သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်တွင်း မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲဆက်ဖြစ်


ကရင်ပြည်နယ်တွင်း မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲဆက်ဖြစ်
ကရင်ပြည်နယ်တွင်း မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲဆက်ဖြစ်

ကရင်ပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်နေတဲ့ DKBA တပ်တွေနဲ့ မြန်မာစစ်တပ်တို့ဟာ ၁၄ ရက်နေ့ညနဲ့ ၁၅ ရက် မနက်ပိုင်းထိ တိုက်ပွဲတွေ ဖြစ်တာကြောင့် ဒုက္ခသည် ၅၀၀ ကျော် ထိုင်းဘက်ကို ခိုလှုံလာခဲ့ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် ဝါလေကျေးရွာနဲ့ နီးတဲ့ DKBA ဗိုလ်ချုပ်နှုတ်ခမ်းမွေးရဲ့ နေရာကို နအဖရဲ့ စကခ ၈ လက်အောက်ခံတပ်တွေ နေရာဝင်ယူပြီး နောက်ပိုင်းမှာတော့ ၁၄ ရက်နေ့ညက DKBA က သူတို့ အရင်စခန်းကို သိမ်းထားတဲ့ မြန်မာစစ်အစိုးရ တပ်တွေကို ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ်။ DKBA တပ်မှူးတဦး ပြောပြတာကတော့…

“ညက ၆ နာရီကနေ ၈ နာရီခွဲအထိ တိုက်ပွဲဖြစ်တယ်၊ ဝါလေမှာ။ သူတို့ ပြောက်ကျား ဝင်ပစ်တယ်။ ဝင်ပစ်တော့ သူတို့က လက်နက်ကြီးနဲ့ ၂၄ ချက် ပြန်ထုတယ်။”

ဒီလို ပစ်ခတ်မှုတွေ အပြီးမှာတော့ ထိုင်း၊ မြန်မာနယ်စပ် ဝါလေရွာဘက်က ဒုက္ခသည် ၅၀၀ ကျော်ဟာ ထိုင်းဘက်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ပါတယ်။

၁၄ ရက်နေ့ မနက်ပိုင်းကလည်း DKBA ၉၀၁ တပ်ရင်းဟာ ကြာအင်းဆိပ်ကြီးမြို့နယ်က ကျိုက်ဒုံရဲစခန်းကို ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ်။

“ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲပေါ့၊ မြို့တွင်းမှာရှိတဲ့ ရဲစခန်းကို အမှတ် ၉၀၁ တပ်ရင်းက တပ်ဖွဲ့တွေက ဝင်ပစ်တယ်။ ရဲတယောက် လက်မှာ ဒဏ်ရာရတယ်လို့ သိရတယ်။”

ဒီလိုပစ်ခတ်မှုတွေ အပြီးမှာတော့ ကျိုက်ဒုံအခြေစိုက် မြန်မာစစ်တပ်တွေက လက်နက်ကြီးတွေနဲ့ DKBA တွေ ရှိနိုင်မယ့် နေရာတွေကို ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်မှု ရှိတယ်လို့ ဆက်ပြောပြပါတယ်။

“အဲဒီလို ဝင်ပစ်တော့ တပ်က လက်နက်ကြီးနဲ့ ပြန်ထုတာ။ အရပ်သား ၅ ယောက် ဒဏ်ရာရတယ်။ တယောက်ကတော့ ဒဏ်ရာပြင်းတယ်။ အခုလက်ရှိတော့ ကျိုက်ဒုံဆေးရုံမှာပဲ။”

အခုလို DKBA အနေနဲ့ ရဲစခန်းတွေနဲ့ အစိုးရရုံးတွေကို ဝင်ရောက်စီးနင်းတာတွေ၊ ပစ်ခတ်တာတွေ လုပ်နေတာဟာ ဘယ်လို အကြောင်းအချက်တွေကြောင့် ပြုလုပ်နေပါသလဲလို့ မေးတဲ့အခါမှာတော့ …

“ရည်ရွယ်ချက်ကတော့ လက်ရှိ နအဖရဲ့ မတရားတဲ့ ဖိနှိပ်မှုကို လက်နက်ကိုင်ပြီး၊ နိုင်ငံရေးနဲ့လည်း မဖြေရှင်းဘူး။ ကျနော်တို့ကို နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းခိုင်းတယ်။ ကျနော်တို့လက်နက်ကို သူတို့ ပြောင်းမလို၊ လဲမလို၊ သိမ်းမလိုလို အမျိုးမျိုး အသံထွက်တယ်။ ဝပြည်နယ်တို့၊ ချင်းပြည်နယ်တို့ ပို့မယ်လို့ အမျိုးမျိုး ကြားတယ်။ အဲဒါကို ကျနော်တို့ လက်မခံဘူးလေ။”

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့ အကြောင်းကစပြီး ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ခေါင်းဆောင်တွေကို ခေါ်ပြီး ရှင်းလင်းပြတာလည်း မရှိဘူး။ ကျနော်တို့ လက်ခံလို့ မရဘူးလေ။ ပြောင်းလိုက်ရင် ကျနော်တို့ အမျိုးသားတွေအတွက် ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး၊ ပြောပိုင်ခွင့် မရှိဘူး။ ကိုယ်ပိုင်တပ်လည်း မရတော့ဘူး။”

သူတို့တွေ အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပေမဲ့ သူတို့ကို ဖိနှိပ်မှုတွေ ဆက်လက် လုပ်လာမယ် ဆိုရင်တော့ ပြန်လည် တုံ့ပြန်သွားမယ် ဆိုပြီးတော့လည်း ပြောသွားပါတယ်။

“ပြည်သူ ပြည်သားတွေ ငြိမ်းချမ်းစေချင်တယ်။ သူတို့မှာ စစ်အင်အား ရှိတယ်၊ တပ်အင်အားရှိတယ်။ သူတို့ စစ်အင်အားနဲ့ ပြည်သူတွေကို အနိုင်ကျင့်လို့ ရမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ပြန်တုံ့ပြန်ဖို့ အသင့်ပဲ။”

မြဝတီမြို့မှာတော့ နယ်ခြားစောင့်တပ်တွေဟာ DKBA အဖွဲ့ဝင်စစ်စစ် မဟုတ်ဘဲ မြန်မာစစ်တပ်က ယူနီဖောင်းပြောင်းပြီး နယ်ခြားစောင့်တပ် အသွင်နဲ့ နေရာယူလာတာကြောင့် နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ DKBA တွေ ကြားမှာတောင် မကျေနပ်မှုတွေ တိုးပွားလာနေပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ ကရင်ပြည်နယ် မြဝတီခရိုင် ဖလူးမရောက်ခင် မေတ္တာလင်းမြိုင် အရပ်မှာလည်း DKBA တပ်တွေနဲ့ မြန်မာစစ်တပ်တွေ တိုက်ပွဲ ဆက်ဖြစ်နေတာကြောင့် ဒုက္ခသည်တွေ ပြေးလွှားနေရဆဲ ဖြစ်သလို နိုဝင်ဘာလ ၁၄ ရက်နေ့ညနဲ့ ၁၅ ရက်နေ့ မနက်က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၅၀၀ ကျော်ရှိပြီး ထိုင်းနိုင်ငံသားတွေလည်း ဆိုင်တွေပိတ်ပြီး ထွက်ပြေးနေရတာတွေ ရှိနေပါတယ်။

XS
SM
MD
LG