သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SSA ဌာနချုပ်အနီး ရှေ့တန်းစခန်းတခု လက်လွှတ်ရ


SSA ဌာနချုပ်အနီး ရှေ့တန်းစခန်းတခု လက်လွှတ်ရ
SSA ဌာနချုပ်အနီး ရှေ့တန်းစခန်းတခု လက်လွှတ်ရ

ဒီရက်ပိုင်းအတွင်း မြန်မာအစိုးရ စစ်တပ်က ရှမ်းပြည်နယ် အလယ်ပိုင်း ကျေးသီးမြို့နယ် အတွင်းမှာ ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းရဲ့ တပ်စခန်းတခုကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး သိမ်းယူလိုက်ပါတယ်။ ဒီစခန်းဟာ ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းရဲ့ လက်ရှိဌာနချုပ် ဝမ်ဟိုင်းနဲ့ သီပေါမြို့နယ် အတွင်းက စိန်ကျော့ ဌာနချုပ်ဟောင်းတို့အကြား ဆက်သွယ်ရာလမ်းမှာ အရေးပါတဲ့ စခန်းတခုလည်း ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းရဲ့ တပ်စခန်းကို မြန်မာအစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ထိုးစစ်ဆင် တိုက်ခိုက်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က သိမ်းယူလိုက်တာ ဖြစ်ပါတယ်။ ကျေးသီးမြို့နယ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအနေကို ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပါတယ်။

“တာဖာဆောင်ဆိုတဲ့ ရွာနားမှာ နမ့်ဟဲန်ချောင်းပေါ့၊ အဲဒီချောင်းကို ဖြတ်ထားတဲ့ တံတားပေါ့။ အဲဒီတံတားမှာလည်း ကူးတို့ဆိပ် ရှိတယ်။ အဲဒီမှာ SSPP/SSA ရှမ်းတပ်က တပ်ချထားတယ်။ အဲဒီမှာ ခလရ ၂၂ ပေါ့၊ သူတို့က အရင်သွားတိုက်တယ်။ သွားတိုက်တော့ သူက အင်အားမလောက်လို့ ထင်တယ်၊ သူက ၆၀-၇၀ လောက်ပဲ ရှိတယ်။ အဲဒါ သူက မိုင်းရယ်ဘက်က စစ်ကူတောင်းတယ်၊ ခလရ ၆၇ က ကူတိုက်တယ်။ ရှမ်းတပ်ဘက်ကလည်း ၄၀-၅၀ လောက်ပဲ ရှိတာ၊ အများဆုံး။ သူတို့က ကြိုးကြား ကြိုးကြား ပစ်လိုက် ရပ်လိုက် ဖြစ်တာပေါ့။ တမြန်နေ့ ၂၁ ရက်နေ့ပေါ့နော်၊ တနေ့လုံး၊ ည ၁၀ နာရီခွဲကျမှ ရှမ်းတပ်က ဆုတ်ပေးတာ၊ လက်နက်ကြီးနဲ့ တအားထုတာကိုး။”

ဒီနေ့ နေ့ခင်း ၂ နာရီလောက်မှာတော့ အစိုးရ စစ်တပ်တွေက ချောင်းကူးတံတားကို မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ ပြောပါတယ်။ ဒီတိုက်ပွဲမှာ အစိုးရတပ်ဘက်က ၂ ယောက် ကျဆုံးပြီး SSA မြောက်ပိုင်းဘက်က တယာက် ကျဆုံးတယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။ အစိုးရတပ်ဘက်က အကျအဆုံးကိုတော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

ဒီစခန်းကို သိမ်းယူနိုင်တာဟာ လက်ရှိ SSA မြောက်ပိုင်း ဌာနချုပ် ဝမ်ဟိုင်းနဲ့ သီပေါမြို့နယ် အတွင်းက အရင်ဌာနချုပ်ဟောင်း စိန်ကျော့အကြားက ဆက်သွယ်ရေး လမ်းကြောင်းကို ထိန်းချုပ်နိုင်လိုက်တာ ဖြစ်တယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

“ဝမ်ဟိုင်း ဌာနချုပ်ကနေ အရင် SSA အပစ်ရပ် မြောက်ပိုင်း ဌာနချုပ် စိန်ကျော့နဲ့ ကူးလူးဆက်ဆံ သွားလာတဲ့ လမ်းကြောင်းပေါ့။ အဲဒီမှာ တစိတ်တပိုင်း သူတို့ ပိတ်ဆို့ထားနိုင်တာပေါ့။”

ရှမ်းပြည်နယ် တောင်ပိုင်းက ဒေသခံတွေရဲ့ အပြောအရဆိုရင် ဒီရက်ပိုင်းတွေ အတွင်းမှာပဲ SSA မြောက်ပိုင်းရဲ့ ဌာနချုပ် တည်ရှိရာ ဝမ်ဟိုင်းဒေသဘက်ကို မြန်မာအစိုးရဘက်က စစ်တပ်တွေ အများအပြား စေလွှတ်နေတယ်လို့လည်း ပြောပါတယ်။ ရှမ်းသံတော်ဆင့် သတင်းမှာတော့ အစိုးရတပ်တွေက ဝမ်ဟိုင်းဌာနချုပ်ကို သိမ်းပိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီလအတွင်း SSA မြောက်ပိုင်းက သူတို့ရဲ့ အခြေစိုက်စခန်း ၃ ခုကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။ ဒီလ ၄ ရက်နေ့ကလည်း တန့်ယန်းနဲ့ မိုင်းရှူးအကြားက ၇ မိုင်စခန်းနဲ့ ဒီလ ၁၃ ရက်နေ့က သီပေါမြို့နယ် စိန်ကျော့ ဌာနချုပ်ဟောင်း အနီးက စခန်းတခုကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် ပန်ဖ ဦးဆောင်တဲ့ အရင် အပစ်ရပ် SSA မြောက်ပိုင်း တပ်မဟာ ၁ အဖွဲ့ဟာ ပြည်သူ့စစ် အသွင်ပြောင်းဖို့ ငြင်းပယ်ပြီးတဲ့နောက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ SSA ဆိုတဲ့ အမည်နဲ့ ပြောင်းလဲ ရပ်တည်ခဲ့ပါတယ်။

ဒီနှစ် မတ်လအတွင်းမှာတော့ မြန်မာအစိုးရနဲ့ SSA မြောက်ပိုင်း တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပြီး မေလအတွင်းမှာတော့ ဒု-ဗိုလ်ချုပ်ကြီး ယွတ်ဆစ် ခေါင်းဆောင်တဲ့ SSA တောင်ပိုင်း တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

XS
SM
MD
LG