သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်း facebook ရေးသားချက် တပ်မတော်ကန့်ကွက်


သူရဦးရွှေမန်းအား အနားပေးထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ တင်ပြနေစဉ် (Photo-Thura U Shwe mann Facebook)
သူရဦးရွှေမန်းအား အနားပေးထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ တင်ပြနေစဉ် (Photo-Thura U Shwe mann Facebook)

ပြည်ထောင်စုလွှတ်တော် နာယကဟောင်းဖြစ်သူ သူရဦးရွှေမန်းရဲ့ ဖေ့ဘုတ်လူမှု ကွန်ယက်ပေါ်က ကြေညာချက်တခုဟာ၊ တပ်မတော်ပြိုကွဲရေးကိုပါ ဦးတည်သက်ရောက်စေပြီး အမျိုးသားရင်ကြားစေ့ရေးရည်မှန်းချက်ကို ထိခိုက်နိုင်တဲ့အတွက် တပ်မတော်အနေနဲ့ ကန့်ကွက်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သူကိုယ်တိုင် ပါဝင်ခဲ့တဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၁၁ ရဲ့ ၄၇ ကြိမ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန် ဆိုပြီး ရေးသားတဲ့ သူရဦးရွှေမန်းရဲ့ ဖေ့ဘုတ်ပေါ်က စာထဲမှာပါတဲ့ “ပြည်သူများက ရွေးချယ် တာဝန်ပေးအပ် ထားသော အစိုးရအဖွဲ့က တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်နေပြီး ထိုအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်းအောင် ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း” ဖော်ပြချက်ဟာ အရင့်မြန်မာအစိုးရအဆက်ဆက်က နိုင်ငံနဲ့ ပြည်သူ့အတွက် မည်သည့်အကျိုးစီးပွားကိုမှ ဖော်ဆောင်လုပ်ကိုင်ပေးခြင်းမရှိတဲ့သဘော သက်ရောက်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ သူရဦးရွှေမန်းရဲ့ ရေးသားချက်ပါ “ တို့ညီနောင်များကလည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာတရားဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အချိန်အခါ ကောင်းဖြစ်ပါသည်” ဟူသော ဖော်ပြချက်ကလည်း တပ်မတော်အနေနဲ့ ပြည်သူကရွေးချယ်တဲ့အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အစဉ်တစိုက် ပြောဆိုချက်ကို လစ်လျုပ်ပြုပြီး၊ တပ်မတော်က ပူးပေါင်းဆောင်ရွက်မရှိသယောင် မြှောင့်ပင့်ပေးတဲ့သဘော သက်ရောက်တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

သူရဦးရွှေမန်းရဲ့ ဒီလို ရေးသားဖော်ပြချက်အပေါ်မှာ သတင်းမီဒီယာတွေက ထပ်ဆင့် ရေးသားဖော်ပြမှုဟာ တပ်မတော်ရပ်တည်ချက်အပေါ် ပြည်သူတွေဖက်က အထင်မှားအမြင်မှားဖြစ်စေနိုင်သလို၊ အမျိုးသားရင်ကြားစေ့ရေးကိုပါ ထိခိုက်နိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တပ်မတော်ပြောခွင့်ရသူကတော့ ဒီသတင်းအပေါ် ထပ်ဆင့်အသေးစိတ် ရှင်းလင်းချက်မပေးသလို၊ သူရဦးရွှေမန်းဆီကလည်း သီးခြားတုန့်ပြန်ချက် ထွက်မလာသေးပါဘူး။ သူရဦးရွှေမန်းအပါအဝင် ကြံခိုင်ရေးပါတီက အကြီးတန်းခေါင်းဆောင်အချို့ကို ပါတီကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်၊ တပ်မတော်ဖက်က သူရဦးရွှေမန်းနဲ့ပတ်သက်လို့ အခုလို တရားဝင် ထုတ်ပြန်တာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်း သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်အကြား အားပြိုင်မှုတွေကနေတဆင့် ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်အကြား ပါတီတွင်း တင်းမာမှုတွေရှိခဲ့သလို၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေဘက်က သူရဦးရွှေမန်းနဲ့ပတ်သက်လို့ အမြင်မကောင်းဘူးဆိုတဲ့ သတင်းတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်းရဲ့ရေးသားဖော်ပြချက်ဟာ တပ်မတော်ပြိုကွဲရေးကို ဦးတည်သက်ရောက်စေတယ်ဆိုတဲ့ တပ်မတော်ဘက်က ပြင်းထန်တဲ့ ကန့်ကွက်မှုမျိုး ကတော့ ဒါ ပထမဆုံး ဖြစ်ပါတယ်။

XS
SM
MD
LG