သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DKBA တပ်ဖွဲ့ကို မြန်မာစစ်တပ် လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်


DKBA တပ်ဖွဲ့ကို မြန်မာစစ်တပ် လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်
DKBA တပ်ဖွဲ့ကို မြန်မာစစ်တပ် လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်

ထိုင်း၊ မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ကို စစ်အစိုးရက ငြိမ်းချမ်းရေး လုပ်ချင်ပါတယ်လို့ တယ်လီဖုန်းကတဆင့် ပြောတဲ့ နောက်တနေ့ကစလို့ မြန်မာစစ်တပ်က DKBA ကို ဒီကနေ့အထိ ဆက်တိုက်ဆိုသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့်လည်း ဒုက္ခသည်တွေ နယ်စပ်ဒေသကို နောက်ထပ် ထွက်ပြေးလာနေကြရသလို အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ခြမ်းကိုလည်း လက်နက်ကြီး ကျည်ဆန်တွေ ကျရောက်ပေါက်ကွဲတာ ရှိနေတယ်ဆိုပြီး ဒေသခံတွေ၊ DKBA တပ်ဖွဲ့တွေက ပြောကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ တိုက်ပွဲဖြစ်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ၂ လအတွင်း အပြင်းထန်ဆုံးဖြစ်ကြောင်း DKBA ဘက်က ပြောပါတယ်။ ဖလူးကြီး၊ ဖလူးလေး ဒေသတဝိုက်မှာ စစ်တပ်က အင်အား အလုံံးအရင်းနဲ့ ဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်နေကြောင်း၊ DKBA တွေ ထောင်ထားတဲ့ မိုင်းတွေကို ရှောင်ကွင်းနေပြီး လက်နက်ကြီးနဲ့သာ ပစ်ခတ်နေကြောင်း၊ ဒီအတွက် ထိုင်းနိုင်ငံဘက်ကိုပါ ကျနေကြောင်း DKBA တပ်မှူး ဗိုလ်မှူး စောစန်းအောင်က အခုလို ပြောပြပါတယ်။

“ဖလူးကြီး၊ ဖလူးလေး အရှေ့ဘက်မှာ အဲဒီလိုပဲ ကျနော်တို့ ထိန်းထားတဲ့ တဖွဲ့ရှိတယ်၊ လက်နက်ကြီးနဲ့ အလုံး ၆၀၊ ၇၀ လောက် ပစ်တယ်။ အဲဒီ ဖလူးကြီးရွာ အရှေ့ဘက်နားမှာ ဖြစ်တယ်။ အခု နံပါတ်တစ် သတ်ကွင်းကို သူတို့ မလာဘူး။ ရှောင်ကွင်းပြီးလာတယ်။ ဒါပေမဲ့ သူတို့ မလာပေမဲ့ ကျနော်တို့ကို လက်နက်ကြီးနဲ့ ပုံမှန်ပစ်တယ်။ မနေ့ကဆို အလုံး ၂၀၀ ကျော်ပစ်တယ်။ ဒီနေ့ဆို အလုံး ၁၀၀ နီးပါး ဖြစ်နေပြီ။ အဲဒီ ၁၀၀ ထဲက ထိုင်းဘက်ကို ၁၀ လုံးကျော်ကျတယ်။ မွန်းလွဲ ၃ နာရီလောက်တုန်းက ထိုင်းဘက်ကို ၆ လုံး၊ ၇ လုံးလောက် ကျတယ်။”

ရွာသားတွေ ပြောတာကတော့ မြန်မာစစ်တပ်က DKBA ကို ၄ ရက်အတွင်း အပြီးသတ် တိုက်နိုင်ဖို့ ရည်ရွယ်ကြောင်း ရွာသားတွေကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ရွာသားတဦး ပြောပြတာက…

“အခုချိန်ထိ ကျနေတုန်းပဲ။ တော်တော်များများကို ပစ်တယ်။ ရွာသားတွေက အစောပိုင်းတုန်းက ဖလူးကြီးထဲကိုတောင် အလုံးကြီးတွေ ကျနေတယ်တဲ့။ ဖလူးကြီးမှာ လူနည်းနည်းပဲရှိတော့တယ်။ မင်းလက်ပန်ရွာသား တချို့တလေလည်း အခု ဒီဘက်ကမ်းကို ဖလူးကြီးကနေ ကူးလာတယ်။ ကျနော်ကြားတာ ဗမာစစ်သားတွေ ပြောတာ ၄ ရက်နဲ့ အပြတ်တိုက်မယ်ပေါ့။ သူတို့တိုက်တာ နားကွဲဒုံးဆိုလား၊ ကျနော်တော့ နားမလည်ဘူး၊ အဲဒီဒုံးနဲ့ သူတို့တိုက်နေတာ။

“သူတို့တိုက်မယ့်ဟာ ကိုက် ၁၀၀၊ ၂၀၀ ပတ်ချာလည် အတွင်းကို တကယ်လို့ မထိခဲ့ရင်တောင် နားကွဲမယ်ပေါ့။ အဲဒါနဲ့ အပြတ်ချေမှုန်းမယ်လို့ စစ်သားတွေက ပြောနေတာ။ စစ်သားဆိုတာ ရဲဘော်တွေပြောတာ မဟုတ်ဘူး၊ တပ်ကြပ်၊ တပ်ကြပ်ကြီးတွေ၊ အရာရှိတွေက ပြောပြနေတာ။”

တိုက်ပွဲတွေ ဆက်ဖြစ်မှာမို့ ၉ ရက်နေ့ကတော့ DKBA ၉၀၂ တပ်ရင်းမှူး ဗိုလ်မှူး စောကျော်သက်က ဒေသခံ ရွာသားတွေကို ရှောင်တိမ်းဖို့ လုပ်ခိုင်းထားပါတယ်။ အခုတိုက်ပွဲတွေကြောင့် ဝါးလေဒေသဘက်မှာ မြန်မာစစ်တပ်က ရိက္ခာပြတ်လပ်မှုတွေဖြစ်ပြီး ကလေးစစ်သားတွေလည်း ထွက်ပြေးမှုတွေ ဖြစ်ပေါ်နေပါတယ်။ DKBA ကတော့ ဝါးလေဒေသဘက်မှာ မြန်မာစစ်အစိုးရတပ်တွေ ထပ်ပြီး မဝင်ရောက်နိုင်အောင် ဆက်တိုက်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ ဘယ်လောက်ပဲ ပစ်ခတ်မှု ဖြစ်နေပါစေ၊ လက်ရှိ အာဏာရှင် စစ်အစိုးရကို မထိုးဖောက်နိုင်အောင် ဆက်လက် တိုက်ခိုက် ချေမှုန်းမယ်။”

တိုက်ပွဲတွေကြောင့် ၂ ဘက် ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်နေပြီး DKBA ဘက်ကတော့ ဒီနေ့မှာပဲ ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ DKBA ဘက်က ပြောပါတယ်။ မြန်မာစစ်တပ်ဘက်ကတော့ သူတို့လူနာတွေကို ထိုင်းကိုဖြတ်ပြီး မြဝတီဆေးရုံကို သယ်ယူပို့ဆောင်ဖို့အတွက် လုပ်ဆောင်ခဲ့ပါတယ်။

၂ ဘက်လုံးကတော့ တင်းမာမှုတွေ ဆက်ဖြစ်နေပြီး မြန်မာဘက်ကတော့ ဗိုလ်ချုပ် နှုတ်ခမ်းမွေးကို ရရှိဖို့အတွက် ကြိုးစားနေကြောင်း DKBA တပ်မှူးတွေက ပြောပါတယ်။

XS
SM
MD
LG