန်မာကို ပိတ်ဆို့ထားတဲ့ ဥရောပနိုင်ငံတွေနဲ့စစ်ဘက်ဆက်ဆံရေး အခွင့်အလမ်းတွေ ပိုပြီး ပွင့်လာကြောင်း မြန်မာ့စစ်ရေးအကဲခပ်တွေက သုံးသပ်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက် ဥရောပခရီးစဉ်မှာ သြစတြီးယားနိုင်ငံဘက်က မြန်မာတပ်မတော်အရာရှိတွေကို စစ်ဘက်ဆိုင်ရာသင်တန်းတွေပေးဖို့ရှိကြောင်း ကမ်းလှမ်းခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ဂျာမန်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Volker Waiker ရဲ့ ဖိတ်ကြားချက်နဲ့ ဂျာမနီနိုင်ငံကိုသွားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ချစ်ကြည်ရေးခရီးစဉ်ဟာ အားနည်းနေတဲ့ မြန်မာစစ်တပ်နဲ့ နိုင်ငံတကာဆက်ဆံရေးကို အထောက်အကူဖြစ်စေကြောင်း တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ပြောပါတယ်။

“ဂျာမနီခရီးစဉ်မှာ အဓိက ၂ ချက်ရှိပါတယ်။ တချိန်တုန်းက ပိတ်ဆို့မှုတွေလုပ်ထားတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ပုံမှန်ဆက်ဆံရေး ပြန်ပြီး ထူထောင်နိုင်ဖို့အတွက် ရည်ရွယ်တယ်လို့ ကျနော်တို့ မြင်တယ်။ ဒုတိယတချက်ကတော့ အဲဒီလို ပြန်ထူထောင်ရင်းနဲ့ တဆင့် တခြားသော သင်တန်းတွေ၊ သူတို့နဲ့ ပေါင်းစပ်ပြီးလုပ်လို့ရတဲ့ သင်တန်းတွေကို ဂျာမနီကလည်း တခြားနိုင်ငံတွေကို ပေးခဲ့တဲ့ အစဉ်အလာကလည်းရှိတော့ အဲလိုသင်တန်းတွေနဲ့ ဆက်ဆံရေးကို ပြန်လည် တိုးမြှင့်လာနိုင်တဲ့ အလားအလာရှိတယ်။ နောက်တချက်ကတော့ အခုလက်ရှိအချိန်မှာတော့ ထင်သာမြင်သာမရှိပေမဲ့လည်း နောက်ပိုင်း အနာဂတ်အတွက် ရည်ရွယ်တာကတော့ ဥရောပသမဂ္ဂအနေနဲ့ လက်ရှိလုပ်ထားတဲ့ စစ်လက်နက်ပစ္စည်း လွဲှပြောင်းရောင်းချမှု ပိတ်ဆို့ထားတဲ့ ကိစ္စတွေကိုလည်း ပြန်လည် ပယ်ဖျက်ပေးနိုင်လောက်တဲ့အထိကို ကြိုးစားသွားမယ်လို့ ကျနော်မြင်ပါတယ်။”

ဒါအပြင် မကြာသေးခင်တုန်းကလည်း ဂျာမန် လေယာဉ်ကုမ္ပဏီတခုဖြစ်တဲ့ Grob Aircraft ကနေ ဒေါ်လာ သန်း ၅၀ ကျော်ဖိုးရှိတဲ့ အမောင်းသင်လေယာဉ် အစီး ၂၀ ကို မြန်မာစစ်တပ်က ဝယ်ယူခဲ့ကြောင်း ကိုရဲမျိုးဟိန်းက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ဂျာမနီချစ်ကြည်ရေးခရီးစဉ် အသေးစိတ်ကို မြန်မာတပ်မတော်က ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

ဧပြီလ (၂၂)ရက်နေ့က မြန်မာနိုင်ငံကနေ ထွက်ခွာလာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ ဂျာမနီနိုင်ငံ မရောက်ခင် သြစတြီးယားနိုင်ငံကို အရင်ဆုံး သွားရောက်ခဲ့တာပါ။

ခရီးစဉ်အတွင်း ဧပြီလ (၂၄)ရက်နေ့က သြစတြီးယား တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Othmar Commenda နဲ့ တွေ့ဆုံရာမှာ စစ်ဘက်ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ရည်ရွယ်ချက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

သြစတြီးယား ဗိုလ်ချုပ်ကြီး Othmar Commenda ကဘက်လည်း သြစကြီးယားနဲ့ မြန်မာ နှစ်နိုင်ငံ စစ်တပ်ဆက်ဆံရေး တိုးတက်ကောင်းမွန်တာဟာ အခြား ဥရောပ နိုင်ငံတွေက စစ်တပ်တွေနဲ့ ဆက်ဆံရေးကိုပါ များစွာအထောက်အကူပြုမှာ ဖြစ်ကြောင်းနဲ့ မြန်မာတပ်မတော်က အရာရှိတွေကို သြစတြီးယား စစ်ဘက်ဆိုင်ရာ သင်တန်းတွေကို စေလွှတ်တက်ရောက်ဖို့ ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။ ဒါအပြင် ဗိုလ်ချုပ်မှူးကြီးနဲ့ အဖွဲ့ဟာ သြစတြီးယား လေယာဉ်ထုတ် ကုမ္ပဏီ တခုဖြစ်တဲ့ Diamond Aircraft စက်ရုံကို ဧပြီလ (၂၅)ရက်နေ့က သွားရောက်လေ့လာကြည့်ရှုခဲ့ပါတယ်။

ဂျာမနီနဲ့ သြစတြီးယား နှစ်နိုင်ငံခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး နဲ့အတူ ကြည်း-ရေ-လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က တပ်မတော် အရာရှိကြီးတွေ လိုက်ပါသွားကြပါတယ်။

ပထမအကြိမ် ဥရောပခရီးစဉ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့နှစ်က ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ စစ်ကော်မတီ အစည်းအဝေးကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း ဥရောပသမဂ္ဂနိုင်ငံအများစုက မြန်မာနိုင်ငံအပေါ်သဘောထား ပြောင်းလဲခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကိုပါ တိုးမြှင့်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG