သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SSPP နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာစစ်တပ် သံဃာတော် ၂ ပါး စေလွှတ်


SSPP နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာစစ်တပ် သံဃာတော် ၂ ပါး စေလွှတ်
SSPP နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာစစ်တပ် သံဃာတော် ၂ ပါး စေလွှတ်

ရက်သတ္တ ၂ ပတ်ကျော်ကြာ SSA/SSPP ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ မြန်မာအစိုးရတပ်နဲ့ တိုက်ပွဲတွေဟာ အခုအချိန်မှာ မြန်မာအစိုးရ တပ်ဘက်က ဒေသခံ သံဃာတော် ၂ ပါးကို စေလွှတ်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြောဆိုလာတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကတော့ မြန်မာတပ်အနေနဲ့ ဝမ့်ဟိုင်းဒေသမှာ ထိုးစစ်ဆင်တာ ရပ်တန့်ဖို့၊ တပ်စွဲထားတာ ဆုတ်ပေးဖို့ လိုသလို တရားဝင် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ စေလွှတ်ဖို့ လိုတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ ဝမ့်ဟိုင်းဌာနချုပ်ကို ဝိုင်းထားတဲ့ အနေအထားမှာပဲ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် မြန်မာစစ်တပ်ဘက်က မနေ့က ဒေသခံ သံဃာတော် ၂ ပါးကို စေလွှတ်လာတယ်လို့ ရှမ်းပြည်တိုးတက်ရေး ပါတီဘက်က ပြောပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက်ကတော့ အခုလို သံဃာတော် ၂ ပါးကို စေလွှတ်လာတာဟာ အကျိုးသက်ရောက်မှု မရှိသလို တရားဝင် ဆွေးနွေးသင့်တယ်ဆိုပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကနေ ပြောဆိုခဲ့တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“မနေ့က သူတို့က သံဃာတော် ၂ ပါး လွှတ်ခဲ့တယ်လေ။ ၂ ပါးလွှတ်ခဲ့ပြီးတော့ ဝမ့်ဟိုင်းအဖွဲ့က ငြိမ်းချမ်းရေးကို မလိုလားဘူးလားတဲ့ အဲဒီလို လာမေးတယ်ခင်ဗျ။ ကျေးသီးက အဲဒီတပ်က လွှတ်လိုက်တယ်ပေါ့။ ငြိမ်းချမ်းရေးလိုလား မလိုလား ဆိုတာက သူတို့အပေါ် လုံး၀ မူတည်တာပေါ့။ သူတို့က ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုရင်တော့ တကယ်တမ်း အဲဒီသံဃာ ၂ ပါးနဲ့ပဲ လွှတ်တယ်ဆိုတာ အကျုံးမဝင်ဘူးလေ။ သိပ်ပြီးတော့ သက်ရောက်မှု မရှိဘူးပေါ့။ ဒါကြောင့် ကျနော်တို့လည်း ဘာမှတော့ သိပ်မပြောဘူး။

“ဆိုလိုချင်တာကတော့ဗျာ အဲဒီ ပထမဆုံးအဆင့် အနေနဲ့ သူတို့ ဝမ့်ဟိုင်းဒေသမှာ ထိုးစစ်ဆင်နေတဲ့ အဲဒီတပ်တွေ၊ နောက် တပ်စွဲထားတဲ့ဟာတွေ၊ ကျနော်တို့ နယ်မြေထဲက သူတို့ ဆုတ်ခွာရမယ်။ သူတို့က အကောင်အထည် ဖော်မှပဲ ဖြစ်နိုင်မှာပါ။ အဲဒါ နှစ်ဘက်ဆွေးနွေးမှု တရားဝင်ကော်မတီ ဖွဲ့ပြီးမှ ဆွေးနွေးရင် ကောင်းမယ်။ သူတို့က လွှတ်ခဲ့တယ်ဆိုတော့ ကျနော်တို့ ပြောထားတဲ့အတိုင်း သူပြန်သွားပြောမှာပဲခင်ဗျ။”

ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး မြန်မာစစ်တပ်ကနေ ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်လာခဲ့ရာကနေ စပြီး နှစ်ဘက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဝမ့်ဟိုင်းဌာနချုပ် အနီးကပ်ဆုံး နေရာကို ရောက်နေပေမဲ့လည်း ဒီရက်ပိုင်းတွေမှာ ထိုးစစ်တွေ ရပ်တန့်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေး ပါတီဘက်က ပြောပါတယ်။
အခုလို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာစစ်တပ်ကနေ သံဃာတော်တွေကို စေလွှတ်ပြီးတော့ ကမ်းလှမ်းလာတာဟာ ရှမ်းပြည်တိုးတက်ရေးပါတီ အနေနဲ့ ကြိုဆိုပေမဲ့ ပါတီရဲ့ လိုလားချက်ကိုတော့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“တကယ်တမ်း အထက်အမိန့်အရ ဆိုရင်တော့ တရားဝင် အဲဒီ ကျနော်တို့ နိုင်ငံရေးပါတီတွေလည်း ရှိတာပဲ။ အဲဒါ အရင်လွှတ်ပြီးတော့ ဆက်သွယ်ရမယ်လေ။ အခုက သံဃာတော် ၂ ပါးပဲ လွှတ်တာဆိုတော့ ကျနော်တို့က အတည်ပြုလို့ မရသေးဘူး။ ကျနော်တို့ တောင်းဆိုချင်တာက သူတို့တပ်တွေ ဆုတ်ခွာပေးဖို့ပဲ။ ကျနော်တို့ဒေသ တည်ငြိမ်အေးချမ်းမှု ရအောင်နဲ့ အဲဒီ တပြည်လုံး အတိုင်းအတာ ပြည်တွင်းစစ် ရပ်စဲဖို့က သူတို့ပေါ်မှာပဲ မူတည်တာပေါ့။ တကယ်တမ်း ကျနော်တို့အပေါ် စေတနာရှိရိုး မှန်ရင်တော့ သူတို့တပ်တွေ ဆုတ်ခွာပေးဖို့၊ တပြည်လုံး အတိုင်းအတာ ပြည်တွင်းစစ် ရပ်စဲရေးကို ကျနော်တို့က လိုလားတယ်လေ။”

ရှမ်းပြည်တိုးတက်ရေးပါတီ အနေနဲ့ကတော့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ရော ငြိမ်းချမ်းရေး အကျိုးဆောင်တွေနဲ့ရော တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လိုလားပေမဲ့ မြန်မာစစ်တပ်ဘက်က အခုလို သံဃာတော် ၂ ပါးပဲ စေလွှတ်လာတာဟာ စစ်ရေးအရ တိုက်ခိုက်ဖို့ အင်အားစုဆောင်းဖို့ တမင်အချိန်ဆွဲတဲ့ လုပ်ရပ်တခုလို့ အမည်မဖော်လိုသူ တပ်မှူးတဦးက ပြောပါတယ်။

အလားတူ KIO ခေါ် ကချင်လွတ်လပ်ရေး အဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား အပစ်အခတ်ရပ်စဲရေး ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ကချင်ပြည်နယ် အစိုးရ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်က ယာယီ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းစာကို ဇူလိုင် ၂၂ ရက်နေ့က KIO ထံ စာပို့လာတဲ့အပေါ် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို လုပ်ဆောင်သွားဖို့ KIO က ထပ်မံ အကြောင်းပြန်လိုက်တယ်လို့ KIO ဘက်က ပြောပါတယ်။ ဇွန်လဆန်းပိုင်းမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ပျက်သွားပြီး နောက်ပိုင်း KIO နဲ့ မြန်မာစစ်တပ်တွေ အကြားမှာ ယနေ့တိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

XS
SM
MD
LG