သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ဒေသ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးတပ်ဖွဲ့အချို့ကို ပြန်လည် ရုပ်သိမ်း


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေအခြေအနေတည်ငြိမ်လာပြီလို့ဆိုပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ စစ်ကြောင်းတချို့ကို ဗူးသီးတောင် မောင်တောဒေသကနေ ရုပ်သိမ်းမယ်လို့တပ်မတော်က ကြေညာထားပါတယ်။ တပ်မတော်အပေါ် နိုင်ငံတကာဖိအားတွေရှိလာချိန်မှာ ခုလိုစစ်ကြောင်းတချို့ကို ရုပ်သိမ်းဖို့လုပ်နေတာဖြစ်ပါတယ်။ တကယ်ပဲ အဲဒီဒေသတွေရဲ့လုံခြုံရေးက စိတ်ချရတဲ့ အခြေအနေရှိပါပြီလား။ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသမှာ ဩဂုတ် ၂၅ ရက်က အကြမ်းဖက်သမားတွေက လုံခြုံရေးစခန်း ၃၀ ခုကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် တပ်မတော် နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပါတယ်။

စက်တင်ဘာလ ၅ရက်နေ့နောက်ပိုင်းမှာ ထိတွေ့တိုက်ခိုက်တာတွေ လျော့နည်းလာပြီး အခုအခါ နယ်မြေတည်ငြိမ်အေးချမ်းမှု အတန်အသင့် ရလာတာကြောင့် တပ်မတော်တပ်ရင်း တပ်ဖွဲ့ တချို့ကို ဘူးသီးတောင်-မောင်တော စစ်ဆင်ရေးနယ်မြေကနေ ရုပ်သိမ်းပြီး စစ်တွေမြို့မှာ အရန်အင်အားအဖြစ် စုဖွဲ့ထားရှိကြောင်း တပ်မတော်က အောက်တိုဘာ ၂၅ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့တဲ့ ဒေသကနေ တပ်အင်အားတွေ ရုပ်သိမ်းသွားတာကြောင့်ေ ဒသခံတွေဟာ လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း ကိုင်းကြီး(ရခိုင်)ရွာက ဒေသခံတဦးက အခုလိုြေ ပာပါတယ်။

"ဟုတ်ကဲ့ခင်ဗျ ဘူးသီးတောင်-မောင်တော ပြန်ရုပ်သိမ်းသွားပါပြီ လုံခြုံရေးတပ်ဖွဲ့ကတော့ ပြည်သူ့ရဲတပ်ဖွဲ့ပဲရှိပါတယ်ခင်ဗျ။ ကျနော်တို့ကတော့ စိုးရိမ်မှုတော့ရှိတာပေါ့ ။ ဒီနေရာက စစ်တပ်မရှိရင် များသောအားဖြင့် သူတို့က အချိန်မရွေးဝင်ရောက်တိုက်ခိုက်နိုင်တဲ့ အနေအထားတော့ ရှိတာပေါ့ ကျနော်တို့ ကိုင်းကြီးမှာတော့ နောက်ထပ် စစ်တပ်လုံခြုံရေးချပေးမယ်လို့တော့ ပြောတယ်ခင်ဗျ။"

ဒီလ ၂၂ရက်နေ့ကလည်း ဘင်္ဂလားဒေရှ်-မြန်မာနယ်စပ်ခြံစည်းရိုးအနီးမှာ အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်ခတ်တာကြောင့် မောင်တောမြို့နယ် အောင်သပြေကျေးရွာက ဒိုင်းနက်အမျိုးသား ၂ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး ၁လနီးပါးအကြာမှာ နေရပ်ဒေသကနေ တိမ်းရှောင်ခဲ့ကြတဲ့ ရခိုင်နဲ့ အခြားတိုင်းရင်းသားတွေအတော်များများဟာ နေရပ်ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဟိန္ဒူဘာသာဝင်တွေကတော့ နေရပ်မပြန်ရဲဘဲရှိနေဆဲရှိပါတယ်။

လက်ရှိအခြေအနေကို ဟိန္ဒူလူမှုရေးအသင်းအဖွဲ့ခေါင်းဆောင် ဦးနီမောလ်က-

" နောက်ထပ်ပြန်တိုက်မယ်ဆိုတဲ့ ကောလဟာလတွေ ပြောလာတယ်လေ ကျနော်တို့ကလည်း အဲဒီလို ကောလဟာလတွေ ပြောလာတော့ စိုးရိမ်နေတာပေါ့။ ကျနော်တို့ ဟိန္ဒူတွေက စစ်တွေမှာ ခိုလုံကြတယ် နောက်ဘူးသီးတောင်မှာရှိတယ်၊ မောင်တောအစပ်ကြားမှာရှိတယ်။ သူတို့ကတော့ မပြန်ကြဘူး ဘာဖြစ်လို့ မပြန်ကြဘူးလဲဆိုတော့ သူတို့က အခုခံရသလို နောက်လည်းခံရမလားဆိုပြီးတော့ စိုးရိမ်နေတာတွေလည်းရှိတယ်။ နောက်ပြီးတော့ လုံခြုံရေးကလည်း ဒီနေရာက စဉ်းစားလို့မရတဲ့နေရာဆိုတော့ သူတို့မပြန်ကြတာပါ။"

ဟိန္ဒူဘာသာဝင်တွေဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားစဉ်က မောင်တောမြို့မှာ ၆ယောက် အသတ်ခံခဲ့ ရသလိုခမောင်းဆိပ်မြို့အနီး ရဲဘော်ကျရွာမှာလည်း ၄၅ယောက်သတ်ဖြတ်ခံရပြီး လူ ၅၀ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ပျောက်ဆုံးခဲ့သူတွေဟာ သတ်ဖြတ်ခံရပြီး ချောင်းရေမှာ မျှောလိုက်တယ်လို့ ယူဆကြောင်းလည်း ဦးနီမောလ်က ပြောပါတယ်။

၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ရက်နေ့မှာတော့ တပ်ဌာနချုပ်အပါအ၀င် ကင်းစခန်း ၃၀ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းခဲ့တဲ့နောက်မှာ အစ္စလာမ်ဘာသာဝင် ၆သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တိမ်းရှောင်သွားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဒီလို လူသိန်းနဲ့ချီပြီး တိမ်းရှောင်ခဲ့တဲ့နောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေကို အမြန်ဆုံးရပ်ဆိုင်းရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးတောင်းဆိုချက်တွေပါဝင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ခုရက်ပိုင်းကပဲ အဖွဲ့ဝင်နိုင်ငံတွေကိုဖြန့်ဝေထားပါတယ်။

ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်ကရခိုင်ပြည်နယ်မြောက်ပိုင်းကနေ လုံခြုံရေးတပ်ဖွဲ့တွေ ရုပ်သိမ်းတဲ့အပေါ်မှာ အခုလို သုံးသပ်ထားပါတယ်။

"ဘူးသီးတောင်၊ မောင်တောဘက်မှာ ဆုတ်တယ် ။ သူ့မှာလည်း နောက်ပြီးအများနဲ့ ဆိုင်တဲ့ တနည်းအားဖြင့် ပိုပြီးနက်နက်နဲနဲ တွေးနိုင်တဲ့ အကြောင်းအရင်းတွေရှိမှာပေါ့ ။ တပ်မတော်တခု စစ်တပ်တခုရဲ့ ဆုတ်တယ်၊ တက်တယ် ဆိုတာမျိုးကို တရားဝင် ကြေညာ တပ်ဆိုကတည်းက သူ့မှာလည်း အကြောင်းအရင်းတခုခုတော့ရှိမှာပေါ့။ တပ်တခုရဲ့ လုံခြုံမှုယူတယ်ဆိုတဲ့အပိုင်းမှာ ကာကွယ်ရေးအမြင် ၊ လုံခြုံရေးအမြင်တွေပါလိမ့်မယ်။ ကာကွယ်ရေးအမြင်အရ ဆုတ်ရင်လည်းဆုတ်မယ် ၊ လုံခြုံရေးအမြင်အရ သူ့လက်ကျန်လေးတွေကျန်ခဲ့မှာပေါ့။ အဲဒီဒေသကို လုံခြုံရေပေးနိုင်မယ့် အဖွဲ့အစည်းများရဲ့ နေရာယူမှုလည်းရှိ နိုင်တာပေါ့။ ကျနော်တို့မြင်တာက စစ်တွေ ဆိုတာက အားလုံးဘက်ကို လက်လှမ်းမီတယ်လေ။"

အခုလိုတပ် တွေရုပ်သိမ်းတာဟာ နိုင်ငံတကာရဲ့ ဖိအားတွေနဲ့သက်ဆိုင်နိုင်ကြောင်းလည်း ဆက်ပြောပါတယ်။

" အခုအားလုံးရဲ့ အဓိက ပစ်မှတ်က နိုင်ငံတကာအဖွဲ့အစည်းတွေ ဗြိတိန်ရယ်၊ နောက် အမေရိကန်ရယ် အားလုံးပစ်မှတ်က ဒေါ်အောင်ဆန်းစုကြည် အစိုးရမဟုတ်ဘူးခင်ဗျ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ဖြစ် နေတာကို ဒီလိုဖြစ်အောင်လည်း တကွက်ချင်း တကွက်ချင်း ဒီအခင်းအကျင်းဖြစ်အောင်လုပ်လာတာ၊ အားလုံးလည်း သဘောပေါက် တယ်။ ကျနော်တို့လည်း သဘောက်ပေါက်တယ်လေ ။ အဲဒီတော့ ခုနပြောသလို ကျနော်တို့ထက်နည်းနည်း နက်နက်တွေးမှာပေါ့ ၊ ကျနော်တို့ထက်လည်း ပိုပြီး လက်ရှိစစ်ရေးလှုပ်ရှားမှုနဲ့ နိုင်ငံတကာဖိအားတွေကို သူတို့ပိုသိမှာပေါ့။"

ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်လို့ဆိုပြီး ဘင်္ဂလားဒေရှ့်ဖက် ထွက်ပြေးတဲ့ အစ္စလာမ်ဘာသာဝင် ၆ သိန်းကျော်ရှိနေပါပြီ။ ဒါကြောင့်လည်း တပ်မတော်နဲ့ တပ်မတော်အကြီးအကဲတွေအပေါ် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အရေးယူဒဏ်ခတ်မှုတွေကို စတင်လုပ်ဆောင်နေပါတယ်။ ပြစ်မှတ်ထားဒဏ်ခတ်မှုတွေလုပ်ဖို့လည်း အမေရိကန်အစိုးရက စဉ်းစားနေပါတယ်။

XS
SM
MD
LG