သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်လက်နက် မြန်မာ တတိယ အများဆုံးဝယ်ယူ


 မြန်မာ စစ်တပ်
မြန်မာ စစ်တပ်

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံထံက လက်နက်တွေကို ဝယ်ယူသုံးစွဲနေတဲ့ တတိယ အများဆုံး နိုင်ငံဖြစ်တယ်လို့ စစ်ရေးဆိုင်ရာ သုတေသန အဖွဲ့ကြီးရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလ အတွင်း တရုတ်နိုင်ငံရဲ့ လက်နက် တင်ပို့ ရောင်းချမှုက ၂ ဆ တက်လာပြီး နည်းပညာပိုင်းမှာလည်း တိုးတက်မှု ရှိလာတယ်လို့ စစ်ရေးဆိုင်ရာ သုတေသန အဖွဲ့ကြီးရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ တရုတ်ထံက လက်နက် ရဖို့ မှီခိုနေရတဲ့ အခြေအနေ ပြောင်းလဲ လာနိုင်ပါသလားဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလ အတွင်း တရုတ်ထံက တတိယ အများဆုံး လက်နက် ဝယ်ယူသူ အဖြစ် ရပ်တည်နေတယ်လို့ စစ်ရေးဆိုင်ရာ သုတေသန အဖွဲ့ကြီး Stockholm International Peace Research Institute (SIPRI) က တနလာၤနေ့ ထုတ်တဲ့ အစီရင်ခံစာ သစ်မှာ ဖော်ပြ လိုက်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် အတွင်း ၅ နှစ်တာ ကာလ အတွင်း ပြည်ပလက်နက် တင်ပို့မှု ၂ ဆနီးပါး မြင့်တက်လာပြီး နည်းပညာပိုင်းမှာလည်း တိုးတက်မှု ရှိလာတယ်လို့ SIPRI ရဲ့ အစီရင်ခံစာက ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့ တပ်မတော် တင်မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်တွေပါ တရုတ်ရဲ့ လက်နက်တွေကို အဓိက အသုံးပြုနေကြတဲ့ အခြေအနေမျိုးမှာ ရှိတယ်လို့ မြန်မာ့ အရေး သုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“ဗမာနိုင်ငံက တရုတ်ပြည်က လက်နက်တွေ တော်တော်များများ ဝယ်တယ်ဆိုတာ ကျမလည်း ကြားတော့ ကြားဖူးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်က အစောပိုင်းတုန်းက အနောက်နိုင်ငံတွေကလည်း အားလုံး ဝိုင်းပိတ်ဆို့ထားတာဖြစ်တာကိုး။တရုတ်ပြည်ကကျတော့ ဈေးနှုန်းလည်းသက်သာတယ်။ သူ့ကို အချိန်မရွေးလည်းရောင်းတော့ အများအပြား ဗမာပြည်က ဝယ်ယူတယ်ဆိုတော့ ကျမတို့သိပါတယ်။ နောက်တခုက တရုတ်ပြည်ရဲ့လက်နက်ရဲ့ ဒီဈေးကွက်က ဗမာပြည်စစ်တပ်အတွက်သာမဟုတ်ဘူး။ ဗမာစစ်တပ်ကို ဗမာအစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့ ကျမတို့ရဲ့ လူမျိုးစုတွေအတွက်လည်း သူက အဲဒီက တရုတ်ပြည်ကပဲ ဝယ်ကြပုံရတယ်။”

စစ်သံမှူးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်ကတော့ မြန်မာ့တပ်မတော် အနေနဲ့ တရုတ်ထံက စစ်လေယာဉ်တွေ အရင်က ဝယ်ယူခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ စစ်သုံးသယ်ယူပို့ဆောင်ရေး ယာဉ်တွေနဲ့ စစ်တပ် အသုံးအဆောင်လောက်သာ ဝယ်ယူတော့တဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။ မြန်မာ စစ်တပ်ရဲ့ အဆင့်အတန်းက အရှေ့တောင်အာရှ ဒေသတွင်းမှာ အတော်လေး နိမ့်ကျနေတဲ့ အနေအထားရှိပြီး ခေတ်မီ တပ်မတော် တခု ဖြစ်လာဖို့ အနောက်နိုင်ငံတွေက အဆင့်မီတဲ့ လက်နက်တွေ လိုအပ်တယ်လို့လည်း ပြောပါတယ်။”

စစ်ရေးအရတော့ ဒီ အနောက်နိုင်ငံရဲ့ လက်နက်တွေကို ကျနော်တို့ ဒီ အရှေ့ပေါ့လေ ဒီ တရုတ်တို့ ရုရှားတို့ရဲ့ လက်နက်တွေက မမှီ ပါဘူး။ ရုရှား လက်နက်က နည်းနည်း မှီကောင်း မှီမယ်။ ဒါပေမယ့် ရုရှားက အင်မတန်မှ ကျနော်တို့ စစ်ရေး အရ ပြောရရင် အပေးအယူနဲ့ ပိုက်ဆံလည်း ဈေးကြီးကြီး ပေးရတယ်ဗျာ နည်းနည်းလည်း ကန့်သတ်ချက်တွေလည်း များတယ်၊ တခါတလေကျ ညစ်တတ်တဲ့ အနေအထားမျိုးတွေလည်း ရှိကြတယ်။ အနောက်နိုင်ငံတွေ အထူးသဖြင့်တော့ NATO (မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့) က တကယ်လို့ ရံ ပေးမယ်ဆိုလို့ရှိရင်တော့ ဒါ ကျနော်တို့ ဘာဘဲ ဖြစ်ဖြစ်ပေါ့လေ ကျနော်တို့ ခုန ပြောတဲ့ တိုင်းပြည်ကို Defense (ကာကွယ်) လုပ်ဖို့ပေါ့လေ၊ ကာကွယ်ဖို့ အတွက်ကတော့ လက်နက်ကောင်းတွေ ကျနော်တို့ ရမယ့် အနေအထားမျိုး ရှိပါတယ်။

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက်ခံထားရတဲ့ မြန်မာနိုင်ငံ အနေနဲ့ စစ်ရေးဆက်ဆံရေး တရပ် ပြန်လည် ထူထောင်နိုင်ဖို့ အတွက် တပ်မတော်နဲ့ အနိုင်ရ ပါတီကြား စေ့စပ်ညှိနှိုင်းမှုတွေက အရေးကြီးတယ်လို့လည်း စစ်သံမှူးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်က ပြောပါတယ်။

“လက်ရှိပေါ့လေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ အဆင်ပြေလို့ ရှိရင်တော့ ဒီကိစ္စတွေက အဆင်ပြေသွားမယ့် အနေအထားမျိုး ရှိပါတယ်။ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကလည်း ကျနော်တို့ နိုင်ငံကို ၁၉၈၈ မတိုင်ခင်က အားလုံး လက်နက် ရောင်းပေးတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အမေရိကန် ဆိုရင် အဲဒီအချိန်တုန်းက တရုတ် ကွန်မြူနစ်ကို တိုက်ဖို့ ဆိုတဲ့ ဟာမျိုးက ကျနော်တို့ရဲ့ လေယာဉ်ကစ အမေရိကန် သုံး စစ်သုံးတွေပါ။ အခုအချိန်ထိလည်း ကျနော်တို့ တချို့ပစ္စည်းတွေမှာ ရှိနေပါသေးတယ်။ ဒါပေမယ့် Spare Parts ပေါ့လေ ကျနော်တို့ မရတဲ့ အတွက်ကြောင့် ရပ်ထားရတာတွေ ကျနော်တို့ ရှိပါတယ်။

အဲဒီတော့ ဒါက နိုင်ငံရေးနဲ့ သက်ဆိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ ဆွေးနွေးပွဲတွေ တိုင်ပင်မှုတွေက အခြေအနေ ကောင်းလာမယ်ဆိုရင် တပ်မတော်ရဲ့ အနေအထားကလည်း အနောက်နိုင်ငံရဲ့ ထောက်ခံမှုကို ရလာလိမ့်မယ်လို့ ကျနော်တို့ မြင်တယ်။ အဲသလို ထောက်ခံလာတာနဲ့ အမျှ လက်နက်လည်း အရောင်းအဝယ် ပြန်ရလာ လိမ့်မယ်လို့ ကျနော် မြင်ပါတယ် ခင်ဗျ။"

တကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက် အရောင်းအဝယ် အခြေအနေကတော့ ပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာ ၁၆ ရာခိုင်နှုန်းတိုးလာတယ်လို့ စစ်ရေးဆိုင်ရာ သုတေသန အဖွဲ့ကြီး Stockholm International Peace Research Institute (SIPRI) ရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာက ဖော်ပြပါတယ်။ အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ တရုတ် ၊ ပြင်သစ်၊ ဂျာမနီတို့က အဓိက လက်နက်က တင်ပို့မှု အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံထံက ပြီးခဲ့တဲ့ ၅ နှစ် အတွင်း လက်နက် ဝယ်ယူမှု အများဆုံးက ပါကစ္စတန် ဖြစ်ပြီး ဘင်္ဂလားဒေရှ့်နဲ့ မြန်မာတို့က ဒုတိယနဲ့ တတိယနေမှာ ရှိနေတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

XS
SM
MD
LG