သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ထိပ်ပိုင်းအရာရှိ အပြောင်းအရွှေ့ များပြား


အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ထိပ်ပိုင်းအရာရှိ အပြောင်းအရွှေ့ များပြား
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ထိပ်ပိုင်းအရာရှိ အပြောင်းအရွှေ့ များပြား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စတင်တာဝန်ယူပြီးနောက် စစ်တပ်တွင်း အရာရှိ အရွှေ့အပြောင်းတွေကို မေလလောက်ကတည်းက စတင်လာခဲ့ပါတယ်။ ဒီရက်ပိုင်းမှာတော့ လားရှိုးအခြေစိုက် ရမခခေါ် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ လက်အောက်ခံ တပ်တွေက ထိပ်ပိုင်းအရာရှိတွေ ၈၀% လောက် အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ အရှေ့မြောက်တိုင်း စစ်တိုင်းဒေသဟာ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေသလို ဝ၊ ကချင်၊ ရှမ်း စတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ဒီဒေသအတွင်းမှာ အခြေစိုက်ထားတာ ဖြစ်တဲ့အတွက် ရမခ အရာရှိတွေရဲ့ အပြောင်းအလဲဟာ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ထိန်းချုပ်နယ်မြေ အတွင်းမှာ မတ်လလယ်က စတင်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တိုက်ပွဲကာလ ၃ လလောက် ကြာမြင့်လာချိန်မှာပဲ ရမခက ထိပ်ပိုင်းအရာရှိ အတော်များများကို အပြောင်းအရွှေ့တွေ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ထိပ်ပိုင်း အရာရှိကြီးတွေ အပြောင်းအရွှေ့ဟာ ၈၀% လောက်အထိ ရှိတယ်လို့ အခုလို ပြောပါတယ်။

“တိုင်းမှူးကလွဲရင် အများစုက အပြောင်းအရွှေ့ ခံရတယ်။ ဗျူဟာမှူးတွေရော၊ တိုင်းအောက်က စကခမှူးတွေရော၊ ဂျီဝမ်းတွေရော၊ ဂျီဝမ်းဆိုတာ ပြည်သူ့စစ် ဂျီဝမ်းတို့၊ ပြည်သူ့စစ် စစ်ဦးစီး(ပ) တို့၊ ကကငွေစာရင်း ပြည်သူ့စစ်တို့၊ အားလုံး အဲဒီမှာ အနည်းဆုံး မရှိဘူးဆို အရာရှိကြီးပေါင်း ၂၀ ကျော် ၃၀ နီးပါး ရှိတာကိုး။ အဲဒီထဲမှာ အများစု ပြောင်းရတာ။ လူ ၃၀ လောက်မှာ ၂ ယောက်လောက်ပဲ ကျန်တယ်။ အဲတော့ ၈၀% လောက် ပြောလို့ရတာပေါ့။”

တချို့ အရာရှိကြီးတွေဟာ ပြောင်းရွှေ့တာကို လက်မခံဘဲ နှုတ်ထွက်စာ တင်တယ်လို့ ကြားသိရကြောင်း ဦးအောင်ကျော်ဇောက ပြောပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ရမခက စစ်အရာရှိတွေနဲ့ နီးစပ်တဲ့ လားရှိုးမြို့ခံ တယောက်ကတော့ အရာရှိကြီး အတော်များများ ပြောင်းရွှေ့တာ သိရပေမဲ့ ဘယ်လောက်များများ ပြောင်းရွှေ့တယ် ဆိုတာတော့ မသိရဘူးလို့ ပြောပါတယ်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဒီလို အများအပြား ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။

“အခုပြောချင်တာက ၂ ခုပေါ့။ တခုက ရှမ်းနဲ့တိုက်တဲ့ တိုက်ပွဲတွေ မအောင်မမြင်ဖြစ်တဲ့ ကိစ္စနဲ့၊ မင်းအောင်လှိုင်ရဲ့ သူ့လူကိုယ့်လူ ရွှေ့ပြောင်းမှုအောက်မှာ တချို့တိုင်းတွေမှာ အပြောင်းအလဲတွေ အများကြီးဖြစ်တယ်။ ကျနော် ချုပ်ပြောချင်တာက အဲဒါပါ။”

အရင်နှစ် သြဂုတ်လအတွင်းက ဗိုလ်မှူးချုပ် အောင်ကျော်ဇောကို ရမခ စစ်တိုင်းမှူးအဖြစ် အသစ်ပြောင်းလဲ ခန့်ထားခဲ့ပြီး အခုလို ထိပ်ပိုင်း အရာရှိကြီးတွေဖြစ်တဲ့ လူဟောင်းတွေကို ထပ်မံ ပြောင်းရွှေ့တာကြောင့် တပ်တွင်း အုပ်ချုပ်မှုနဲ့ စစ်ဆင်ရေးပိုင်းတွေမှာ မတည်မငြိမ် ဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

ထိုင်း၊ မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု သုတေသနဌာနက စစ်ရေးလေ့လာသူ ဦးဌေးအောင်က ဒီအချက်တွေအပြင် စစ်ရေးအရ ပိုပြီး ဖိအားပေးဖို့လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဖြစ်နိုင်ခြေ အများဆုံးကတော့ အနေကြာတဲ့ တိုင်းတပ်တွေက အဲဒီဒေသမှာ ဒီနယ်မြေထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ရတာကိုး။ အခြေစိုက်တွေဆိုတော့ များသောအားဖြင့်က အဲဒီဒေသမှာရှိတဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ ရင်းနှီးနေကြတယ်။ ဝတို့လို၊ ဒီဘက်က ကချင်တို့လို စသဖြင့် ရှမ်းတို့လို အဲဒီဒေသ အတွင်းမှာ လှုပ်ရှားနေတဲ့ အပစ်ရပ် အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ရင်းနှီးနေကြပြီလေ။

“ရင်းနှီးနေကြတော့ တယောက်နဲ့တယောက် အပေးအယူတွေလည်း ရှိနိုင်တယ်၊ နောက်တခုက သူတို့ တယောက်နဲ့တယောက် မျက်နှာနာရမှာတွေလည်း ရှိနိုင်တယ်လေ။ အဲတော့ အဲဒါတွေကို ပြောင်းပစ်တာက နောက်ပိုင်းမှာ ဆက်ဆံရေး တင်းမာလာနိုင်တယ်။ နောက်ပြီးတော့လည်း တိုက်ပွဲ ပြင်းထန်မှုတွေ ဖြစ်လာနိုင်မယ်ဆိုတဲ့ သဘောတွေ ရှိမယ်ထင်တယ်။”

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အတွင်း အပြောင်းအရွှေ့တွေ ဖြစ်ပေါ်လာတဲ့ ဒီရက်ပိုင်းတွေ အတွင်းမှာ မြန်မာအစိုးရတပ်ဘက်က ဓာတုလက်နက် အသုံးပြုပြီး ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းရဲ့ အခြေစိုက်စခန်း တခုကို ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

XS
SM
MD
LG