သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား ၆ ယောက် စင်ကာပူသုဿန်မှာ ဖမ်းမိ


 မြန်မာနိုင်ငံသား ၆ ယောက် စင်ကာပူသုဿန်မှာ ဖမ်းမိ (Photo: Immigration & Checkpoints Authority)
မြန်မာနိုင်ငံသား ၆ ယောက် စင်ကာပူသုဿန်မှာ ဖမ်းမိ (Photo: Immigration & Checkpoints Authority)

စင်္ကာပူနိုင်ငံက သုဿန်တခုမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို အာဏာပိုင်တွေ ဖမ်းဆီးမိခဲ့ပြီး ပြည်ဝင်ခွင့်ဗီဇာသက်တမ်း ကျော်လွန် နေထိုင်မှု အပါအဝင် လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ အရေးယူလိုက်ပါတယ်။

စင်္ကာပူလူဝင်မှု ကြီးကြပ်ရေးဌာနက မနေ့တုန်းက လှည့်လည်စစ်ဆေးနေစဉ် Choa Chu Kang သုဿန်အနီး မြန်မာအမျိုးသားတဦးကို တွေ့ရှိခဲ့ရာမှာ ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် လိုက်လံဖမ်းဆီးမိခဲ့တာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်အဖွဲ့က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဒီနောက်မှာတော့ ဖမ်းဆီးမိသူ မြန်မာအမျိုးသားက သုဿန်ဝင်းအတွင်းက ဖြစ်သလို ဆောက်လုပ်ထားတဲ့ သူနေထိုင်ရာ နေရာကို ပြသရာက နောက်ဆက်တွဲ မြန်မာအမျိုးသား ၅ ယောက်ကိုပါ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်ကနေ ၄၂ နှစ် ကြား အရွယ်တွေ ဖြစ်ကြတဲ့ မြန်မာအမျိုးသား ၆ ယောက်ဟာ သင်္ချိုင်းမှာ အုတ်ဂူကျင်းတူးတဲ့အလုပ် လုပ်နေသူတွေအဖြစ် ဝန်ခံခဲ့ကြပြီး အာဏာပိုင်တွေက အမှုကို စုံစမ်းစစ်ဆေးနေကြောင်းလည်း လူဝင်မှုကြီးကြပ်ရေးဌာန ကြေညာချက်က ဖော်ပြခဲ့တာပါ။

တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ ပြဌာန်းထားတဲ့ စင်္ကာပူနိုင်ငံမှာ ပြည်ဝင်ခွင့်ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူတွေ၊ တရားမဝင် ဝင်ထွက်သူတွေကို ထောင်ဒဏ် ၆ လနဲ့ ကြိမ်ဒဏ် ၃ ချက်အထိ အပြစ်ပေးလေ့ရှိပါတယ်။ နိုင်ငံကနေ တရားမဝင် ပြန်လည်ထွက်ခွာသူတွေကိုတော့ စင်္ကာပူဒေါ်လာ ၂ ထောင်၊ ဒါမှမဟုတ် ထောင်ဒဏ် ၆ လ၊ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ငွေဒဏ် ၂ မျိုးစလုံး ကျခံတဲ့အထိ အပြစ်ပေးနိုင်ကြောင်းလည်း စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းက ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေက အလုပ်သမားတွေ သွားရောက် အလုပ်လုပ်ကိုင်ဖို့ စိတ်ဝင်စားကြတဲ့ နိုင်ငံတခုပါ။ မြန်မာနိုင်ငံသား အများအပြားဟာလည်း စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြပြီး၊ ပုံစံအမျိုးမျိုးနဲ့ တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေလည်း ရှိကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG