သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Drone နဲ့ဖမ်းမိတဲ့ သတင်းထောက်များကို ရုံးထုတ်ကြားနာ


အဖမ်းခံရတဲ့ သတင်းထောက် Lau Hon Meng, နှင့် Mok Choy Lin
အဖမ်းခံရတဲ့ သတင်းထောက် Lau Hon Meng, နှင့် Mok Choy Lin

နေပြည်တော် လွှတ်တော်အဆောက်အဦးကို အဝေးထိန်းဒရုန်းနဲ့ ရိုက်ကူးဖို့ ကြိုးစားတာကြောင့် ဖမ်းဆီးခံရတဲ့ သတင်းထောက်သုံးဦးအမှုကို ဒီကနေ့ နေပြည်တော်တရားရုံးတခုမှာ ရုံးထုတ်ကြားနာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပဒေနဲ့ ထောင်ဒဏ်နှစ်လစီ ချမှတ်ထားပြီး၊ အခုတော့ သွင်းကုန် ထုတ်ကုန်ပုဒ်မစွဲချက်နဲ့ ထပ်မံ တရားစစ်ဆေးနေတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့် သတင်းပေးပို့ထားပါတယ်။

အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက နေပြည်တော်လွှတ်တော်အဆောက်အအုံအနီးမှာ အဝေးထိန်း ဒရုန်းလွှတ်တင်ရိုက်ကူးဖို့ ပြင်ဆင်တဲ့ တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနရဲ့ စင်္ကာပူရုံးခွဲက မလေးရှားနိုင်ငံသူ သတင်းထောက်အမျိုးသမီး ၊ စင်ကာပူနိုင်ငံသား အမျိုးသားသတင်းထောက်တို့အပြင် ဘာသာပြန်အဖြစ် လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသား သတင်းထောက်ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတို့ကိုနိုဝင်ဘာ ၁၀ ရက်နေ့က လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပဒေနဲ့ ထောင်ဒဏ် ၂ လ ချမှတ်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈ ကိုစစ်ဆေးဖို့ ဒုတိယအကြိမ်ရုံးထုတ်ရာမှာ တရားလိုကို စတင်စစ်ဆေးပါတယ်။ ရှေ့နေတွေဘက်ကလည်း လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပဒေနဲ့ ထောင်ဒဏ်ချမှတ် ထားတဲ့အတွက် သွင်းကုန်ထုတ်ကုန် ဥပဒေကိုရပ်ဆိုင်းပေးဖို့ လျှောက်လဲချက်တင်ခဲ့တယ်လို့ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

“အခုစတာကတော့ တရားလိုပေါ့ဗျာ တရားလို ဆွဲတင်တဲ့ရဲ ကိုစစ်နေတဲ့အချိန်မှာ ဘာပေါ်သလဲဆိုတော့ ဒီလူတွေကို Drone လွှတ်တင်တဲ့အမှုနဲ့ ထောင် ၂ လ ချပြီးပြီဆိုတာ ပေါ်တယ်ခင်ဗျ ။ ရှေ့တခါကတော့ Droneနဲ့ ပတ်သက်လို့ပဲ အပြစ်ပေးပြီးပြီ ။ အခုလည်း Drone နဲ့ ပတ်သက်ပြီးတော့ ပြန်ချတာဟာ တရားစွဲတာဟာ လူတယောက်ကို ပြစ်မှုတခုအတွက် ၂ ခါအပြစ်ပေးတဲ့ ဥပဒေဘောင်ထဲမှာ ရောက်နေပါတယ်။ အဲဒါကြောင့်မို့လို့ဒီအမှုကို ရပ်ပြီးတော့ စစ်ပေးပါဆိုပြီးတော့ အဲဒါကို တရားရုံးကနေပြီးတော့ တနင်္လာနေ့ကျရင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးပြီးတော့ ကြားနာမယ်ပေါ့ဗျာ။”

ဒီကနေ့ရုံးထုတ်ချိန်မှာတော့ မလေးရှားနိုင်ငံသူ Ms.Mok Choy Lin က အမှုနဲ့ပတ်သက်ပြီး အခုလိုပြောသွားပါတယ်။

“ရှင်းရှင်းပြောရရင်တော့ တရားရုံးကို ထွက်လာတိုင်း ကျမတို့ ဘာတွေဖြစ်နေတယ်ဆိုတာ ဘာမှကို မသိပါဘူး။ သူ့တိုရဲ့ တရားရေးစနစ်ကိုလည်း ကျမတို့ တကယ့်ကို နားမလည်ပါဘူး။ သူတို့ ဘာသာစကားကိုလည်း နားမလည်ပါဘူး၊ ကျမတို့ကို ဘာမှ ရှင်းပြတာလည်း မရှိပါဘူး။ ပထမ ရုံးချိန်းကာလကဆိုရင် မိသားစုတွေ ရှေ့နေတွေနဲ့တောင် ပေးမတွေ့ပါဘူး။ ကျမတို့အနေနဲ့ ဘာကိုမှ ရေရေရာရာ နားလည်တာမရှိသလို၊ သူတို့ဖက်က ရှင်းပြ ပြောဆိုတာလည်း မရှိဖြစ်နေပါတယ်။ ဒါဟာ ကျမတို့အတွက်တော့ တကယ့်ကို အကြီးဆုံး ပြဿနာပါ။”

စင်္ကာပူနဲ့ မလေးရှား သတင်းထောက်တွေအတွက် သက်ဆိုင်ရာသံရုံးတွေကလည်း ဒီကနေ့ လာရောက်ခဲ့ကြပါတယ်။ ထောင်ထဲမှာတော့ အမျိုးသားသုံးဦးက နေထိုင်ရတာအဆင်ပြေပြီး မလေးရှားနိုင်ငံသူ အမျိုးသမီး Ms.Mok Choy Lin ကတော့ အခြားအကျဉ်းသားတွေနဲ့ ရောနှောနေထိုင်ရတာဖြစ်လို့ အဆင်မပြေတဲ့အကြောင်း ကိုအောင်နိုင်စိုးရဲ့ မိသားစုဘက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုရဲထူးကပြောပါတယ်။

“ကျနော်သွားတွေ့တဲ့ ထောင်ဝင်စာမှာတော့ သူတို့ ၃ ယောက်ကို တိုက်တတိုက်ပေးထားတယ် ၊ ရာဇဝတ်သားတွေနဲ့တော့ ရောနှောပြီးတော့ မထားဘူးပေါ့နော် သူတို့ တော်တော်လေးအဆင်ပြေပါတယ်။ ဒီအမျိုးသမီးဖြစ်တဲ့ Ms.Mok Choy Lin နဲ့ စကားပြောတဲ့အခါမှာ သူက တခြားသော အမျိုးသမီးရာဇဝတ်သားတွေနဲ့ ထားထားတယ်ပေါ့နော်။ ည ၉ နာရီကနေ မနက် ၄ နာရီအထိ နံပတ်စဉ်ပုံစံ အော်ရတယ်၊ အဲဒီလိုပုံစံအော်ရတော့ ကောင်းကောင်းမအိပ်ရဘူးလို့ပြောတယ်။ သူ့အတွက် အဲဒါ အခက်အခဲဖြစ်တယ် လို့ပြောတယ်။ ကြာရင် သူ့ကျန်းမာရေးထိခိုက်မှာ စိုးရိမ်ရတယ်။”

ဆက်လက်စွဲဆိုခံထားရတဲ့ သွင်းကုန်ထုတ်ကုန်ဥဒေပုဒ်မ ၈ မှာ အပြစ်ရှိရင်တော့ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG