သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တိုင်းမှူးများ အပြောင်းအရွှေ့


မြန်မာစစ်တိုင်းမှူးများ အပြောင်းအရွှေ့
မြန်မာစစ်တိုင်းမှူးများ အပြောင်းအရွှေ့

မြန်မာ့တပ်မတော်မှာ အရေးပါတဲ့ ဒုတိယတန်း ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ စစ်တိုင်းမှူး တချို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က စစ်ရာထူးခန့်ချုပ်ရုံးရဲ့ အမိန့်ပြန်တမ်းနဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်ခဲ့ပါတယ်။ တိုင်းမှူးအသစ် ခန့်အပ်တာတွေ မရှိပေမဲ့ လက်ရှိ စစ်တိုင်းတွေကနေ တခြား စစ်တိုင်းတွေကို ရွှေ့ပြောင်းပစ်တာဟာ တပ်မတော် ထိပ်တန်း ခေါင်းဆောင်တွေကြား ပြဿနာ တစုံတရာ ရှိနေတာကို ပြသနေတယ်လို့ မြန်မာ့တပ်မတော်ကို စောင့်ကြည့် လေ့လာနေသူတွေက သုံးသပ်နေကြပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး တရုတ်၊ မြန်မာနယ်စပ် အခြေစိုက် စစ်ရေး ကျွမ်းကျင်သူ ဦးအောင်ကျော်ဇောကို ဆက်သွယ် မေးမြန်းထားတဲ့ ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။

ဦးအောင်ကျော်ဇောခင်ဗျား တိုင်းမှူး ၆ ဦး အပြောင်းအရွှေ့ ရှိတယ်လို့ ကြားပါတယ်။ ဦးအောင်ကျော်ဇောရော ဘာများကြားပါသေးလဲ။

“တခြားလူတွေလည်း ပါသေးတယ်လို့ ကြားတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ၆ ဦးကတော့ Confirm လုပ်လို့ ရတာပေါ့ဗျာ။ ဒါလည်း ဒဲ့ပြောင်းသလို ဖြစ်တာကိုး။ ရန်ကုန်တိုင်းမှူး ဗိုလ်ထွန်းသန်းက တောင်ပိုင်းတိုင်း တောင်ငူကို ပြောင်းရတယ်။ တောင်ငူက ဗိုလ်မှူးချုပ် စိုးထွဋ်၊ အရင် လေယာဉ်ပျံ ပျက်ကျတဲ့ ဗိုလ်မှူးကြီး လွန်းမောင်သား၊ သူကတော့ တောင်ကြီးတိုင်းမှူးအဖြစ် ပြောင်းရတယ်။ တောင်ကြီးတိုင်းမှူး ဗိုလ်မှူးချုပ် ဆန်းဦးက ရန်ကုန်တိုင်းကို ပြောင်းရတယ်။ သူကတော့ ရန်ကုန်မှာလည်း နေဖူးတာကိုး။ War Office ရန်ကုန်စစ်ရုံးမှာလည်း နေဖူးတော့ အဲဒါလည်း ပါတယ်နဲ့ တူပါတယ်၊ သူ့ကို အဲဒီကိုပို့တယ်။

“နောက်တယောက်ကတော့ အရင်တုန်းက တပ်မ ၄၄၊ တပ်မ ၄၄ ကနေ မော်လမြိုင်တိုင်းမှူး ဖြစ်လာတဲ့ ထွန်းနေလင်း၊ သူ့ကို ရခိုင်ကို ပို့ပစ်တယ်။ ဒါကတော့ Punish လို့ပြောမလား ဘာလားတော့ မသိဘူး။ သူ့ဆီမှာ တိုက်ပွဲတွေက ဆက်တိုက် ဖြစ်နေတာကိုး။ ရခိုင်ပို့ပစ်လိုက်တယ်။ ရခိုင်က ဗိုလ်မှူးချုပ် စိုးသိန်း၊ သူက ဦးမောင်မောင်ရဲ့ PSO လည်း လုပ်ဖူးတော့၊ နောက်တခုက လုပ်ရည်ကိုင်ရည်လည်း ရှိလို့ ထင်ပါတယ်၊ သူ့လူ ကိုယ့်လူ မွေးတဲ့သဘောလည်း ပါတယ်နဲ့ တူပါတယ်၊ သူ့ကို နတခကို ပို့တယ်။ ဒါကတော့ တက်မယ့်လူပေါ့ဗျာ။”

ခုန ဦးအောင်ကျော်ဇောပြောတဲ့ ဦးမောင်မောင်ဆိုတာ သမ္မတ ဒေါက်တာမောင်မောင်ကို ပြောတာပါလား။

“ဟုတ်ပါတယ်၊ ဒေါက်တာမောင်မောင်ကို ပြောတာပါ။”

ဗိုလ်မှူးချုပ် စိုးသိန်းက ဒေါက်တာမောင်မောင်ရဲ့ PSO လုပ်ခဲ့ဖူးတယ်ပေါ့။

“ဟုတ်ကဲ့၊ လုပ်ခဲ့ဖူးပါတယ်။ အဲဒီတိုင်းက ကိုတင်မောင်ဝင်း၊ သူက အစက တပ်မ ၂၂ ကလာတော့ DKBA နဲ့ တပ်မ ၂၂ နဲ့ ဆက်ဆံခဲ့ဖူးတာ ရှိတယ်။ အဲဒီအကြောင်းကြောင့်လား မသိဘူး၊ ကိုတင်မောင်ဝင်းကို မော်လမြိုင် ပို့လိုက်တယ်။ ဒဲ့တော့ လဲတာပေါ့ဗျာ။ ဒီဟာက သာမန် ပြောင်းလဲမှုနဲ့တော့ မတူဘူး။ အကြောင်းမျိုးစုံတော့ ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က officiating ကာလမှာပဲ ရှိကြသေးတယ်။ တိုင်းမှူးအစစ်တော့ ဖြစ်ကြသေးတာ မဟုတ်ဘူး။ ခါတိုင်းဆိုရင် တနှစ်လောက် ဗိုလ်ချုပ်တွေ ဖြစ်မှ။ အခုက Brigadier တွေပဲ ဖြစ်ကြသေးတယ်။ Brigadier တနှစ်တောင် မပြည့်သေးဘူး။ သူတို့ မနှစ်က ၉ လပိုင်း၊ ၁၀ လပိုင်းမှ တိုင်းမှူး ဖြစ်ကြတာကိုး။

“ထူးခြားတဲ့ အကြောင်းအချက် မရှိဘဲနဲ့တော့ သူတို့ကို ဒီလို ရွှေ့တာ ပြုတာ လုပ်မယ်မထင်ဘူး။ ကျနော်တို့ ထင်တာက သူတို့မှာ Internal ကိစ္စတွေ ရှိနိုင်တယ်လို့ ထင်တယ်။ အပြင်လူတွေ မသိနိုင်သေးတဲ့ သူတို့ အတွင်းပိုင်းကိစ္စတွေ အများကြီး ရှိတယ်လို့ ယူဆရပါတယ်။”

စစ်တိုင်းမှူး အဆင့်လောက် အထိကို အပြောင်းအရွှေ့တွေ ကိုယ့်စိတ်ကြိုက် လုပ်နိုင်ခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ်ကတော့ သမိုင်းတလျှောက်မှာ ၂ ယောက်ပဲ တွေ့ခဲ့ဖူးပါသေးတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေါ့။ သူတို့ ၂ ယောက်ကတော့ သူတို့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့အချိန်မှာ အကုန်လုံး စိတ်ကြိုက်တွေ ရွှေ့ကြတာပေါ့။ အဲတော့ အခု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရော သူ့စိတ်ကြိုက် အပြောင်းအရွှေ့ လုပ်နိုင်သွားတယ်လို့ ဦးအောင်ကျော်ဇော မြင်ကြည့်လို့ ရပါသလားခင်ဗျ။ တပ်ထဲမှာ သူ့လူတွေနဲ့ချည်းပဲ တည်ဆောက်တဲ့ လမ်းကြောင်းကို သွားလို့ ရနေပြီလား။ ဘယ်လိုမြင်ပါသလဲခင်ဗျ။

“ကျနော်တော့ မထင်ဘူးဗျ။ တိုင်းမှူးဆိုတာ ထိပ်ဆုံးက ခေါင်းဆောင်တွေ မင်းအောင်လှိုင်တို့၊ စိုးဝင်းတို့ပြီးရင် သူတို့က ဒုတိယ ထိပ်ဆုံးခေါင်းဆောင်တွေ ဖြစ်တာကိုး။ အဲဒီလူတွေက တနေ့ သူတို့က First Line Up တွေ ဖြစ်လာမှာ။ အဲတော့ ဒီလူတွေရဲ့ အရွှေ့အပြောင်းက ကိုမင်းအောင်လှိုင် တယောက်တည်းတော့ မပြီးဘူးဗျ။ နောက်တခုကလည်း သိသာတာက အခု အပြောင်းအရွှေ့လုပ်တဲ့သူ အတော်များများမှာ အနည်းနဲ့ အများဆိုသလို တကြောင်းမဟုတ် တကြောင်း ထောက်ထားတဲ့ အကြောင်းအချက်တွေ အများကြီးရှိတယ်။

“ဒါတွေဟာ ကိုမင်းအောင်လှိုင် တယောက်တည်းလုပ်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆို ဒီလိုနေရာမျိုးကျတော့ နံပါတ် ၁ တို့၊ ၂ တို့ အာဏာမရှိတော့ဘူးလို့ ပြောနေပေမဲ့ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ တကယ်တော့ သူတို့မပါဘဲ မရဘူး။

“အဲတော့ ကျနော်မြင်တာတော့ ဒီနေ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ အဖွဲ့ကြီး ၄ ဖွဲ့ပေါ့ဗျာ၊ အောင်သောင်းတို့၊ ဗိုလ်ရွှေမန်းတို့၊ ဗိုလ်တင်အောင်မြင့်ဦးတို့၊ မင်းအောင်လှိုင်တို့၊ အဲဒီလို လွှတ်တော်တို့၊ အစိုးရတို့၊ ပါတီတို့၊ အဲဒီ ၄ ယောက်ရဲ့ သူ့လူ ကိုယ့်လူ တပ်ထဲမှာ အပြိုင်အဆိုင် ထည့်ကြတယ်လို့ ကျနော်တော့ ယူဆတယ်။”

ဦးအောင်ကျော်ဇော ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG