သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ မြန်မာတပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်


ကချင်လွတ်လပ်ရေးတပ် (KIA) ရှေ့တန်းကင်းလှည့် တပ်ဖွဲ့ဝင်များ။
ကချင်လွတ်လပ်ရေးတပ် (KIA) ရှေ့တန်းကင်းလှည့် တပ်ဖွဲ့ဝင်များ။

ကချင်ပြည်နယ် မန်စီဒေသဘက်မှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး KIA တပ်တွေ တနင်္လာနေ့အထိ တိုက်ပွဲဆက်ပြီးဖြစ်နေပါတယ်။ တိုက်ပွဲကြောင့် တပ်ဖွဲ့ဝင်ကျဆုံးတဲ့ဦးရေကို နှစ်ဘက်စလုံးက တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ အခုလို ထိုးစစ်တိုက်ပွဲတွေရပ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ဆက်လက် ကြိုးပမ်းဖို့လိုကြောင်း ကချင်ခေါင်းဆောင်တွေကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ် တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်မှာ တနင်္လာနေ့ထိ တိုက်ပွဲတွေဆက်ပြီးဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်လို့ KIA ဒုဗိုလ်မှူးကြီးနော်ဘိုက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မန်စီမြို့နယ်မှာဖြစ်ပါတယ်။ ကျနော်တို့ တပ်မဟာ (၃)၊ တပ်ရင်း (၂၇) နေရာမှာ။ ရှေ့တန်းနေရာပေါ့၊ တပ်ရင်း (၂၇) ဆိုတာ။ မနေ့ကတော့ လေကြောင်းတိုက်ခိုက်တာတော့ မကြားဘူး။ ခြေလျင်နဲ့တိုက်တယ်လို့ပဲ ကြားတယ်။”

တနင်္ဂနွေနေ့ကစတင်ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ တိုက်ပွဲစတင်ဖြစ်ခဲ့တဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့ အစိုးရဘက်က တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေမယ့် မြန်မာတပ်မတော်ဘက်က သစ်မှောင်ခိုရှင်းလင်းရေးလုပ်ဆောင်တာကနေ KIA နဲ့ တိုက်ပွဲစဖြစ်တယ်လို့ သတင်းတွေထွက်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ဒုဗိုလ်မှူးကြီးနော်ဘိုက

“သူတို့က သစ်မှောင်ခိုတွေကို ဖမ်းဖို့လာတယ်လို့ ပြောတာ။ အဲဒါ ကျနော်တို့ အဲလိုပဲကြားပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာ သစ်ခုတ်ဖို့နေရာလည်း မရှိပါဘူး။ ဟုတ်လည်းမဟုတ်ပါဘူး။ သစ်တွေလာရင်တော့ အောက်ပိုင်းကနဲ့ မြန်မာနိုင်ငံကလာတဲ့သစ်တွေ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ သစ်ခုတ်တယ်၊ ရောင်းတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။”

အခုလိုတိုက်ပွဲတွေဖြစ်နေပေမယ့် KIA ဘက်က အပစ်အခပ်ရပ်စဲရေး ဆက်လက်ဆွေးနွေးကြိုးပမ်းသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။

“အတွေ့အကြုံအရပြောမယ်ဆိုရင်တော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲ လုပ်တိုင်းကတော့ တိုက်ပွဲလည်းဖြစ်ပါတယ်။ ဒါက ခါတိုင်းလည်းဖြစ်ပါတယ်။ အနှောင့်အယှက်ပေးတယ်လို့ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ကျနော်တို့က ဆက်ပြီးမှ ဆွေးနွေးသွားမှာဖြစ်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေကြားတိုက်ပွဲတွေဖြစ်နေတာတွေရပ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းသင့်တယ်လို့ ကချင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်ကပြောပါတယ်။

“အခု ဖြစ်ပျက်နေတဲ့ဟာတွေကတော့ ကျနော်တို့လည်း အခုတလောပဲ တောက်လျှောက်ပဲ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အနေအထားပေါ့လေ။ ဒါကို ဘယ်လို ထိန်းသိမ်းကာကွယ်ကြမလဲဆိုတဲ့ အနေအထားကတော့ အားလုံးကတော့ ဝိုင်းဝန်းဖြေရှင်းသွားကြရမယ့် အနေအထားပဲပေါ့။ အဲလိုပဲ သုံးသပ်တယ်။”

အခုလို ကချင်ပြည်နယ်ဘက်မှာ မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တချိန်တည်းမှာပဲ ရှမ်းပြည် ကျောက်မဲ ဘက်မှာလည်း PNLA တအောင်း (ပလောဝ်) လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာစစ်တပ်တို့ တနင်္ဂနွေနေ့က တိုက်ပွဲလေးကြိမ်လောက် ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က MNDAA ကိုးကန့်လက်နက်ကိုင်တပ် နဲ့မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG