သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SSPP ၀မ့်ဟိုင်းဌာနချုပ် အနီးက မြန်မာအစိုးရတပ်တွေ ထပ်မံရုပ်သိမ်း


SSPP ၀မ့်ဟိုင်းဌာနချုပ် အနီးက မြန်မာအစိုးရတပ်တွေ ထပ်မံရုပ်သိမ်း

မြန်မာအစိုးရတပ်တွေဟာ ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ် ဒေသကနေ အခုရက်ပိုင်းတွေမှာ ဒုတိယအကြိမ် ပြန်ရုပ်သိမ်းသွားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ အခုလို တပ်ရုပ်သိမ်းသွားပေမဲ့လည်း ရှမ်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မြန်မာစစ်တပ်တွေ အနေနဲ့ ၀မ့်ဟိုင်းဌာနချုပ်ကနေ တပ်ရုပ်သိမ်းသွားတာဟာ စစ်တပ်အတွင်းမှာ မကျေလည်စရာ အကြောင်းတွေ ရှိနေတယ်လို့လည်း ပြောဆို သုံးသပ်မှုတွေရှိနေပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်တွေဟာ ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ်ကနေ ဒီရက်ပိုင်းမှာ ဒုတိယအသုတ် အနေနဲ့ တပ်အင်အား ထပ်မံ ရုပ်သိမ်းလိုက်ပြန်ပြီလို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ တပ်အင်အား ရုပ်သိမ်းသွားတယ် ဆိုပေမဲ့လည်း ၀မ့်ဟိုင်းဌာနချုပ်နဲ့ အတွင်းဘက်ကျတဲ့ နေရာတွေမှာ မြန်မာစစ်တပ်တွေ ဆက်လက် ရှိနေသေးတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“မနေ့ကနဲ့ တမြန်နေ့ အချိန် အင်အား ၂၀၀ လောက် ပြန်ဆုတ်သွားတယ်။ အခုကျန်တာတော့ ၄၀၀ ၀န်းကျင်လောက်ပဲ ကျန်တော့မယ်။ ဆုတ်သွားတဲ့ နှစ်ဖွဲ့တော့ ကျေးသီးဘက် ၀င်သွားတယ်။ အဲဒီ နမ်းပုတ်ကနေပေါ့၊ ကျနော်တို့ အရင် တိုက်ပွဲစဖြစ်တဲ့ နေရာပေါ့။ ကျနော်တို့ အတွင်းပိုင်း နည်းနည်းကျတဲ့ ၀မ့်မိန်တလျှောက်ပဲလေ။ ၀မ့်ဟိုင်းဌာနချုပ်နဲ့ ၅ မိုင် အကွာလောက်ပေါ့။ အဲဒီ အရှေ့ဘက်ခြမ်း လမ်းခွဲနေရာဘက်လည်း ရှိသေးတယ်။”

မြန်မာစစ်တပ်အနေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ်ကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေရာကနေ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့မှာ တပ်ရင်း ၇ ရင်း ဆုတ်ခွာခဲ့ပြီးတော့ အခုဆိုရင် ဒုတိယအသုတ်အဖြစ် တပ်တွေကို ရုပ်သိမ်းသွားခဲ့တာပါ။ မြန်မာစစ်တပ် အနေနဲ့ အခုလို တပ်ရုပ်သိမ်းသွားပေမဲ့လည်း ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အခြေအနေမှာ ရှိနေပါသေးတယ်။

သြဂုတ်လ ၂ ရက်နေ့ ညနေ ၅ နာရီမှာ ကျောက်မဲမြို့နယ်ဘက်က မြန်မာစစ်တပ် စခန်းတခုကို ရှမ်းပြည်တပ်မတော်ကနေ ၀င်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ကျောက်မဲမြို့ခံတွေက ပြောပါတယ်။ ဒီတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်ကနေ ထိခိုက်မှု များပြားခဲ့တယ်လို့ ကျောက်မဲမြို့ခံတဦးက အခုလို ပြောပါတယ်။

“ရင်ကွဲတောင်စခန်းပေါ့နော်၊ စခန်းသာ ရွာနားမှာ။ ကျောက်မဲကနေ မန္တလေးဘက်ဆင်းတဲ့ ၁၅ မိုင် ကွာတယ်။ SSA မြောက်ပိုင်းပဲ ထင်တယ်။ မနေ့ညတုန်းက သွားတိုက်တယ် စခန်းကို။ ၄၅ မိနစ်လောက် ချတယ်။ တော်တော်ပြင်းတယ်။ တော်တော်ပြင်းတယ်ဆိုတာ ဒီ ဗမာဘက်က တော်တော်သေတယ်။ ဘယ်လောက်သေတယ်ဆိုတာ အတိအကျတော့ ဘယ်သူမှ မသိဘူး။”

မနေ့ညက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ မြန်မာတပ်စခန်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့အတွက် ထိခိုက်ကျဆုံးမှုတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ရင်ကွဲတောင် စခန်းကို ရှမ်းပြည်တိုးတက်ရေးပါတီ ဘက်ကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေကနေ ပြောဆိုနေပေမဲ့ SSA မြောက်ပိုင်းဘက်ကတော့ ဆက်သွယ်ရေး အခက်အခဲကြောင့် သီးခြား အတည်ပြုချက် မပေးနိုင်သေးဘူးလို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

အခုရက်ပိုင်းတွေမှာ မြန်မာအစိုးရ အနေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီဘက်ကို စစ်တပ်ရုပ်သိမ်းတာတွေ ကချင်လွတ်လပ်ရေး အဖွဲ့တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒီလို လုပ်ဆောင်ရတာဟာလည်း မြန်မာစစ်တပ် အတွင်းမှာ အပြောင်းအလဲ တခုခု ရှိနိုင်တယ်လို့ ရှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်စိုင်းက အခုလို သုံးသပ်ထားပါတယ်။

“တိုက်ပွဲတွေ ကျနော်တို့ ကြည့်လိုက်မယ် ဆိုလို့ရှိရင်လည်း ဒီ ဗမာ့တပ်မတော်ဘက်က အကျအဆုံး တော်တော်များတယ်။ ပြေးတာလည်း များတယ်။ ဒဏ်ရာရတာလည်း များတယ်။ ပြီးတော့ သူတို့ စစ်အနားယူချင်တာလား၊ စစ်နားချင်တာလား၊ ဒီဥစ္စာဟာလည်း မေးခွန်းတခုပေါ့။ နောက်တခုကတော့ သူတို့ နည်းဗျူဟာ ပြောင်းမလား။ နောက်ဆုံးတခုက တပ်မတော်အတွင်းမှာ ကြည့်မယ်ဆိုလို့ရှိရင် စစ်သားနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ရိက္ခာကိစ္စတွေ၊ သူတို့ရဲ့ စားဝတ်နေရေးတို့၊ ကျန်းမာရေးတို့၊ ပညာရေးတို့ စသည် ဒါတွေနဲ့ ပတ်သက်ပြီးတော့မှ မကျေမနပ် ဖြစ်မှုတွေဟာ သိပ်ပြီးတော့မှ ကြီးထွားနေတယ်။”

မြန်မာစစ်တပ်တွေ အနေနဲ့ ၀မ့်ဟိုင်းဌာနချုပ် ဒေသဘက်ကို တပ်ရုပ်သိမ်းသွားတဲ့အတွက် ဒေသခံတချို့ကတော့ လယ်ယာလုပ်ငန်းကို ပြန်လည် လုပ်ဆောင်လာပေမဲ့ စာသင်ကျောင်းတွေကိုတော့ လုံခြုံရေး အခြေအနေအရ မဖွင့်လှစ်နိုင်သေးဘူးလို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ်ကို သိမ်းဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်က မြန်မာစစ်တပ်ကနေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပေမဲ့ ဇူလိုင်လ ကုန်ခါနီးမှာ တပ်ကို ပြန်လည် ရုပ်သိမ်းသွားခဲ့တာပါ။ ဘာကြောင့် တပ်ရုပ်သိမ်းသွားရတယ် ဆိုတာ သဲသဲကွဲကွဲ မသိရသေးပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် အပစ်အခတ် ရပ်စဲဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံတကာက ဖိအားပေး တောင်းဆိုမှုတွေ၊ ပြည်တွင်းပြည်ပက နိုင်ငံရေးအဖွဲ့တွေရဲ့ တောင်းဆိုမှုတွေကြောင့် အခုလို တပ်ရုပ်သိမ်းသွားရတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

XS
SM
MD
LG