သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းစစ်သား ၂ ယောက် ဒဏ်ရာရ


မြန်မာစစ်တပ်နဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းစစ်သား ၂ ယောက် ဒဏ်ရာရ
မြန်မာစစ်တပ်နဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းစစ်သား ၂ ယောက် ဒဏ်ရာရ

မြန်မာစစ်အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား ပဋိပက္ခ ကြီးထွားလာနေတာ ဒီနေ့မှာဆိုရင် အိမ်နီးချင်း ထိုင်းနိုင်ငံက တပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုတွေ ရှိခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ လွှတ်တော်သစ်တွေ ခေါ်ယူတဲ့ အချိန်အထိ တိုက်ခိုက်မှုတွေ မဆဲနိုင်သေးဘဲ ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေလည်း ထိုင်းနိုင်ငံထဲ ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲတွေ ကျင်းပချိန်ကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ အခုနောက်ဆုံး လွှတ်တော်သစ်တွေ စတင်ခေါ်ယူနေတဲ့ အချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲပါ။ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) နဲ့ မြန်မာစစ်အစိုးရ တပ်တွေကြား ကရင်ပြည်နယ်တွင်းက ဝါလေ၊ ချောက်ခက် စတဲ့ နေရာတွေမှာ တနင်္ဂနွေနေ့ကစလို့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေဆဲ ဖြစ်ပါတယ်။ တနင်္လာနေ့ မနက်ပိုင်းကနေ ညနေပိုင်းထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ အခြေအနေကိုတော့ DKBA တပ်မှူး ဗိုလ်မှူး စောဆန်းအောင်က အခုလို ပြောပါတယ်။

“ဒီနေ့ဆိုရင် အူးကလေ့ထမှာ ပစ်နေတာပဲ နအဖ စစ်အစိုးရကတော့။ လွှတ်တော်လည်း ခေါ်နေပြီ၊ ကျနော်တို့ တိုင်းရင်းသားတွေကိုတော့ လက်နက်အားနဲ့ ပစ်နေတာပဲ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲပြီးလို့ သူတို့ လွှတ်တော်ခေါ်ရင် စစ်ရေးနဲ့ ပတ်သက်ပြီး သူတို့ ပြောင်းလဲမှုတွေ ဖြစ်မယ်၊ သူတို့ဒေသမှာ အေးချမ်းဖို့လား၊ တည်ငြိမ်ဖို့လား ကျနော်တို့ အသံကြားတယ်။ လက်ရှိ အဲဒါ အသံပဲ ကြားတယ်။

“တကယ်တမ်းကြတော့ ကျနော်တို့ နယ်စပ်ဒေသမှာတော့ လက်နက်သံတွေက နေ့တိုင်းလို အဆက်မပြတ် ကြားနေရတယ်၊ နေ့သော်လည်းကောင်း၊ ညသော်လည်းကောင်း။ အခု ၂၀၁၁၊ ၁ လပိုင်းမှာဆိုရင် လက်နက်သံတွေက နေ့တိုင်းလိုလို ဖြစ်တယ်လို့ ပြောလို့ရတယ်။ မနက်ကဆိုရင် ကျနော်တို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ လက်ရှိ ဝါလေတပ်ဧရိယာမှာလည်း ကျနော်တို့ တပ်ဖွဲ့တွေနဲ့ ပစ်နေတယ်။”

တနင်္ဂနွေနေ့တုန်းကလည်း DKBA တပ်ဖွဲ့တွေက ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ မြန်မာစစ်တပ်ပိုင်ကားကို ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်တာ၊ ပစ်ခတ်တာတွေ လုပ်ခဲ့ကြောင်း၊ ဒီ့အတွက် မြန်မာစစ်တပ်ဘက်ကလည်း ထိခိုက်မှုတွေ ဖြစ်သွားကြောင်းကို DKBA နဲ့ ဒေသခံတွေက ပြောပါတယ်။

“ကြည့်ရတာ ဗိုလ်မှူး ကျော်စိုးလေ၊ မြဝတီနဲ့ အလွန်လေးမှာ၊ သင်္ကန်းညီနောင် ဗျူဟာဂိတ်ရဲ့ အလွန်မှာ ဆွဲမိုင်းနဲ့ ဆွဲတယ်၊ ပစ်လည်း ပစ်တယ်။ ရန်သူက ၆ ယောက် ကျဆုံးတယ်၊ ၁၃ ယောက် ဒဏ်ရာရတယ်။ ကားတစီး ချောက်ထဲ ကျသွားတယ်။ မနေ့ညကတော့ ဝါလေရွာထဲမှာ ကျနော်တို့ ဆွဲမိုင်းနဲ့ဆွဲတာ ရန်သူ ၆ ယောက် ဒဏ်ရာရပြီး ထိုင်းနိုင်ငံထဲက သယ်ဆောင်သွားတယ်လို့ ကျနော်တို့ သိရတယ်။ ဗိုလ်မှူးအဆင့်ဆိုတဲ့လူက မျက်လုံး ၂ ဘက်စလုံး ကန်းတယ်။ တပ်ခွဲမှူးလည်းပါတယ်၊ ဒု-ခွဲမှူးလည်းပါတယ်၊ ထိတာ။”

ဒီလိုပစ်ခတ်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်မှာလည်း ထိခိုက်မှုတွေ ရှိနေပါတယ်။ တနင်္ဂနွေနေ့က လက်နက်ကြီး ကျည်ဆံတွေ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် နယ်စပ်ဒေသက သောင်ရင်းမြစ်အနီးမှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီး အခုအခါ ဆေးရုံတင် ကုသထားရတယ်လို့လည်း ထိုင်းအစိုးရ သတင်းတရပ်က ဖော်ပြခဲ့တာပါ။

နိုဝင်ဘာလ ၈ ရက်နေ့ကနေ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်မှာတော့ ဒုက္ခသည် ၁၀,၀၀၀ နီးပါး ခိုလှုံနေရဆဲဖြစ်ပြီး နေရပ်ရင်းကိုလည်း မပြန်နိုင်ကြဘဲ နယ်စပ်တွေက နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေကြရပါတယ်။ ဒုက္ခသည်တွေအတွက် တိတိကျကျ သတ်မှတ်ထားတဲ့ စခန်း မရှိတာကြောင့် ဒုက္ခသည်တွေ ဖြစ်သလို တကွဲတပြား နေထိုင်နေရကြောင်း ဆန်နဲ့ ရိက္ခာတချို့ အကူအညီ ပေးနေတဲ့ နယ်စပ်က မယ်တော်ဆေးခန်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်နေသေးတဲ့အတွက် ထိုင်းနိုင်ငံ ဖွတ်ဖမြို့နယ်ထဲမှာ အခြေချ နေထိုင်တဲ့ ဒုက္ခသည် ပိုများလာနေတယ်လို့လည်း နယ်စပ်အခြေစိုက် အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

XS
SM
MD
LG