သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စေတနာရှင် အနုပညာသည်တွေ AIDS ဝေဒနာရှင်တွေကို တွေ့ဆုံနှစ်သိမ့်


စေတနာရှင် အနုပညာသည်တွေ AIDS ဝေဒနာရှင်တွေကို တွေ့ဆုံနှစ်သိမ့်
စေတနာရှင် အနုပညာသည်တွေ AIDS ဝေဒနာရှင်တွေကို တွေ့ဆုံနှစ်သိမ့်

NLD လူငယ်တွေ ဦးဆောင် ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာကို ဒီကနေ့ မနက်မှာ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးကျော်သူနဲ့ တခြား အနုပညာသည်တွေက သွားရောက် အားပေးခဲ့ပါတယ်။ အခုလို ထင်ရှားတဲ့ အနုပညာသည်တွေ မမျှော်လင့်ဘဲ ရောက်လာတာကြောင့် လူနာတွေ အံအားသင့် ဝမ်းမြောက်ခဲ့ကြသလို အနုပညာရှင်တွေကလည်း လူသားချင်း စာနာစိတ်နဲ့ သူတို့ကို နွေးထွေးလုံခြုံရာ နေရာမှာပဲ ဆက်လက် နေစေချင်ကြောင်း ထုတ်ဖော် ပြောဆိုကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဖြူဖြူသင်းနဲ့ လူငယ်တွေ ဦးဆောင် ဖွင့်လှစ်ထားတဲ့ တောင်ဒဂုံမြို့နယ်က HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံပြီးတဲ့ နောက်တရက်မှာ အာဏာပိုင်တွေက ပြောင်းရွှေ့ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ လူမှုစောင့်ရှောက်ရေး ဂေဟာက လူနာတွေကတော့ တခြားနေရာကို ပြောင်းရွှေ့ရရင် ART ဆေး ပုံမှန်မရမှာနဲ့ လုံလောက်တဲ့ ကျန်းမာရေး ကူညီစောင့်ရှောက်မှု မရမှာ စိုးတာကြောင့် မပြောင်းလိုကြပါဘူး။

ဒီကနေ့ မနက်မှာတော့ ရွှေ့ပြောင်းခိုင်းတာကြောင့် စိတ်ဒုက္ခ ဖြစ်နေကြတဲ့ လူနာတွေကို အနုပညာရှင်တွေ စုစည်းပြီး သွားရောက်တွေ့ဆုံ အားပေးခဲ့ကြတယ်လို့ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီဂေဟာသွားတာ ကျနော်ရယ်၊ ကျနော့်ဇနီး ရွှေဇီးကွက်ရယ်၊ ဆရာမ ဒေါ်သန်းမြင့်အောင်ရယ်၊ ကျနော်တို့အသင်းက တချို့ပါတယ်။ နောက် အနဂ္ဂရယ်၊ သံသာဝင်းရယ်၊ အဆိုတော်ပိုင်းကပေါ့လေ။ နောက် ကျားပေါက်၊ ကျားပေါက်တို့ လင်မယားရယ်၊ နောက် ဒါရိုက်တာ မင်းထင်ကိုကိုကြီးရယ် သွားကြပါတယ်။ ကျနော်တို့ ဒံပေါက်ထမင်း သွားကျွေးတယ်၊ ရေခဲမုန့်နဲ့ ဒံပေါက်ထမင်း။ နောက် အဝတ်အစား၊ အနဂ္ဂဆို သူ့အဝတ်အစားတွေ လှူတယ်။ ကျနော်က ကျနော့်တီရှပ်တွေ လှူတယ်။ နောက် ပြည်မြို့ ရွှေပေါက်ပင် ဆရာတော်ကြီးဆီမှာ လုပ်ခဲ့တဲ့ ပန်းပေါင်းဘုရားတဆူ ကျနော်လှူခဲ့တယ်။ နောက် ဆရာတော်ကြီးရဲ့ ကျင့်စဉ်တွေ၊ အဲဒါတွေ လှူခဲ့တယ်။”

ရန်ကုန် နာရေးကူညီမှု အသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ သရုပ်ဆောင် ကျော်သူက HIV/AIDS ဖြစ်နေသူတွေကို လူသားချင်း စာနာစိတ်နဲ့ သူတို့အတွက် နွေးထွေးတဲ့ နေရာမှာပဲ ဆက်နေစေချင်တယ်လို့ ပြောပါတယ်။

“အမှန်မှာကတော့ လူသားတွေ အတွက်ပေါ့လေ၊ လူသားတွေအတွက် လိုက်နာဆောင်ရွက်ရမယ့် ကျင့်ဝတ်တွေတော့ လူသားဆန်ဆန် ကျင့်ကြံဖို့ အရေးကြီးတယ်။ ဘာလို့လဲဆို HIV လူနာတွေကလည်း လူသားတွေဖြစ်တယ်။ ကျနော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာဆိုရင် သဂြုႋဟ်ပေးရတာ လူပေါင်းစုံပဲ သဂြုႋဟ်ပေးရတာ။ ဗိုလ်ချုပ်ကြီးတွေ ဆုံးတယ်ဆိုလည်း ကျနော်တို့ သဂြုႋဟ်ပေးရတယ်။ နိုင်ငံရေးသမားတွေ ဆုံးတယ်ဆိုလည်း သဂြုႋဟ်ပေးရတယ်။ ထိုနည်းတူစွာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ ဆင်းရဲချမ်းသာမရွေး ကျနော်တို့ သဂြုႋဟ်ပေးရတယ်။

“ဒါက ကျနော်တို့က လူသားတယောက် အနေနဲ့ သတ်မှတ်ပြီးတော့ သဂြုႋဟ်ပေးရတာ။ အခု မဖြူဖြူသင်းတို့ HIV ရောဂါသည်တွေ ဆိုတာကလည်း လူသားတွေပဲ။ အဲဒါကြောင့် လူသားတွေအတွက်ကို ပြုစုစောင့်ရှောက်ဖို့က အရေးကြီးတယ်။ ဒါကြောင့် သူတို့ နွေးထွေးတဲ့ နေရာလေးမှာ သူတို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေသွားဖို့က အရေးကြီးတယ်။ သူတို့ နွေးထွေးတဲ့ နေရာမှာပဲ နေစေချင်တယ်။ ဒါက ကျနော်တို့ရဲ့ ဆန္ဒပဲ။”

HIV/ AIDS လူမှုစောင့်ရှောက်ရေး ဂေဟာကို သွားရောက်ခဲ့တဲ့ အဆိုတော် အနဂ္ဂကလည်း သူ တွေ့ကြုံခံစားရတာကို အခုလို ပြောပါတယ်။

“သူတို့က အံအားသင့်ပြီး အရမ်းပျော်ကြတာပေါ့နော်။ ကျနော်တို့ အနုပညာရှင်တွေ အနေနဲ့ သူတို့ဘက်ကနေ ရပ်တည်ပေးတယ်။ ပြီးတော့ ပြည်သူပြည်သား အနေနဲ့ သူတို့ဘက်က ရပ်တည်ပေးတယ် ဆိုတော့ သူတို့လည်း အားတက်တာပေါ့။ ကြားလာရတာ တခုကတော့ သူတို့ကတော့ ဒီနေရာမှာ သူတို့ ဆက်နေချင်တယ် ဆိုတာလည်း ကျနော်တို့ ကြားလာရတယ်။

“ကျနော်တို့ မြင်တာက သူတို့က တိုင်းတပါးက လူတွေမှ မဟုတ်တာ။ ကိုယ့် တိုင်းသူပြည်သားတွေပဲ။ နောက်တခု သူတို့က ဒုက္ခရောက်နေတဲ့ သူတွေပဲ၊ ရောဂါသည်တွေပဲ၊ ဒီလိုမျိုး ကျနော်မြင်ပါတယ်။ ပြီးတော့ ဒါတွေအကုန်လုံးကိုလည်း လူသားချင်း စာနာတဲ့စိတ် ရှိတယ်ဆိုရင် ဒါတွေ မလုပ်သင့်ဘူးလို့ပဲ ကျနော်မြင်ပါတယ်။”

HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသူ တယောက်ကတော့ အခုလို ဒုက္ခရောက်နေချိန်မှာ အနုပညာရှင်တွေ လာရောက်တဲ့အတွက် သူတို့တွေအားလုံး ဝမ်းမြောက်နေကြောင်း ပြောပါတယ်။

“ကျနော်တို့ ပြောင်းရ ရွှေ့ရမယ် ဆိုတဲ့အတွက် အကုန်လုံး စိတ်ဆင်းရဲနေတယ်လေ။ ဒုက္ခရောက်နေချိန်မှာ လာတဲ့အတွက် ပိုပြီး ဝမ်းသာတာပေါ့ဗျာ။ သူတို့လည်း လူမှုရေး အသင်းတခုကနေပြီးတော့ လာပြီးတော့ ပူးပေါင်းပြီးတော့ပေါ့နော် ဒီကိစ္စကို ဝိုင်းဝန်းဖြေရှင်းမယ် ဆိုတဲ့အကြောင်း ပြောသွားပါတယ်။ ဒါကြောင့်မို့ အားရှိတာပေါ့ဗျာ။ လူနာတွေ အကုန်လုံးက။”

အခုအခါမှာတော့ မြန်မာပြည်အနှံ့က လာရောက်ပြီး HIV/AIDS အတွက် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသူတွေကို ဒီဂေဟာမှာ ဆက်လက် နေထိုင်ဖို့အတွက် အာဏာပိုင်တွေဘက်က ဧည့်စာရင်း ထပ်မံ ထုတ်မပေးတော့ပါဘူး။ ဒီလို ထုတ်မပေးတာဟာ ရပ်ကွက်အတွင်းက တိုင်ကြားတာကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တွေက အကြောင်းပြပြီး သာကေတက အစိုးရ ဖွင့်လှစ်ထားတဲ့ ဂေဟာကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးထားပေမဲ့ လူနာတွေကတော့ မသွားလိုကြဘူးလို့ သိရပါတယ်။

ဒီလ ၂၅ ရက်နေ့အထိ တောင်ဒဂုံက ဂေဟာမှာ လူနာတွေ ဆက်လက်နေထိုင်မယ် ဆိုရင်တော့ အရေးယူမယ်လို့ အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

XS
SM
MD
LG