သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO ဆက်ဆံရေးရုံး အရာရှိ မြန်မာစစ်တပ် ဖမ်းဆီးခံရ


KIO ဆက်ဆံရေးရုံး အရာရှိ မြန်မာစစ်တပ် ဖမ်းဆီးခံရ

မြန်မာစစ်တပ်က ဟိုပင်မှာရှိတဲ့ KIO ဆက်ဆံရေးရုံး အရာရှိ ဗိုလ်ကြီး ဒဘန်ခေါင်လွမ်းကို မနေ့က ရုတ်တရက် ဖမ်းဆီးလိုက်ပါတယ်။ ဆက်ဆံရေးရုံးကိုလည်း ၀ိုင်းခံရပြီး ပစ္စည်းတွေ မွှေနှောက် သိမ်းဆည်းတာမျိုးတွေ လုပ်ခဲ့ပါတယ်။ KIO ဘက်ကလည်း ဌာနချုပ်အ၀င် လဂျားယန်ဂိတ်မှာ စစ်အင်အား ဖြည့်လိုက်ပါတယ်။ ဘယ်လိုတင်းမာမှုတွေ ဖြစ်သွားခဲ့တယ်ဆိုတာ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဟိုပင်နဲ့ မိုးညှင်းမှာရှိတဲ့ KIO ဆက်ဆံရေးရုံးကို မြန်မာစစ်တပ်က ၀ိုင်းထားပြီး ဆက်ဆံရေး အရာရှိ ဗိုလ်ကြီး ဒဘန်ခေါင်လွမ်းကိုတော့ ပင်းဘောဆေးရုံက အပြန်မှာ ရုတ်တရက် ပိတ်ဖမ်းလိုက်တာ ဖြစ်ပါတယ်။ KIO အရာရှိတယောက် ကချင်လို ပြောတာကတော့…

“မနေ့ညက ၀ိုင်းထားတယ်။ ဒီမနက် ၄ နာရီလောက် ပြန်ရုပ်သိမ်းလိုက်တယ်။ အိမ်မှာ မွှေတယ်၊ အဲဒီမှာရှိတဲ့ KIA အဖွဲ့ဝင် တယောက်ရဲ့ ဖုန်းတွေ ယူပေးလိုက်တယ်။ ပစ္စည်းတွေလည်း သိမ်းယူလိုက်တယ်။ ဗိုလ်ကြီး ခေါင်လွမ်းကိုတော့ ဟိုတလောကဖြစ်တဲ့ ဗုံးပေါက်တဲ့ကိစ္စ ဖြေရှင်းပေးနေတာ ဆေးရုံက အပြန်မှာ လမ်းမှာဟန့်တားပြီး အကြာကြီး စစ်ဆေးပြီးမှ လူကိုတော့ ရုံးကို ဖမ်းသွားတာ။” လို့ ပြောသွားတာပါ။

ဖမ်းဆီးမှုနဲ့ ဟိုပင်နဲ့ မိုးညှင်း ဆက်ဆံရေးရုံးတွေကို ၀ိုင်းထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး KIO က အကြောင်းပြချက် အတိအကျ မသိသေးတဲ့အတွက် အတည်ပြု ပြောဆိုလို့ မရသေးဘူးလို့ KIO ဒု-အထွေထွေ အတွင်းရေးမှူး ဆင်ဝါးက ပြောပါတယ်။

ဗိုလ်ကြီး ဒဘန်ခေါင်လွမ်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရ သတင်းစာမှာ ဖော်ပြလိုက်တဲ့ KIO နယ်မြေက ဗုံးပေါက်ကွဲမှုကြောင့် ပင်းဘောကျေးရွာသား ၂ ယောက်သေပြီး တယောက် ဒဏ်ရာရမှုနဲ့ ပတ်သက်လို့ လျော်ကြေးပေး တာဝန်ယူ ဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။

အခုလို စစ်အစိုးရက အကြောင်းပြချက် မရှိဘဲ ၀ိုင်းတာတွေ၊ ဖမ်းဆီးတာမျိုးတွေ ရုတ်တရက် လုပ်လာတာကြောင့် KIO ဘက်ကလည်း နောက်ထပ် ဖြစ်ပေါ်လာမှာ စိုးရိမ်တဲ့အတွက် KIO ဌာနချုပ်အ၀င် လဂျားယန်မှာရှိတဲ့ KIO ဆက်ဆံရေးရုံးတွေနဲ့ တပ်တွေကို ကြိုတင် စစ်အင်အား ပြန်ဖြည့်လိုက်တာလို့ KIO အရာရှိတွေက ပြောပါတယ်။

ဖမ်းဆီးတဲ့ကိစ္စ အသေးစိတ် မသိရတဲ့အတွက် KIO အထက်ပိုင်း အရာရှိတွေက လဂျားယန် စရဖကို လာရောက်မေးမြန်းရာမှာ ဒေသခံတွေက စစ်ဖြစ်မှာကို စိုးရိမ် ကြောက်လန့်နေတယ်လို့ လဂျားယန် ဒေသခံ တယောက်ကလည်း ကချင်လို ပြောပါတယ်။

“မနေ့ညက ဘယ်လိုလဲ၊ အဲလို သတင်းကြားတယ် ဟုတ်သလား၊ အဆက်အသွယ် ပျက်နေတယ်ဆိုပြီး စရဖကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာဖြစ်တာလဲဆိုပြီး လာမေးတယ်။ စရဖကလည်း အခြေအနေ အစုံသိရင် ပြန်ပြောမယ်ပေါ့။ ဒါပေမယ့် မနေ့ညက ဗိုလ်မှူးချုပ် ဂွမ်မော် ကိုယ်တိုင် လာတာဖြစ်တဲ့အတွက် သူ့အဖွဲ့တွေလည်း အများကြီး ပါတာလေ။ အဲလို အုပ်လိုက် ရောက်လာတဲ့အတွက် ဒေသခံတွေ လန့်သွားတာ။” လို့ ပြောသွားတာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့မှာပဲ လဂျားယန် KIO ဆက်ဆံရေးရုံးက အရာရှိကို စရဖက အရာရှိက တွေ့ဆုံမှုတွေ လုပ်နေပြီး လဂျားယန်ဂိတ်ကတော့ အ၀င်အထွက်တွေ ပုံမှန်အတိုင်း ဖြစ်နေတယ်လို့ သိရပါတယ်။

လဂျားယန် KIO ဆက်ဆံရေးရုံးနဲ့ စရဖတို့က အမြဲ တွေ့ဆုံညှိနှိုင်းမှုတွေ ရှိပေမဲ့ မြန်မာစစ်တပ်က ရဲမှူးတွေကတော့ အထက်က အမိန့်ကြောင့် လုံးဝငြင်းဆိုပြီး ဖုန်းနဲ့တောင် အတွေ့မခံဘူးလို့ လဂျားယန် KIO အဖွဲ့ဝင်တွေက ပြောပါတယ်။

လဂျားယန်ဂိတ်မှာ မြန်မာစစ်အစိုးရရဲ့ စစ်ထောက်လှမ်းရေး၊ လ၀က၊ မူးယစ်နဲ့ လူကုန်ကူးရဲတွေ ချထားတာ ဖြစ်ပါတယ်။
နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ KIO ကို နောက် မြန်မာစစ်အစိုးရက KIO ခရီးသွားလာမှုတွေကို ကန့်သတ်မှုတွေလုပ်ပြီး စက်တင်ဘာလ ကတည်းက ဖမ်းဆီးမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။ ဒီလအတွင်းမှာလည်း KIO ဆက်ဆံရေးရုံးတွေကို ရွှေ့ခိုင်းတာတွေ ရှိနေပါတယ်။

KIO ဘက်ကလည်း စစ်အစိုးရရဲ့ တင်းမာမှုတွေ တိုးလာတဲ့အပေါ်မှာ သတိထား စောင့်ကြည့်နေပြီး ထိုးစစ်ဆင်လာရင်တော့ ကာကွယ်ဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG