သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲ အပြင်းအထန်ဖြစ်


KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲ အပြင်းအထန်ဖြစ်
KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲ အပြင်းအထန်ဖြစ်

မြန်မာအစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပြီးနောက် အခုတခါ အစိုးရဘက်က အပြင်းထန်ဆုံး ထိုးစစ်အဖြစ် KIA ကချင်လွတ်လပ်ရေး တပ်မတော်ကို တိုက်ခိုက်မှုတွေ ရှိလာတာကြောင့် အစိုးရရဲ့ ကမ်းလှမ်းချက်ကို အစိုးရ ကိုယ်တိုင်က ဖျက်ဆီးရာ ရောက်နေပြီလို့ KIA က သတိပေးလိုက်ပါတယ်။ မြန်မာအစိုးရ တပ်တွေဟာ ပြီးခဲ့တဲ့ သောကြာနေ့က စတင်ပြီး မူဆယ်နဲ့ ကွတ်ခိုင်ဒေသဘက်က KIA တပ်မဟာ ၄ နယ်မြေကို လက်နက်ကြီးတွေသုံးပြီး ဒီနေ့အထိ စစ်ဆင် တိုက်ခိုက်နေခဲ့တာပါ။ တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်နဲ့ ကွတ်ခိုင်အကြားမှာ အခြေစိုက်ထားတဲ့ KIA ရဲ့ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းတွေကို မြန်မာအစိုးရဘက်က ဒီလ ၂၃ ရက်နေ့က စတင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးမှာ မြန်မာအစိုးရဘက်က တပ်ရင်း ၁၀ ရင်း၊ လူအင်အား ၁,၀၀၀ လောက် အသုံးပြု တိုက်ခိုက်နေတာဖြစ်ပြီး ဇွန်လက စတင်ခဲ့တဲ့ တိုက်ပွဲကာလ အတွင်းမှာ ဒီစစ်ဆင်ရေးဟာ စစ်အင်အား အများဆုံး အသုံးပြုတာ ဖြစ်ပါတယ်။

အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်းထားချိန်မှာ စစ်တပ်က အခုလို အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်လာတဲ့ အပေါ်မှာတော့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ဝေဖန်လိုက်ပါတယ်။

“ဦးသိန်းစိန် အစိုးရက နေပြီးတော့၊ အရပ်သား အစိုးရက နေပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆိုပြီးတော့ ဖိတ်ခေါ်ထားတာမျိုး ရှိတယ်။ အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လက်နက်ကိုင် အင်အားစုတွေကလည်း အပြုသဘောဆောင်စွာ အားလုံးတက်လို့ရတဲ့ နိုင်ငံရေး ဆွေးနွေးမှုဖြစ်အောင် သူတို့ ပြောဆိုထားတာမျိုးလည်း ရှိပြီးသား ဖြစ်တယ်။ ဒါပေမဲ့ အခု စစ်တပ်ရဲ့ပုံစံ လုပ်လာတာက ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပျက်ပြားအောင်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ဘာမှ အကောင်အထည် ပေါ်လာနိုင်စရာအကြောင်း မရှိဘူးဆိုတဲ့ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို မှေးမှိန်သွားအောင် ပြုလုပ်တဲ့ အခြေအနေ တွေ့ရတယ်။

“အရာရာအားလုံး၊ ပြဿနာအားလုံးကို စစ်ရေးနည်းနဲ့ ဖြေရှင်းရင် အားလုံးက ပြီးပြည့်စုံ အောင်မြင်သွားမယ်လို့ သူတို့ရဲ့ စစ်အစိုးရက နေပြီးတော့ အမြဲတမ်း လက်ကိုင်ပြုထားသလို အခုလည်း ဆက်လက်ပြီး ကျင့်သုံးနေတယ်လို့ ခန့်မှန်းလို့ရတယ်။”

လွန်ခဲ့တဲ့ သြဂုတ်လအတွင်းက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဦးသိန်းစိန် အစိုးရက ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ အစိုးရစစ်တပ်က အခုလို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ ပိုမိုကျယ်ပြန့်လာပြီး အဆိုးဘက်ကို ဦးတည်သွားနိုင်တယ်လို့ ဦးလနန်က သုံးသပ်ပါတယ်။

ကချင်သတင်းဌာနရဲ့ အယ်ဒီတာ ကိုနော်ဒင်းကတော့ ဒီထိုးစစ်ဆင် တိုက်ခိုက်မှုမှာ KIA ဘက်က တပ်စခန်းတခု လက်လွှတ်လိုက်ရတယ်လို့ ပြောပါတယ်။

“အခုအချိန်မှာ KIO ကို ထိုးစစ်ဆင်တဲ့ နေရာမှာ အင်အား အပြင်းဆုံးလို့ ကျနော်တို့ ပြောလို့ရတယ်။ တပ်မ ၂ ခုပါတယ်၊ တပ်မ ၂ ခုအောက်မှာ ဒေသဆိုင်ရာ နယ်မြေခံ တပ်ရင်းတွေ အားလုံးပေါင်းရင် စုစုပေါင်း တပ်ရင်း ၁၈ ရင်း ပါပြီး လက်နက် အသေးလေးတွေပါ အဓိကထား တိုက်ခိုက်နေတယ်ဆိုတာ ကျနော်တို့ သိရတယ်။ အဲဒါကြောင့် မနေ့က တပ်ရင်း ၉ ဆိုရင် မြန်မာစစ်တပ်ဘက်က သိမ်းလိုက်ပြီဆိုတဲ့ဟာ ကျနော်တို့ ကြားရတယ်။ အမြောက်တွေ အများကြီးပစ်တော့ အဲဒီနေရာကို သူတို့ ဆုတ်ခွာပေးလိုက်တယ်ဆိုတာ ကျနော်တို့ သိရတယ်။”

ဒီတိုက်ပွဲတွေဟာ မူဆယ်နဲ့ ကွတ်ခိုင်ဒေသမှာသာမက KIA တပ်ရင်း ၈ အခြေစိုက်ရာ မန်တုံမြို့နယ် အတွင်းမှာလည်း ဒီကနေ့ထိ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေ အတွင်းမှာ KIA ဘက်က ၃ ယောက်ကျပြီး ၂ ယောက် ထိခိုက်တယ်၊ အစိုးရဘက်ကတော့ ထိခိုက်ဒဏ်ရာရတာနဲ့ ကျဆုံးသူ ၁၅၀ လောက် ရှိတယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။ ဒီသတင်းကိုတော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

အခုလို KIA ရဲ့ တပ်မဟာ ၄ ကို ထိုးစစ်ဆင် တိုက်ခိုက်တာဟာ တရုတ်နိုင်ငံနဲ့ သွယ်တန်း ဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း လုံခြုံရေးအတွက် ဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီလို ရည်ရွယ်ချက်နဲ့ တိုက်တာဆိုရင်တော့ ပိုက်လိုင်းစီမံကိန်းကို KIA က ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ ဦးလနန်က ပြောပါတယ်။

“ဒီသဘာဝဓာတ်ငွေ့၊ ရေနံပိုက်လိုင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ဆီကို KIA က ကန့်ကွက်တာမျိုး၊ ထောက်ခံတာမျိုး တခုမှ ပြောဆိုတာမျိုး မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီဒေသမှာ ရေနံပိုက်လိုင်းတွေ ဖြတ်သွားမယ့်ဒေသ ဖြစ်တယ်။ ဒီဒေသကို ဒါကြောင့်မို့ ရှင်းလင်းရတယ် ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့လုပ်တယ် ဆိုရင်တော့ သူတို့ရဲ့ သတ်မှတ်တဲ့ နိုင်ငံတော် စီမံကိန်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဟာ ပျက်ပြားဖို့ပဲ ရှိတော့တယ်။ အဲဒီပိုက်လိုင်းအတွက် လုံခြုံရေး ရယူပေးတယ် ဆိုရင်တော့ သူတို့ရဲ့ ရည်မှန်းချက်တွေ အထမြောက် အောင်မြင်မှာ မဟုတ်ဘူး။ အဲဒီစီမံကိန်းကို ကျနော်တို့က ဒီနောက်ပိုင်းမှာ ဆန့်ကျင်သွားဖို့ပဲ ရှိတော့တယ်။”

တရုတ်၊ မြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ မြန်မာစစ်တပ်ရဲ့ ၄ လပတ် တပ်မှူးညီလာခံမှာ စစ်တပ်ရဲ့ အောင်မြင်မှုကို ပြသနိုင်ဖို့ ထိုးစစ်ဆင် တိုက်တာ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

မြန်မာစစ်တပ်ဘက်က အခုလို ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက KIA တပ်မဟာ ၄ ကို ထိုးစစ်ဆင်နေတဲ့ တချိန်တည်းမှာပဲ ကချင်ပြည်နယ် အတွင်းမှာလည်း စစ်ရေးပြင်ဆင်မှုတွေ ရှိနေပြီး လာမယ့် ပွင့်လင်းရာသီမှာ ထိုးစစ်ဆင် တိုက်ခိုက်နိုင်တယ်လို့ KIA ဘက်က သုံးသပ်တာတွေလည်း ရှိနေပါတယ်။

ဒီကနေ့မှာတော့ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေ ရပ်စဲပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ပါဝင်ဆောင်ရွက်ပေးဖို့အတွက် ပန်ကြားစာကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဆီကို ပေးပို့ထားပါတယ်။

XS
SM
MD
LG