သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ မြန်မာအစိုးရတပ် ပူတာအိုမှာ တိုက်ပွဲဖြစ်


KIA နဲ့ မြန်မာအစိုးရတပ် ပူတာအိုမှာ တိုက်ပွဲဖြစ်

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြန်မာအစိုးရတပ်တွေ ကချင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး KIA ထောင်ထားတဲ့ ဗုံးကြောင့် မြန်မာအစိုးရ တပ်တွေဘက်က တယောက်ကျပြီး ၅ ယောက် ဒဏ်ရာရသွားပါတယ်။ ဆက်လက်ပြီးလည်း အဲဒီဒေသ၀ိုက်မှာ မြန်မာအစိုးရ တပ်တွေနဲ့ KIA တပ်တွေကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

အခု တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတဲ့ နေရာကတော့ ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုခရိုင် ဆွမ်ဘရာဘွမ် မလိခမြစ်နဲ့ ခရန်ခမြစ်ကြား မလိခရန်ဝလောင်မှာ ဖြစ်ပွားနေခြင်းဖြစ်ပြီး မြန်မာအစိုးရ တပ်တွေဘက်က အကျအဆုံး ရှိခဲ့တယ်လို့ KIO ဗဟိုကော်မတီဝင် တွဲဖက်အတွင်းရေးမှူး ဦးလနန်က ပြောပါတယ်။ KIA တပ်မဟာ ၁၊ တပ်ရင်း ၇ နယ်မြေတွင်း တက်လာချိန် မြန်မာအစိုးရ တပ်တွေဘက်က ထိခိုက်သွားခြင်း ဖြစ်တယ်လို့ ဦးလနန်က ကချင်လို ပြောပါတယ်။

“ခလရ ၁၃၈ နဲ့ပါ၊ မြန်မာအစိုးရ တပ်ဘက်က တယောက်သေတယ်၊ ၅ ယောက် ဒဏ်ရာရပါတယ်။ ကျနော်တို့ဘက်က ဘာမှ မဖြစ်ပါဘူး။ မြန်မာအစိုးရတပ်ရဲ့ ကားတစီး ပျက်စီးသွားတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ နေရာမှာတော့ အထိအခိုက် ဘာမှ မဖြစ်သေးပါဘူး။ အခုဖြစ်တာက ဆွမ်ပရာဘွမ် တက်လာတဲ့လမ်းမှာ ဖြစ်တာပါ။”

ကချင်ပြည်နယ် အနီးတ၀ိုက်နဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး အခုဖြစ်ပွားနေတဲ့ နေရာမှာတော့ မနေ့ကစပြီး ကချင်ပြည်နယ် မြောက်ပိုင်းမှာ စတင်ဖြစ်ပွားလာခဲ့တာ ဖြစ်တယ်လို့လည်း KIO အဖွဲ့ဝင် တယောက်က အခုလို ပြောပါတယ်။

“အခုချိန်ထိတော့ ဖြစ်နေဆဲပါပဲ။ နှစ်ဘက်စလုံး ဆုတ်သွားတာတော့ မရှိသေးပါဘူးဗျ။ အဲဒီတ၀ိုက်နားက ပြည်သူလူထုတွေကတော့ ထွက်ပြေး တိမ်းရှောင်နေတာတော့ ရှိတယ်။ နှစ်ဘက်စလုံး အင်အားကြီးကြီးမားမားနဲ့တော့ မဟုတ်ပါဘူး။ ပြည်သူလူထုတွေကတော့ သေနတ်သံ ကြားတာနဲ့ အကုန်လုံးက ကြောက်နေတာပေါ့။ ထွက်ပြေး တိမ်းရှောင်နေတာတွေတော့ ရှိတယ်။”

အခု တိုက်ပွဲဖြစ်နေတဲ့ ပူတာအိုခရိုင်ဟာ ကချင်တိုင်းရင်းသား ရ၀မ်၊ လီဆူ၊ ခခူး လူမျိုးများ အဓိက နေထိုင်နေကြပြီး မြန်မာအစိုးရ တပ်ဘက်က တပ်သားအဖြစ် စုဆောင်းခံထားရတဲ့ သူတွေကလည်း ပူတာအိုခရိုင်တွင်းက တိုင်းရင်းသား လူမျိုးများသာ ဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။

အခု မြန်မာတပ်ကို ဦးဆောင်သူတွေကတော့ အစိုးရစစ်တပ် အရာရှိတွေ ဖြစ်ပေမဲ့ အခု တိုက်ပွဲဖြစ်နေတဲ့ နေရာမှာတော့ နယ်မြေကျွမ်းကျင်တဲ့ ဒေသခံ ရွာသားတွေကိုသာ အသုံးပြုပြီး တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

“အဲဒီနေရာဘက်မှာ သူတို့က ရ၀မ်တိုင်းရင်းသားတွေကို စည်းရုံးထားတာတွေ ရှိတယ်။ ပြီးတော့ လီဆူ တိုင်းရင်းသားတွေကို စည်းရုံးထားတာတွေလည်း ရှိတယ်။ သူတို့နဲ့ တိုက်ခိုက်တာလည်း ပါတာပေါ့။ ဦးဆောင်တဲ့ တပ်ကတော့ သူတို့ပဲ ဦးဆောင်တာပေါ့။ များသောအားဖြင့်တော့ တိုင်းရင်းသားတွေလည်း ပါလိမ့်မယ်။”

အခုချိန်ထိ နှစ်ဘက် အကျအဆုံးကိုတော့ အတိအကျ မသိရသေးပေမဲ့ နှစ်ဘက်စလုံး ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေပါတယ်။ မြန်မာစစ်တပ်ဘက်က အကျအဆုံးနဲ့ ပတ်သက်ပြီးလည်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းနဲ့ လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးရှေ့မှာ အသေအပျောက် မရှိဘဲ ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပါတယ်။ အဲဒီအပြင် ဖားကန့်မြို့ မြို့မရပ်ကွက်ရှိ အစိုးရ ရဲစခန်းရှေ့နဲ့ လုံးခင်းကျေးရွာ ရဲစခန်း၊ မြစ်ကြီးနား လိုင်ဇာ လမ်းမပေါ်က နမ်ဆန်ယန်ကျေးရွာ စရဖရုံးကိုလည်း KIA က လက်ပစ်ဗုံး ဖောက်ခွဲခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဗုံးဖောက်ခွဲမှုကြောင့် အသေအပျောက် မရှိပေမဲ့ မြို့ပေါ်ထိ ဖောက်ခွဲ တိုက်ခိုက်လာမှုကို မြန်မာအစိုးရက လုံခြုံရေး တင်းကျပ်စွာ ချထားပြီး ကျေးရွာတော်တော်များများမှာ ညမထွက်ရအမိန့် ထုတ်ထားသလို ဒေသခံ တိုင်းရင်းသားများနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေနဲ့ ပြည်သူ့စစ်တွေကို လက်နက်ကိုယ်စီ ချပေးပြီး သံလမ်းနဲ့ မြို့တွေမှာ လုံခြုံရေးယူဖို့ အမိန့်ပေးထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO) တို့ တိုက်ပွဲကြောင့် မြစ်ကြီးနား၊ ဗန်းမော်၊ လွယ်ဂျယ် ကားလမ်းမကြီး တလျှောက်က စစ်ပြေး ဒုက္ခသည်တွေဟာ KIO ထိန်းချုပ်ရာ နယ်မြေထဲကို ထွက်ပြေး ခိုလှုံနေကြတာ လူဦးရေ ၂၀၀၀၀ ကျော် ရှိနေပြီလို့ KIO အရာရှိတွေက ပြောပါတယ်။ တချို့ကတော့ တရုတ်ပြည်ဘက်ကို သွားရောက် နေထိုင်နေကြပေမဲ့ တရုတ်အစိုးရဘက်ကတော့ အခုလို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို တရားဝင် လက်ခံခြင်း မရှိသေးပါဘူး။

XS
SM
MD
LG