သုံးရလွယ်ကူစေသည့် Link များ

သစ်မှောင်ခိုမှု KIA ပါသည့် သံသယကြောင့် စစ်တပ် ထိုးစစ်ဆင်ခြင်းဖြစ်နိုင်


မြန်မာနဲ့ နယ်ချင်းထိနေတဲ့ တရုတ်နိုင်ငံ၊ ဟူဘီခရိုင်အလယ်ပိုင်း Baokang ဒေသက သစ်များ။ (မေ ၉၊ ၂၀၀၇)
မြန်မာနဲ့ နယ်ချင်းထိနေတဲ့ တရုတ်နိုင်ငံ၊ ဟူဘီခရိုင်အလယ်ပိုင်း Baokang ဒေသက သစ်များ။ (မေ ၉၊ ၂၀၀၇)

ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံbက် ခိုးထုတ်တဲ့ သစ်မှောင်ခိုမှုတွေမှာ ဒေသခံ KIA တပ်တွေ ပါဝင်ပတ်သက်နေတယ်လို့ မြန်မာအစိုးရဘက်က သံသယဝင်နေတာကြောင့် KIA တပ်တွေကို အစိုးရတပ်တွေက လာရောက် တိုက်ခိုက်တဲ့ သဘောဖြစ်တယ်လို့ ယူဆကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။ KIA တပ်bက်ကတော့ သစ်မှောင်ခိုမှုမှာ သူတို့ ပါဝင်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါ တယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ကချင်ပြည်နယ် မန်စီမြို့တဝိုက် လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေဟာ KIA တပ်တွေက သစ်မှောင်ခိုမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး အစိုးရဘက်က ယူဆတာကြောင့် မြန်မာ့တပ်မတော်က လာရောက်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သူနားလည်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိသူ ဦးလမိုင်ခွန်ဂျာက VOA ကို ပြောပါတယ်။

“အိမ်နီးချင်းနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံက သစ်မှောင်ခိုဝင်လာတဲ့ဟာလည်းပဲ KIO နယ်မြေထဲမှာဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တပ်မတော်က ဘာပဲဖြစ်ဖြစ် သစ်မှောင်ခိုအလုပ်သမားတွေအားလုံးက KIA နဲ့ပတ်သက်နေတယ်လို့ သူတို့အနေနဲ့တော့ ဒီလို ယူဆတာလည်း ရှိတယ်ဗျ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ KIA ကိုမေးတဲ့အခါကျတော့ သူတို့အနေနဲ့ ပတ်သက်မှုတော့မရှိဘူး၊ ဒါပေမယ့် အောက်ခြေဘက်က ဟာတွေကတော့ နားလည်မှုနဲ့ ဒီလိုပတ်သက်မှု ရှိကောင်းရှိလိမ့်မယ်လို့ ဒီလို ပြောတာတော့ ရှိတယ်ဗျ။”

အစိုးရတပ်တွေဟာ မန်စီမြို့နယ် နမ့်လင်းပါနဲ့ မုန့်တူပါရွာတွေနားက KIA တပ်မဟာ ၃ တပ်တွေကို လာတိုက်ခိုက်တာကြောင့် မနေ့ကအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း KIA တပ်က ဗိုလ်မှူးဇော်ဂေါင်က ပြောပါတယ်။

“မနေ့ကဖြစ်တဲ့နေရာမှာပဲ။ မန်စီမြို့နယ်၊ နမ့်လင်းပါ-ပေါ့။ နမ့်လင်းပါနဲ့ မုန့်တူပါရွာပတ်ဝန်းကျင်မှာပဲ။ အဲဒီရွာမှာ ကျနော်တို့ တပ်ခွဲတွေဘာတွေ ရှိတဲ့နေရာပေါ့။ သုံးလေးရက်ရှိပြီ။ နေ့တိုင်းလိုပဲ၊ လာတိုက်တဲ့သဘော၊ အကျအဆုံးကလည်း အသေးစိတ်တော့ မသိဘူး။ ဒဏ်ရာရတဲ့သူ နှစ်ယောက် သုံးယောက်ရှိတယ်လို့ သတင်းတော့ ကြားရတယ်။”

မေး။ ။ အစိုးရတပ်တွေက အင်အားတော်တော်သုံးပြီးတော့ ထိုးစစ်ဆင်နေတာမျိုးလား။

ဖြေ။ ။ တပ်ရင်းနှစ်ရင်းလောက်ရှိတယ်လို့ ပြောတာပဲ။ အင်အားကတော့ ၅၀၀ - ၆၀၀ ပတ်ဝန်းကျင်ရှိတယ်-အစိုးရတပ်က။

သစ်မှောင်ခိုသမားတွေနောက်ကို ခြေရာခံရင်း KIA နယ်မြေထဲကို အစိုးရတပ်တွေ ရောက်လာရတာဖြစ်တယ်လို့ အစိုးရတပ်က သူတို့ကိုရှင်းပြ ခဲ့တာမျိုးရှိကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ခွန်ဂျာက ပြောပါတယ်။

“တပ်မတော်ကတော့ သစ်မှောင်ခိုသမားတွေကို သစ်ဖမ်းဖို့အတွက် သွားလာတဲ့အချိန်မှာ KIO ရှိတဲ့နေရာမှာ ရောက်လာတော့ သူတို့ တပ်စခန်းကို ကာကွယ်တဲ့အနေနဲ့ ပစ်တယ်ဆိုပြီးတော့ KIO ကလည်း အဲဒီအတိုင်းပဲ ပြောတာဖြစ်တယ်။ အစိုးရတပ်ဘက်ကတော့ KIA ရဲ့တပ်စခန်းတွေကို သွားတိုက်ဖို့ အစီအစဉ်လည်းမရှိဘူး။ သူတို့အနေနဲ့ကတော့ ကောင်းကင်ကနေပြီးတော့မှ လေယာဉ်ပေါ်ကနေ ကြည့်တဲ့အချိန်မှာ သစ်မှောင်ခိုသမားတွေ ကားတွေ အမြောက်အမြား သွားလာနေတာတွေ့လို့ အဲဒီဟာတွေကို လိုက်ဖမ်းဆီးတယ်လို့ အစိုးရဘက်ကတော့ အဲဒီအတိုင်းပြောပါတယ်ဗျ။”

ကချင်ဒေသစစ်ပွဲတွေ ရပ်စဲနိုင်ရေး တိုက်ပွဲဖြစ်ရာဒေသကို ကွင်းဆင်းစစ်ဆေးဖို့ KIO နဲ့ အစိုးရတပ်တွေ ပေါင်းပြီးဖွဲ့ထားတဲ့ ပဋိပက္ခညှိနှိုင်းရေး အဖွဲ့တွေဟာ အခုချိန်ထိ လုပ်ငန်း မစနိုင်သေးဘူးလို့ ဦးလမိုင်ခွန်ဂျာက ပြောပါတယ်။ တကယ်တော့ အခုပြဿနာဟာ အစိုးရတပ်တွေနဲ့ KIA တပ်တွေကြား နားလည်မှုလွဲရာက ဖြစ်လာတဲ့စစ်ပွဲတွေဖြစ်တာကြောင့် နှစ်ဖက်တပ်တွေ သွားလာလှုပ်ရှားရာမှာ တဘက်နဲ့တဘက် ကြိုတင် အသိပေး အကြောင်းကြားတာမျိုး လုပ်သင့်တယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က အကြံပြုထားတယ်လို့ ဆိုပါတယ်။

“တပ်ကလည်းသွားမယ်၊ လာမယ်၊ KIA ကလည်း သွားမယ်လာမယ်ဆိုရင် ဘာဖြစ်ဖြစ် တဘက်နဲ့တဘက် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်သွားရင်တော့ ပိုကောင်းပါတယ်။ ဒီလို မဟုတ်ဘူးဆိုရင်လည်း တဘက်က ဘာကိစ္စကြောင့်သွားတယ်ဆိုတာမသိဘူး။ မသိတဲ့အခါကျတော့ တဘက်ကလည်း စိုးရိမ်မှုနဲ့ ကာကွယ်တဲ့အနေနဲ့ ပစ်ခတ်တာမျိုး ဖြစ်တဲ့အခါကျတော့ ခနခန အဲလိုပဲပြန်ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ် အစိုးရဘက်ကလည်း ရိက္ခာပို့တာတို့၊ တပ်ချိန်းတာတို့၊ နောက်ပြီးတော့သစ်ဖမ်းတာတို့ဆိုတာလည်း တဘက်ကို အကြောင်းကြားပြီးတော့မှ တဘက်ကလည်း အဲဒါကို နားလည်မှု သဘောတူညီမှု ရယူပြီးမှသွားလာနေမယ်ဆိုရင် ဘာမှ ပြဿနာဖြစ်စရာအကြောင်းမရှိဘူး။ ဒီလိုလုပ်ဆောင်ရင်တော့ ပိုကောင်းပါတယ်ဆိုတာကို ကျနော်တို့ တင်ပြထားတာတော့ ရှိတယ်ဗျ။”

ဦးလမိုင်ခွန်ဂျာက ပြောသွားတာပါ။ လတ်တလော စစ်ပွဲတွေကြောင့် ဒေသခံတွေ စစ်ရှောင်ဖို့ အခြားဒေသကို ထွက်ပြေးခိုလှုံနေရပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး ညှိနှိုင်းမှုအဖွဲ့ NCCT တို့ကြားမှာ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Joint Monitoring Committee ဖွဲ့စည်းဖို့ သဘောတူ ထားပေမယ့် အခုချိန်ထိ လက်တွေ့ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပါဘူး ခင်ဗျာ။

XS
SM
MD
LG