သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်နဲ့ DKBA မြဝတီမှာ ထိပ်တိုက်တွေ့


စစ်တပ်နဲ့ DKBA မြဝတီမှာ ထိပ်တိုက်တွေ့
စစ်တပ်နဲ့ DKBA မြဝတီမှာ ထိပ်တိုက်တွေ့

မြဝတီနဲ့ အနီးတဝိုက်မှာ တပ်စွဲထားတဲ့ DKBA ၉၀၂ တပ်ရင်းနဲ့ စစ်အစိုးရတပ်တွေ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေ ရောက်နေပါတယ်။ အပစ်ရပ် ငြိမ်းချမ်းရေး အဖွဲ့တွေထဲက နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းဖို့ လက်မခံတဲ့ တပ်တွေကို မြန်မာစစ်အစိုးရတပ်က ဖိအားပေးနေတာမှာ အခုလို တိုက်ပွဲ ဖြစ်လာနိုင်တဲ့ အခြေအနေထိ ရောက်လာနေတာပါ။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ လိုင်စင်မဲ့ကားတွေ ဖမ်းဆီမှုကြောင့် ပြီးခဲ့တဲ့လကစပြီး လက်နက်ကိုင် တင်းမာမှု စခဲ့တဲ့ DKBA ၉၀၂ တပ်ရင်းကို လုံခြုံရေး ပိုတင်းကျပ်လိုက်တယ်လို့ ၉၀၂ တပ်ရင်း အရာရှိတယောက်က ပြောပါတယ်။

နှစ်ဘက်တပ်တွေအကြား မနေ့ကစပြီး ပိုမို တင်းမာလာတာကို သူက အခုလို ရှင်းပြပါတယ်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါပေမယ့် မပစ်ကြသေးဘူး၊ သေနတ်တော့ မောင်းတင်ထားပြီးသားပဲ။ များတယ် အခု၊ ဒီနေ့ကစပြီးတော့ ပိုပြီးတင်းမာတယ်။ သူတို့ကလည်း လာဝိုင်းတယ်လေ၊ လာဝိုင်းလည်း သေနတ်မောင်းတင်ထားတာပေါ့။ လက်ညှိုးကွေးဖို့ပဲ လိုတော့တယ်။ အခု မြို့တွင်းမှာပဲ၊ မြို့ပတ်ပတ်လည်ပဲ။ ကျနော်တို့လည်း မြို့တွင်းမှာ၊ မြို့အပြင် မထွက်ဘူး။ ရပ်ကွက်ထဲမှာ အစောင့်တွေ စီစဉ်ထားတာပေါ့။ သူတို့လည်း ကျင်းတွေ တူးထားတယ်။”

အခုလို ၂ ဘက်အကြား တင်းမာမှု ဖြစ်နေတာကို မြို့ခံတချို့က သဲသဲကွဲကွဲ မသိကြသေးပေမဲ့ လုံခြုံရေး တိုးမြှင့်လာတာကိုတော့ သတိထားမိတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“အရင်ကတော့ ဘာမှမဟုတ်ဘူးလေ။ အခုဟာ ဗိုလ်ကျော်သက်နေတဲ့ အိမ်တွေ၊ လမ်းမတန်း ရပ်ကွက်တွေ၊ ရဲတွေ ညည ကင်းတွေ လိုက်လှည့်နေတယ်။ မြို့ထဲကလူတွေက သိကြတယ်။ အခု တအံ့တသြကြီးနဲ့ မြို့ထဲက လူတွေကတော့။ စစ်တပ်တွေက ဒီလိုမျိုး ဘာလို့သွားနေလဲဆိုတာ၊ အဲလိုမျိုး။”

DKBA တပ်တွေဟာ အရင်က မြဝတီမြို့ထဲ လက်နက်ကိုင်ပြီး ဝင်ထွက်ခွင့် ရှိပေမဲ့ လက်ရှိမှာ မြို့ထဲ သွားလာခွင့် မပြုတော့ပါဘူး။ မြဝတီ ပတ်ဝန်းကျင်က DKBA ၉၀၂ တပ်ဖွဲ့အင်အားကို စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က စုံစမ်းနေတယ်လို့ အဆိုပါ အရာရှိက ဆက်ပြောပါတယ်။

“အခု သူတို့ ညက ဘယ်လိုပြောလဲ၊ သူတို့အောက်က တပ်ခွဲတွေ အကုန်လုံး၊ ရဲဘော်တွေ နေတဲ့နေရာ အကုန်လုံး လိုက်စုံစမ်းခိုင်းတယ်။ စရဖက လိုက်စုံစမ်းခိုင်းတာလေ။ ဗိုလ်ကျော်သက်တို့ ဘယ်လောက်ရှိသလဲ၊ နောက် ဟိုနေရာက ဘယ်လောက်လဲ၊ ဒီလိုမျိုး။ ကျနော်တို့က ၃၀၀ နီးပါး ရှိတယ်၊ သူတို့က ၈၀ လောက်ပဲ ရှိတယ်။ ကျနော်တို့က မြို့ကို ဖြန့်ထားပြီးနေတာ။ ဘယ်လိုပြောမလဲ ကျနော်တို့ကို သူတို့က ပိတ်ထားတဲ့သဘောပေါ့။”

မြဝတီ စရဖ တာဝန်ရှိသူ တယောက်ကတော့ ပုံမှန် ကင်းလှည့်နေကျထက် အင်အားတိုးလိုက်တာဖြစ်ပြီး တင်းမာမှု မရှိဘူးလို့ ဗွီအိုအေကို ပြောပါတယ်။ ကရင်သတင်း အယ်ဒီတာ နန်းဖောဂေကတော့ ပြဿနာ ပိုကြီးလာတာဟာ နယ်ခြားစောင့်တပ် လက်မခံမှုကြောင့်လို့ ဆိုပါတယ်။

“အဓိကအချက်က ကျမထင်တာက နယ်ခြားစောင့်တပ် လက်မခံလို့ပဲ။ နအဖဘက်က ဖုန်းနဲ့ဖြစ်ဖြစ်၊ စာနဲ့ဖြစ်ဖြစ် ရေးလာတာ ရှိတာပေါ့လေ၊ သူတို့ဘက်ကို ပူးပေါင်းပါဝင်ဖို့ လုပ်ပါဦးပေါ့။ ခွဲခြားခွဲခြား မနေဖို့ အပျော့ဆွဲနဲ့ စာရေးလာတာရှိတယ်။ အဲဒါကိုလည်း လက်မခံဘူး၊ နောက်တခုက လက်ရှိ DKBA အဖွဲ့တွေက၊ နယ်ခြားစောင့် လက်မခံတဲ့ အဖွဲ့တွေက နဂိုစီးပွားရေးကိုပဲ လုပ်နေတုန်းဆိုတော့ ဒီမြဝတီလမ်းကြောက without car တွေ ချတာမျိုး ပြဿနာကို ဆွဲကျပ်လာတာ ရှိတာပေါ့။

“ဒါကြောင့်မို့ ကားတွေဖမ်းတယ်၊ ဒီမှာ ဗိုလ်ကျော်သက်တို့ ကားတွေ ပါပြီးတော့ ပြဿနာက ရဲစခန်းသွားဝိုင်းတဲ့ အဆင့်ထိ ဖြစ်သွားတာလေ။ အဲဒီကစပြီး တဘက်နဲ့တဘက် အစာမကြေဘဲ ကြည့်နေကြတာပေါ့။ တကွက် အမှားမခံတဲ့ ပုံစံ ရှိနေတာပေါ့။”

နယ်ခြားစောင့်တပ်ပြောင်းဖို့ အချိန်ကန့်သတ်ပြီး မရှေးမနှောင်း ပြီးခဲ့တဲ့ မေလကနေ ဒီလ အစောပိုင်းထိ မြဝတီမှာ လက်သည်မပေါ်တဲ့ မိုင်းကွဲမှုတွေ မကြာခဏ ဖြစ်ပွားလာပါတယ်။ ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်တဲ့ DKBA တပ်မဟာ ၅ ဟာ နယ်ခြားစောင့်တပ် ပြောင်းလဲဖို့ ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက အသွင်ပြောင်းရေးအတွက် အခက်အခဲ ရှိတာတွေ ကူညီဖြေရှင်းပေးမယ် ဆိုတဲ့စာကို ဗိုလ်မှူးကြီး စောလားပွယ်ထံ ပို့ပေးခဲ့ပေမဲ့ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG