သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် စော်ကားမှု ရပ်တန့်ရေး အမေရိကန် အမတ်များ တိုက်တွန်း


မြန်မာစစ်တပ် စော်ကားမှု ရပ်တန့်ရေး အမေရိကန် အမတ်များ တိုက်တွန်း
မြန်မာစစ်တပ် စော်ကားမှု ရပ်တန့်ရေး အမေရိကန် အမတ်များ တိုက်တွန်း

မြန်မာအစိုးရဟာ စစ်ပွဲအတွင်း အဓမ္မပြုကျင့်မှုတွေကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အမေရိကန် အမျိုးသမီး အထက်လွှတ်တော် အမတ်တွေက စွပ်စွဲလိုက်ပြီး ဒီလုပ်ရပ်တွေကို ရပ်တန့်အောင် ဖိအားပေး ဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိမရှိ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့တခု ဖွဲ့စည်းရေးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ထောက်ခံဖို့ အတွက်ကိုလည်း အစိုးရနဲ့ အတိုက်အခံ ပါတီက အမျိုးသမီး အထက်လွှတ်တော်အမတ် ၁၃ ယောက်က ဗုဒ္ဓဟူးနေ့က ပေးပို့တဲ့ စာထဲမှာ ဖော်ပြခဲ့တာပါ။

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေးတွေ ပျက်ပြားပြီး ဇူလိုင်လကစလို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အမျိုးသမီး ၁၈ ယောက်ကို အစိုးရ စစ်သားတွေက အုပ်စုလိုက် အဓမ္မ ပြုကျင့်ခဲ့တယ်လို့ ကချင်အမျိုးသမီးအဖွဲ့ရဲ့ အစီရင်ခံစာကို ရည်ညွှန်းပြီး အမေရိကန် အထက်လွှတ်တော် အမတ်တွေက ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေကို ကချင်ပြည်နယ်နဲ့ ကပ်လျက် အလားတူ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်ထဲမှာလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

စာရေးသား တိုက်တွန်းခဲ့သူတွေ ထဲမှာတော့ ထင်ရှားတဲ့ အမျိုးသမီး အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ ဒီမိုကရက်ပါတီက ဘာဘရာ ဘောက်စာ (Barbara Boxer)၊ ရီပတ်ဘလစ်ကန် ပါတီက ကေ ဘေလီ ဟတ်ချီစန် (Kay Bailey Hutchison) တို့လည်း ပါဝင်ခဲ့ကြတာပါ။

လက်နက်ကိုင် တပ်ဖွဲ့တွေဟာ တိုင်းရင်းသားတွေကို ခြိမ်းခြောက်ဖို့နဲ့ တိုင်းပြည်မှာ ခွဲခြားမှုတွေ လုပ်တဲ့နေရာမှာ အဓမ္မ ပြုကျင့်မှုတွေကို လက်နက်သဖွယ် အသုံးပြုလေ့ ရှိတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေလထဲမှာတုန်းက အမျိုးသမီး နိုဘဲလ်ဆုရှင်တွေရဲ့ ညီလာခံကို ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းထဲက ပြောဆိုချက်ကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံ ပေးပို့တဲ့ စာထဲမှာ အထက်လွှတ်တော် အမတ်တွေက ကိုးကား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG