သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA အပေါ် ထိုးစစ်ဆင်နေတာ ရပ်တန့်ဖို့ အမေရိကန် တောင်းဆို


KIA နှင့် မြန်မာအစိုးရ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကချင်ဒုက္ခသည်များ။
KIA နှင့် မြန်မာအစိုးရ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကချင်ဒုက္ခသည်များ။

မြန်မာအစိုးရတပ်တွေ အနေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်တန့်ဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေတွေကို အမေရိကန်အစိုးရ အနေနဲ့ သတိထား စောင့်ကြည့်နေတဲ့အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီအကြောင်းနဲ့အတူ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဒုက္ခသည်တွေ သောင်းနဲ့ချီ တရုတ်နိုင်ငံထဲကို ထွက်ပြေးလာနေတဲ့ အချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာအစိုးရကို အခုလို တောင်းဆိုလိုက်တာပါ။

အမေရိကန်အစိုးရ အနေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့် လေ့လာနေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ကယ်လီ မက်ကဲလော့ဂ် (Kelly McKellog) က ပြောပါတယ်။

“ကချင်ပြည်နယ်အတွင်း အခြေအနေတွေဟာ အမျိုးမျိုး ပြောင်းလဲလာနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စု အနေနဲ့ အခြေအနေတွေကို သတိထား စောင့်ကြည့်နေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကတည်းက မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လက်နက်ကိုင် အဖွဲ့အကြားမှာ တိုက်ပွဲဖြစ်နေတယ် ဆိုတာကို ကျမတို့ ကြားသိရပါတယ်။ အရေအတွက် အတည်ပြုလို့ မရနိုင်တဲ့ မြန်မာဒုက္ခသည်တွေလည်း တရုတ်နိုင်ငံထဲကို ထွက်ပြေးကြတယ် ဆိုတာကို ကျမတို့ သိပါတယ်။

“ဒါကြောင့် မြန်မာအစိုးရ အနေနဲ့ ဒီတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်စေမယ့် တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ အမေရိကန်က တောင်းဆိုပါတယ်။”

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ကယ်လီ မက်ကဲလော့ဂ် ပြောသွားတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပြီး သီတင်း တပတ်လောက်အကြာ သူ့နိုင်ငံထဲ ဒုက္ခသည်တွေ သောင်းနဲ့ချီ ဝင်ရောက်လာတော့မှ တရုတ်နိုင်ငံ အနေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟုန်းလီ (Hong Lei) က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

“အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံ နယ်စပ်က အခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေ အားလုံး အခြေအနေ ပိုဆိုးမသွားအောင် အေးအေးဆေးဆေးနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ သဘောထား ကွဲလွဲမှုတွေကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ လိုပါတယ်။ ဒီလို တဘက်နဲ့တဘက် ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံသားတချို့ နယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံထဲ ဝင်လာကြပါတယ်။ သူတို့ရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေဆီမှာ ခိုလှုံကြဖို့ ဖြစ်ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ ထုံးစံအတိုင်း လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးနေပါတယ်။ မြန်မာစစ်ပြေး ဒုက္ခသည်တွေကို လက်မခံဘဲ ပြန်လွှတ်ပေးနေတယ်ဆိုတာ လုံး၀ မဟုတ်ပါဘူး။”

အခုနောက်ဆုံး သိရတဲ့ အခြေအနေအရ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတုန်းဖြစ်ပြီး တရုတ်နိုင်ငံဘက်ကို ထွက်ပြေးလာသူ အရေအတွက်ဟာ ၂၀,၀၀၀ နီးပါး ရှိနေပြီလို့ သတင်းတွေ ထွက်နေပါတယ်။ KIA ဌာနချုပ်ရှိရာ လိုင်ဇာမှာတင် ဒုက္ခသည် ၂,၀၀၀ ကျော် ရောက်နေတယ်လို့ ဒီအခြေအနေတွေကို အနီးကပ် လေ့လာစောင့်ကြည့်နေတဲ့ ကချင်သတင်းဌာန အယ်ဒီတာ ဦးနော်ဒင်းက ပြောပါတယ်။

ဒုက္ခသည်တွေဟာ စစ်ဘေးရန်က လွတ်မြောက်ဖို့အပြင် မြန်မာစစ်တပ်က ပေါ်တာအဖြစ် သူတို့ကို အသုံးပြုမှာ စိုးတဲ့အတွက် အခုလို အလုံးအရင်းနဲ့ ထွက်ပြေးနေကြတာလို့ ဦးနော်ဒင်းက ပြောပါတယ်။

“ဒုက္ခသည်တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်တဲ့ တရုတ်နယ်စပ်ဘက်ကို ထွက်လာတာ ဖြစ်တယ်။ နယ်စပ်ကတော့ ၂၀,၀၀၀ နီးပါးလောက် ရောက်နေပြီလို့ ပြောတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေက တိတိကျကျ ဒုက္ခသည်စခန်းလည်း မရှိတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ အဓိကတော့ သူတို့က စစ်ပွဲကို ရှောင်တာထက် မြန်မာစစ်တပ်တွေရဲ့ ပေါ်တာဆွဲတာကို သူတို့ ကြောက်တော့ နယ်စပ်ဘက် လုံခြုံတဲ့ နေရာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ပြေးတဲ့ ဒုက္ခသည်တွေက အများစုဖြစ်တယ်ဆိုတာ သိရတယ်။”

လောလောဆယ်မှာတော့ တရုတ်အစိုးရက ဒုက္ခသည်တွေကို ပြန်မောင်းမထုတ်ဘဲ ဝင်လာခွင့် ပြုနေတုန်း ဖြစ်တယ်လို့ ဦးနော်ဒင်းက ပြောပါတယ်။

“တရုတ်အစိုးရက အစောပိုင်းကတော့ ဝင်လာတဲ့ ဒုက္ခသည်တွေကို သူတို့က စစ်ဆေးမှုတွေ အတော်လေး လုပ်တယ်။ လုံးဝမ၀င်နဲ့ဆိုတဲ့ ပုံစံနဲ့ ဟန့်တားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို အဓိက ဝင်ခိုင်းတယ်။ ဒါပေမဲ့ တရားဝင် လက်မှတ်ပုံစံနဲ့ လက်မှတ်ယူပြီး ဝင်ခိုင်းတာ ဖြစ်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ ရက်ကနေ စပြီး တရားဝင်ရော၊ တရားမဝင်ရော သက်ကြီးရွယ်ငယ် မရွေး ဝင်လာတဲ့ ဒုက္ခသည်တွေ အားလုံးကို လက်ခံနေပြီ ဆိုတာ သိရပါတယ်။ ဒါပေမဲ့ တခုကတော့ ဒုက္ခသည်စခန်း သတ်သတ်ဆိုတာ မရှိတာပဲ။”

တရုတ်ပြည်ဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး ကိစ္စတွေကိုတော့ လောလောဆယ်မှာ KIO ကပဲ တတ်နိုင်သလောက် တာဝန်ယူထားပေမဲ့ ရေရှည်မှာ အခက်အခဲ ရှိနိုင်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်က အရာရှိတွေက ပြောပါတယ်။

ဒါကြောင့်လည်း အခု တရုတ်ပြည်ထဲ ရောက်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို တရုတ်အစိုးရ အနေနဲ့ တတ်နိုင်သလောက် အကူအညီပေးဖို့ ကချင်အမျိုးသား အစည်းအရုံးက အတွင်းရေးမှူး ဒူးဝါး မခေါ်ခွန်ဆာက တောင်းဆိုလိုက်ပါတယ်။

“ကျနော်တို့ အနေနဲ့ ဖြစ်စေချင်တာကတော့ KIO၊ KIA နဲ့ကလည်း တဘက်ကလည်း တော်လှန်ရေးကို၊ တိုက်ပွဲတွေကို ဆက်တိုက်နေတာ၊ တဘက်ကလည်း ထွက်ပြေး တိမ်းရှောင်လာတဲ့ အပြစ်မဲ့ လူထုတွေကို ကူညီစောင့်ရှောက်ဖို့ဆိုတာ ရေရှည်မှာ မဖြစ်နိုင်ဘူး ဆိုတဲ့ဟာကို ကျနော့်အနေနဲ့ နားလည်သဘောပေါက်တယ်။ အဲဒါကြောင့် ဖြစ်နိုင်မယ် ဆိုရင်တော့ တရုတ်အစိုးရ အနေနဲ့ နိုင်ငံတကာက ဝင်ရောက် ကူညီတာ မကြိုက်ဘူး ဆိုရင်လည်း သူတို့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ကူညီစောင့်ရှောက်နိုင်အောင် ကြိုးစားပါ။

“ဒါပေမဲ့ သူတို့မှာလည်း သူတို့နိုင်ငံရဲ့ ပြည်တွင်းရေး အခက်အခဲတွေ၊ သူတို့နိုင်ငံရဲ့ ဘတ်ဂျက်တွေ၊ ငွေရေးကြေးရေးတွေကြောင့် အခက်အခဲဖြစ်တယ် ဆိုရင်လည်း နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း အပါအဝင်ပေါ့၊ အားလုံး နိုင်ငံတကာက ဝင်ရောက်ပြီးတော့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီ ပေးနိုင်ဖို့အတွက် ခွင့်ပြုဖို့ လိုမယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

သမ္မတ ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့အထဲ အမျိုးသား ပြန်လည်ပေါင်းစည်းရေး၊ တိုင်းရင်းသားတွေနဲ့ သွေးစည်းညီညွတ်ရေး ကိစ္စတွေကို ထည့်သွင်း ပြောကြားသွားပေမဲ့ အခုချိန်ထိ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးခြင်း မလုပ်တဲ့အပြင် အခုလို အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG