သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးမှာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားလူငယ် ၂ ဦး သေဆုံး


ပဲခူးမှာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားလူငယ် ၂ ဦး သေဆုံး
ပဲခူးမှာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားလူငယ် ၂ ဦး သေဆုံး

ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်းမှာ နေထိုင်တဲ့ အရပ်သား လူငယ်တွေနဲ့ ခလရ ၅၉ စစ်တပ်က စစ်သားတွေ ဆိုင်ကယ်ချင်း တိုက်မိပြီး စကားများကြပြီးတဲ့နောက် စစ်တပ်က လိုက်လာပြီး ရပ်ကွက်လမ်းထိပ်မှာပဲ အသက် ၁၈ နှစ်အရွယ် မောင်စိုးပိုင်ဇော်နဲ့ အသက် ၂၂ နှစ်အရွယ် မောင်အောင်သူဟိန်းတို့ ၂ ဦးကို လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် လူငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးသွားပါတယ်။ အခုချိန်မှာ ပဲခူးမြို့က ရင်ခွဲရုံမှာ အလောင်းတွေ ထားထားပြီး ချက်ချင်း သဂြုႋဟ်ဖို့အတွက် အာဏာပိုင်တွေက ကြိုးစားနေသလို ပဲခူးမြို့ခံတွေက ရင်ခွဲရုံကို လာရောက်ကြည့်ရှုနေပြီး မကျေမနပ် ဖြစ်နေကြတဲ့အတွက် မိသားစုကို ရုပ်အလောင်းတွေ ထုတ်မပြဘူးလို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မြလမ်းမှာ နေထိုင်နေတဲ့ အရပ်သား လူငယ်တွေ စီးလာတဲ့ ဆိုင်ကယ်နဲ့ ခလရ ၅၉ က အရာရှိတဦး စီးလာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိပြီး စကားများ ရန်ဖြစ်ရာကနေ လူငယ်တွေကို ပစ်သတ်မှု ဖြစ်ပေါ်ခဲ့ရတာပါ။ သေဆုံးသူတွေကတော့ အသက် ၁၈ နှစ်အရွယ် မောင်စိုးပိုင်ဇော်နဲ့ အသက် ၂၂ နှစ်အရွယ် မောင်အောင်သူဟိန်းတို့ ၂ ဦးဖြစ်ပြီး စကားများ ရန်ဖြစ်ရာကနေ ပစ်သတ်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မောင်အောင်သူဟိန်းရဲ့ အဒေါ်ဖြစ်သူ ပြောပြတာကတော့…

“လမ်းထိပ်မှာ ကယ်လီဖိုးနီးယား ကာရာအိုကေဆိုင်က ဆင်းလာတဲ့ အရာရှိ ၂ ယောက်လား၊ ၃ ယောက်လားတော့ မသိဘူး၊ အဲဒီဆိုင်ကယ်နဲ့ ကျမတူလေး ဆိုင်ကယ်နဲ့၊ ကျမတူလေးက သုံးဘီးဆိုင်ကယ်နဲ့ သူတို့ သူငယ်ချင်းတွေ ၅ ယောက်၊ ၆ ယောက်လောက် ရှိမှာပေါ့၊ ပြန်အထွက်မှာ သူတို့ကလည်း ဒီကနေ အကွေ့မှာ ငြိကြတယ်။

“ငြိကြတော့ ထိုးကြ ကြိတ်ကြပြီး ကျမတူလေးတွေက ဆိုင်ကယ်ကို လမ်းထိပ်မှာတင် ပစ်ထားခဲ့ပြီး လမ်းအတိုင်း ပြေးလာတယ်။ အဲဒါကို အဲဒီအရာရှိက ပစ်မိန့်ပေးပြီး သေနတ်နဲ့ သတ်ခိုင်းလိုက်တယ်။ အဲဒါ ကျမတူလေးရော စိုးပိုင်ဇော်ဆိုတဲ့ ကလေးရော မြလမ်းထိပ် တအိမ်ကျော်လောက်မှာပဲ ပွဲချင်းပြီး သေသွားတယ်။ ည ၁၂ နာရီခွဲလောက်မှာ။”

ပစ်ခတ်မှုဖြစ်ပြီး မိသားစုဝင်တွေက သိတဲ့အချိန်မှာ အလောင်းနားကို ကပ်ခွင့်မပေးဘဲ ဝါးလုံးတွေနဲ့ တားဆီးထားတယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ မနက်လင်းတဲ့အချိန် ရင်ခွဲရုံမှာ အလောင်းကို သွားယူတဲ့အခါ စစ်တပ်က ချက်ချင်းသဂြုႋလ်ဖို့ လုပ်ဆောင်ခဲ့တာကြောင့် မြို့ခံလူထုတွေက အတော်ကို မကျေမနပ် ဖြစ်ရတယ်လို့ ဆိုပါတယ်။

“ရင်ခွဲရုံကပဲ အသုဘချဖို့ ကျမတို့ကို ညှိနှိုင်းတာပေါ့နော်။ အဲဒါ ကျမက လက်မခံဘူး။ ရဝတတွေ ဘာတွေက လာပြောတယ်၊ ဗျူဟာမှူးတို့ G-1တို့က အဲဒီကပဲ ချပေးဖို့ပေါ့၊ အဲဒီလိုမျိုးပြောတော့ ကျမက ကျမတို့ ကျန်တဲ့ကိစ္စ ဘာမှ မေတ္တာမရပ်ခံဘူး၊ ကျမတို့အမေက ရှမ်းပြည်က လာရမှာမို့လို့ ကျမတူလေး အလောင်းကို အိမ်ပြန်သယ်ချင်တယ်ပေါ့၊ ကျမတို့ အိမ်ကနေ ချချင်တယ်ပေါ့၊ ကျမတို့ အစီအစဉ်နဲ့၊ အဲဒါ ကူညီပါလို့ ပြောလိုက်တယ်၊ သက်ဆိုင်ရာက လူတွေနဲ့တွေ့တော့။

“အဲဒီအချိန်မှာ မြို့နယ်မှူးတို့၊ စခန်းမှူးတို့ကလည်း သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့် မရှိတဲ့အတွက် G-1 ပြောတဲ့ အမိန့်ကိုပဲ နာခံပြီး လုပ်ပေးမယ်ဆိုတော့ G-1 က နေ့ခင်း ၁၁ နာရီထိုးမှာ ဒီကလေးလေး ၂ ယောက်ရဲ့ မိဘတွေ၊ ပိုင်ဆိုင်တဲ့လူတွေကို ကလေးအလောင်း ၂ လောင်း ထုတ်ပေးလိုက် ဆိုပြီးတော့ ကျမတို့ကို အကြောင်းကြားတယ်။ အကြောင်းကြားတော့ ကျမတို့ စောင့်နေတဲ့ အချိန်မှာ ၁၁ နာရီ မထိုးခင်မှာပဲ လူတွေက အုံပြီးတော့ ကားလမ်းတွေက ဟိုဘက် ဒီဘက်ပိတ်၊ ဘယ်လိုမှ သွားလို့မရတော့ဘူး။ လူတွေက ကျိတ်ကျိတ်တိုးပေါ့။

“တမြို့နယ်လုံးနီးပါး သိသွားတော့ တအားများလာတော့ သူတို့ အဲဒီအချိန်မှာ ထုတ်မပေးတော့ဘူး။ ကလေးတွေအလောင်း မပေးတော့ဘူးပေါ့။ ကျမတို့ကိုလည်း ၃ ရက် ထားလိုက်မယ်၊ အင်္ဂါနေ့ကျရင် နိုင်ငံတော် ဈာပန အနေနဲ့ လုပ်ပေးပါ့မယ်ပေါ့၊ သူတို့က အဲဒီလိုပြောတယ်။ နောက်ပြီးတော့ အရင်ဖြစ်ဖူးတဲ့ အရေးအခင်း လတွေနဲ့ ကလေးတွေနဲ့ ဖြစ်တဲ့လ တိုက်ဆိုင်လို့ပါပေါ့။”

နောက်ပိုင်းမှာတော့ မောင်အောင်သူဟိန်းရဲ့ ဖခင်က ပြည်ပမှာ အလုပ်ထွက်လုပ်နေပြီး မိခင်က ရှမ်းပြည်ရောက်နေတာကြောင့် မိခင်ကို စောင့်ဖို့ အလောင်းကို ပြန်တောင်းခဲ့ပေမဲ့ မရခဲ့ဘူးလို့ ဆိုပါတယ်။

ဒီလို မြို့ပေါ်မှာတောင် စစ်တပ်က သေနတ်အားကိုးနဲ့ အနိုင်ကျင့်မှု လုပ်ဆောင်နေတာကြောင့် လူမသိ သူမသိ နေရာတွေမှာ ပိုဆိုးတဲ့ အခြေအနေတွေမှာ ရှိနိုင်ကြောင်း ပဲခူးက ရှေ့နေကြီး ဦးအေးမြင့်ကလည်း ပြောပါတယ်။

“အာဏာပိုင် အဖွဲ့အစည်း အသီးသီးနဲ့ လက်လှမ်းမီရာ တပ်တွေရှိတယ်၊ အုပ်ချုပ်ရေးတွေ အပြည့်အစုံရှိတဲ့ မြို့လယ်ကောင်မှာတောင် ဒီလို လူငယ်ကို သေနတ်အားကိုးနဲ့ စစ်တပ်က လာပစ်သတ်တယ်ဆိုတာ ဗြောင်ကျကျ ပစ်သတ်တာတော့ တပ်မတော်အတွက်လည်း မကောင်းဘူး၊ ပြည်သူလူထု အားကိုးစရာ ယုံကြည်မှု ကင်းမဲ့သွားတယ်။ မြို့ပေါ်မှာတောင် ဒီလောက် ပစ်သတ်ရင် တောတွေ တောင်တွေထဲမှာ နေနေရတဲ့ တိုင်းရင်းသား ကရင်တွေကို နှိပ်စက်တယ်ဆိုတာ ပြောစရာတောင် မလိုတော့ဘူးလို့ပဲ အန်ကယ်တို့ ယူဆတယ်။”

နောက်ပိုင်းမှာတော့ ကလေးရဲ့ မိခင်ဖြစ်သူက လေယာဉ်နဲ့ ပြန်ရောက်လာချိန်မှာ စစ်တပ်က တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ ကလေးတွေရဲ့ သူငယ်ချင်း ၂ ဦးကိုလည်း စစ်ဆေးစရာ ရှိလို့ဆိုပြီး ထိန်းသိမ်းထားတာကြောင့် မောင်အောင်သူဟိန်းရဲ့ မိခင်ဖြစ်သူက လုံခြုံရေးကို တာဝန်ယူပေးဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားမှုမှာပါတဲ့ လူငယ် ၂ ဦးကိုလည်း ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG