သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အစည်းဝေး ရခိုင်အရေး ဆွေးနွေးဖွယ်ရှိ


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄ ရက်ကြာ စင်္ကာပူခရီးစဉ်ကို နိုဝင်ဘာ ၁၁ ရက် တနင်္လာနေ့မှာ စတင်မှာ ဖြစ်ပြီး၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းဝေးနဲ့ အကြိမ် ၂၀ မြောက် အာရှ-ပစိဖိတ်စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC အစည်းဝေးတွေကို တက်ရောက်မှာ ဖြစ်ပါတယ်။

စင်္ကာပူထိပ်သီးအစည်းအဝေးတွေကို အာဆီယံ ဆယ်နိုင်ငံခေါင်းဆောင်တွေနဲ့အတူ အမေရိကန် ဒုသမ္မတ Mike Pence၊ ရုရှားသမ္မတVladimir Putin၊ တရုတ်ဝန်ကြီးချုပ် Li Keqiang၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ပါ တက်ရောက် လာကြမယ်လို့ မျှော်လင့်ထားပါတယ်။

ဒီအစည်းဝေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို မိန့်ခွန်းပြောကြားဖို့ ရှိကြောင်းနဲ့ ဒီမိန့်ခွန်းထဲမှာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ထည့်သွင်း ပြောကြားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာန လက်အောက်က မြန်မာဆိုင်ရာ အာဆီယံဌာနရဲ့ ပြောကြားချက်ကို သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

မြန်မာ့ ခေါင်းဆောင်အနေနဲ့ ဒေသတွင်း အရေးကိစ္စတွေကို ဆွေးနွေးရာမှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံတွေထဲက မူစလင်အများစုနေထိုင်ရာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေ ဆီက ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပေမယ့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေ ဆီကတော့ ဝေဖန်မှုတွေနဲ့တော့ သိပ်ကြုံစရာမရှိဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ ရခိုင်ပြည်နယ်အခြေနေနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်လို့ မျှော်လင့်ရသလို စင်္ကာပူကတော့ အလှည့်ကျသဘာပတိ အနေနဲ့ ဒီလိုဆွေးနွေးမှုကို ထောက်ခံကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ရိုက်တားစ်သတင်းမှာ ဖေါ်ပြထားပါတယ်။ အဓိကအနေနဲ့ ဒါဟာ မြန်မာအစိုးရရဲ့တာဝန်ဖြစ်ပြီး ဒီအခြေနေတွေနဲ့ ပတ်သက်တဲ့ ရေရှည်နိုင်ငံရေးအဖြေကို အဖွဲ့ဝင်နိုင်ငံတွေ ပြည့်ပြည့်ဝဝ နားလည်အောင် ရှင်းပြဖို့ ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဌာန ပြောခွင့်ရက ရိုက်တားစ် ကို အီးမေးလ်နဲ့ ဖြေကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

NLD ပါတီပြောခွင့်ရ ဦးမျိုးညွန့်ကတော့ ဒီအစည်းဝေးမှာ မြန်မာဘက်က အခြေနေတွေကို ရှင်းပြမှာ ဖြစ်ကြောင်းပြောကြားခဲ့သလို အမြင်ကွဲပြားမှုတွေကို လက်ခံပေမယ့် မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အခြေနေတွေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ကို ချရတာ ဖြစ်သလို တချို့ကိစ္စတွေမှာ မကိုင်တွယ်နိုင်တာတွေ ရှိတာကို နားလည်စေချင်ကြာင်း ပြောကြားခဲ့တယ်လို့ ရိုက်တားစ် သတင်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG