သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသားနှစ်ဦး အမှု ပြန် သုံးသပ်ပေးဖို့ တပ်ချုပ် သဝဏ်လွှာပို့


မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။

မြန်မာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထိုင်းနိုင်ငံက လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ် ချမှတ်ခံ ထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးရဲ့ အမှုကို သက်သေအထောက်အထား ခိုင်လုံမှု ရှိ-မရှိ ပြန်လည် သုံးသပ်စစ်ဆေးပေးဖို့ ထိုင်းအစိုးရ ထိပ်တန်းတာဝန်ရှိသူတွေကို ပန်ကြားလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ နေ့လယ်ပိုင်းမှာ ထိုင်းနိုင်ငံ အစိုးရဝန်ကြီး ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး General Prawit Wongsuwon၊ ထိုင်းဘုရင့်တပ်မတော် ဦးစီးချုပ် General Sommai Kaotira တို့ဆီကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံမှူးမှ တစ်ဆင့် နှစ်သစ်ကူး သဝဏ်လွှာများ ပေးပို့စဉ် အခုလို ပန်ကြားလိုက်တာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ FACEBOOK စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ သဝဏ်လွှာထဲမှာ နှစ်သစ်ကူး အခါသမယမှာ ကျန်းမာ ချမ်းသာ စွာနဲ့နိုင်ငံ အကျိုး ကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေရန် ဆုမွန်ကောင်း တောင်းပါကြောင်း၊ လိပ်ကျွန်း လူသတ်မှုမှာ သေဒဏ် ချမှတ် ခံရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ တရားဥပဒေအရ စီစဉ်ဆောင်ရွက်မှုကို လေးစားကြောင်း၊ သို့သော်လည်း သက်သေ အထောက်အထားများ ခိုင်လုံမှု ရှိ/မရှိ ပြန်လည်သုံးသပ် ဆန်းစစ်ပေးစေလိုကြောင်း၊ တရားဥပဒေအရ အပြစ်ရှိသူကို ပြစ်ဒဏ်မပေးမိခြင်းထက် အပြစ်မဲ့တဲ့ သူကို ပြစ်ဒဏ်ပေးမိတာမျိုးမဖြစ်ဖို့ အရေးကြီးတယ်လို့ဆိုပါတယ်။

ဒါ့အပြင် စီရင်ချက် ချမှတ်ခဲ့တဲ့ ကိစ္စနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံတို့ အကြား အခိုင်အမာတည်ရှိတဲ့ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစား ယုံကြည်မှုတို့ကို ရှေးရှုပြီး တရားဥပဒေအရ ညီညွတ်မျှတစွာ အကောင်းဆုံး ဖော်ဆောင်အလေးထား ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း စသည်ဖြင့် ဖော်ပြထားတယ်လို့ပြောထားပါတယ်။

XS
SM
MD
LG